ဂျပန်နှင့်ပွဲတွင် ပရိတ်တွေပျော်ရွှင်ရအောင် ကြိုးစားမည်ဟု မြန်မာအသင်းနည်းပြချုပ်ပြော

ဂျပန်နှင့်ပွဲတွင် ပရိတ်တွေပျော်ရွှင်ရအောင် ကြိုးစားမည်ဟု မြန်မာအသင်းနည်းပြချုပ်ပြော
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ စက်တင်ဘာလ ၉ ။        ။ စက်တင်ဘာလ ၁ဝရက်နေ့တွင် ဂျပန်အသင်းနှင့်ယှဉ်ပြိုင်ရမည့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်းပရိသတ်များ ပျော်ရွှင်မှုရအောင် ကြိုးစားသွားမည်ဟု မြန်မာအသင်း၏ နည်းပြချုပ် မီရိုဒရပ် ရာဂျူလိုဗစ်က ပြောသည်။

အဆိုပါပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

"စင်ကာပူ၊မွန်ဂိုလီးယားတို့မှာ ပြခဲ့ဖူးတဲ့ ခြေစွမ်းကောင်း၊ ပုံစံကောင်းကိုပဲ မနက်ဖြန်ပွဲမှ ရအောင် ပြန်လုပ်မယ်။ အဲဒီအတိုင်းပဲ ကောင်းကောင်းကစားမယ်။ ပရိတ်သတ်တွေပျော်ရွှင်ရအောင် မြင်ရတဲ့အနေအထားမျိုးရအောင် ကြိုးစားပါမယ်။ရလဒ်ကောင်း ရအောင် ကြိုးစားပါမယ် " ဟု မြန်မာအသင်း၏ နည်းပြချုပ် မီရိုဒရပ် ရာဂျူလိုဗစ် က ပြောသည်။

မြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဂျပန်လက်ရွေးစင်အသင်းတွင် နာမည်ကျော်ကစားသမားများ အဖြစ် အီဂျီ ကာဝါရှီမာ ၊ မာယာ ယိုရှီဒါ ၊ ယူတို နာဂါတိုမို ၊ ဟာရာဂူချီ ၊ အိုဆာကို ၊ တာကူမီ မီနာမီနို ၊ ၀ါတာရူအန်ဒို ၊ ဟီရိုကီ ဆာကီ ၊တာကီဖူဆာ ကူဘို ၊ ရစ်ဆု ၊ဒိုရန် ၊ ရှိုယာ နာကာဂျီမာ တို့ ပါဝင်လာကြောင်း သိရသည်။

"ရာသီဥတု ဆိုးရင်လည်း ဆိုးမယ် ၊မိုးရွာ ရင်လည်း ရွာမယ်။ ကစားနေကြစတိုင်တိုင်း ပွဲကို ကစား ပါမယ်။ တစ်ချို့ကစားသမားတွေလည်း လိုက်လျောညီထွေပြောင်းလဲပြီးတော့ ရာသီဥတုကြမ်းကြမ်း ဆိုးဆိုး လိုက်လျောညီထွေ ကစားနိုင်ပါတယ်" ဟု ဂျပန်လက်ရွေးစင် အသင်းနည်းပြချုပ် ဟဂျီမီ မိုရီယာဆု က မီဒီယာများကို ပြောဆိုသည်။

အဆိုပါပွဲစဉ်ကို စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်တွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လက်မှတ်များကိုလည်း ရောင်းချပေးနေပြီဖြစ်သည်။

မြန်မာလက်ရွေးစင်အသင်းသည် စက်တင်ဘာလ ၅ ရက်နေ့က ကမ္ဘာ့ဖလား ခြေစစ်ပွဲဒုတိယ အုပ်စုအဖွင့်ပွဲ အဖြစ် မွန်ဂိုလီးယားအသင်း နှင့် အဝေးကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ရ (၀-၁) ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယပွဲစဉ် အဖြင့် ဂျပန်အသင်းနှင့် အိမ်ကွင်းတွင် လက်ခံကစားရမည် ဖြစ်သည်။ ထို့နောက် အောက်တိုဘာလ ၁၀ ရက်နေ့ တွင် ကာဂျစ်စတန်လက်ရွေးစင်အသင်းကို အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly