အတိုက်အခံ NLD အမတ်လောင်းများ ကိုကိုးကျွန်းသို့ အောက်တိုဘာ ၂၀ တွင် သွားခွင့်ရပြီ

အတိုက်အခံ NLD အမတ်လောင်းများ ကိုကိုးကျွန်းသို့ အောက်တိုဘာ ၂၀ တွင် သွားခွင့်ရပြီ

ရန်ကုန်၊ အောက်တိုဘာ ၁၄ ။ ။ အတိုက်အခံကိုယ်စားလှယ်လောင်းများအနေဖြင့် အောက်တိုဘာ ၂၀ ရက်တွင် ကိုကိုးကျွန်းသို့ မဲဆွယ်စည်းရုံးရန် သွားခွင့်ရရှိပြီဟု ကိုကိုးကျွန်း NLDအမတ်လောင်း ဦးဝင်းမင်းက မဇ္ဈိမကိုပြောသည်။

"နေ့ခင်းလောက်က အစိုးရအဖွဲ့ အတွင်းရေးမှူးက ၂၀ရက်နေ့သွားခွင့်ရမည်လို့ အကြောင်းကြားတယ်။ သင်္ဘောနဲ့ပါ။ ကျွန်တော်တို့ ၁၀ဦးသွားမယ်။ ကိုယ်စားလှယ် ၃ ဦးရယ်၊ ပါတီဝင်နဲ့ ကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ်တွေပါမယ်။" ဟု ၎င်းက အောက်တိုဘာ ၁၄ရက်တွင် ပြောသည်။

ကိုကိုးကျွန်းသို့ သွားရောက်ရမည့် အစီအစဉ်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးက ဦးဝင်းမင်းထံသို့ တယ်လီဖုန်းမှ တဆင့် အသိပေးခဲ့ခြင်းဖြစ်သည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပိုင် ခရီးသည်တင် သဘောၤဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကာ၊ လိုက်ပါလိုသူများ အနေဖြင့် တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (သန်လျင်) မှတစ်ဆင့် ကိုကိုးကျွန်းမြို့နယ်ရုံးသို့ အသိပေး အကြောင်းကြားရမည်ဟု တောင်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးက မဇ္ဈိမကို ပြောသည်။

"ရေကြောင်းက သင်္ဘောနဲ့ တိုင်းအစိုးရက စီစဉ်ပြီး အထူးအစီအစဉ်နဲ့ ပြေးဆွဲပေးတာပါ။ လိုက်ပါမယ့်သူတွေက ကျွန်တော်တို့ဆီကိုတင်ရင် ကျွန်တော်တို့ကတစ်ဆင့် တိုင်းအစိုးရကို လိုက်ပါနိုင်ဖို့ ထပ်ပြီးတင်ပေးမှာပါ။ ဈေးနှုန်းကတော့ ကျွန်တော်တို့မသိဘူး။" ဟု ၎င်းကပြောကြားသည်။

မဲဆွယ်စည်းရုံးရေး စတင်ခွင့်ရှိသည့် စက်တင်ဘာ ၈ရက်မှ စ၍ ကိုကိုးကျွန်းသို့ သွားရောက်နိုင်ရန် NLD အမတ်များက သုံးကြိမ်တိုင်တိုင် ခွင့်တောင်းခဲ့သော်လည်း ခွင့်ပြုသည်ဟုသာဆိုပြီး သွားလာနိုင်ရေးအတွက် တိုင်းအစိုးရက စီစဉ်ပေးခဲ့ခြင်းမရှိဟုသိရသည်။

အပတ်စဉ်အင်္ဂါနေ့တိုင်း ပြေးဆွဲပေးနေသည့် လေယာဉ်ခရီးစဉ်ဖြင့်လည်း NLD များအနေဖြင့် လိုက်ပါခွင့် မရရှိခဲ့သော်လည်း ပြည်ခိုင်ဖြိုးမှ သူရဦးသက်ဆွေကမူ စက်တာဘာ ၂၂ရက်တွင် ကိုကိုးကျွန်းသို့ အဆိုပါလေယာဉ်ဖြင့် ရောက်ရှိပြီး မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ကာ အောက်တိုဘာ ၆ရက်တွင် ရန်ကုန်သို့ ယင်းလေယာဉ်ဖြင့်ပင် ပြန်လည်ရောက်ရှိသည်ဟု ကိုကိုးကျွန်းနေဒေသခံနှင့် NLD အမတ်များထံမှ သိရသည်။

အောက်တိုဘာ ၂၀ရက်မှသာ သွားရောက်နိုင်သဖြင့် NLD များအနေဖြင့် မဲဆွယ်စည်းရုံးရန် ရက်ပေါင်း ၁၅ ရက်ကျော်သာ ကျန်ရှိတော့သည်။ ကိုကိုးကျွန်းသည် ရန်ကုန်နှင့် ရေမိုင် ၂၆၀ ကွာဝေးပြီး စက်တပ်သဘောၤများဖြင့် သွားရောက်ပါက အနည်းဆုံး နာရီ ၃၀ မှ အများဆုံး ၃၆နာရီအထိ ကြာမည်ဖြစ်သဖြင့် အသွားအပြန် လမ်းပေါ်တွင် ၃ ရက်ကြာမည်ဖြစ်ဟု ဒေသခံများထံမှ သိရသည်။

ကိုကိုးကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်နေရာကို NLD အမတ်လောင်း ဦးဝင်းမင်းနှင့် ပြည်ခိုင်ဖြိုးမှ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးသက်ဆွေ တို့သာ ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

ယင်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ နှင့် ၂ တို့အတွက် NLD မှ ဦးကျော်သူနှင့် ဦးဝင်းကိုကိုဝင်း၊ ပြည်ခိုင်ဖြိုးမှ ဦးတင်ဝင်းနှင့် ဦးအောင်နိုင်၊ အမျိုးသားဒီမိုကရေစီပါတီသစ် NNDP မှ ဦးနေဝင်းသန်းတို့ အသီးသီး ဝင်ပြိုင်ကြမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly