ဒေါက်တာခလမ်ဆမ်ဆွန်အား တရားစွဲဆိုထားမှု တပ်ဘက်မှ ပြန်ရုတ်သိမ်း

ဒေါက်တာခလမ်ဆမ်ဆွန်အား တရားစွဲဆိုထားမှု တပ်ဘက်မှ ပြန်ရုတ်သိမ်း
KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံခဲ့စဉ်။ White House Video

ရန်ကုန်၊ စက်တင်ဘာ ၉ ။            ။ အမေရိကန်သမ္မတနှင့် တွေ့ဆုံစကားပြောဆိုခဲ့သည့် KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်အား အရေးယူပေးရန် ဒုဗိုလ်မှူးကြီးသန်းထိုက်က တရားလိုပြု ဦးတိုက်လျှောက်ထားခဲ့သည့်အမှုကို တရားလို ကိုယ်တိုင် မြစ်ကြီးနားမြို့နယ်တရားရုံးတွင် စက်တင်ဘာ ၉ ရက်က အမှုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

“ ဒီနေ့ ကိုးရက်၊ ကိုးလ၊ ၂၀၁၉ ရက်မှာ အမှုလျှောက်ထားသူ ဒုတိယဗိုလ်မှူးကြီးသန်းထိုက်က အမှုကို ကျေအေးရုတ်သိမ်းပေးပါဆိုပြီး လျှောက်ထားတာ။ ကျွန်တော်တို့ရုံးမှာ က ဒီနေ့ပဲ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၄၅ /၂ အရ  ကျေအေးခွင့် ပြုပြီးတော့ ၃၄၅/၆အရ စွပ်စွဲခံရသူ ဒေါက်တာခါလမ်ဆွမ်ဆွန်အား အပြီးပြတ် လွှတ်လိုက်ပြီ ဖြစ်ပါတယ် ” ဟု မြစ်ကြီးနားမြို့နယ်တရားရုံးမှ ပြန်ကြားရေးအရာရှိက မီဒီယာများကို ပြောဆိုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည့် စကားများနှင့် ပတ်သက်၍ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်အား အမှုဖွင့်ပေးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးသန်းထိုက်က သြဂုတ်လ ၂၆ ရက်နေ့က မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက် ထားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၇ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ အိမ်ဖြူတော်၌ သမ္မတဒေါ်နယ်ထရမ့်က ဘာသာ ရေးအရ ဖိနှိပ်ခံရမှုများရှိနေသည့် အီရန်၊ အီရတ်၊ လစ်ဗျားနိုင်ငံတို့မှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံ စဉ် ဒေါက်တာ ခလမ်ဆမ်ဆွန်သည်လည်း မြန်မာနိုင်ငံမှ ဘာသာရေးခေါင်းဆောင် ကိုယ်စားလှယ်တစ်ဦး အနေဖြင့် ပါဝင်တွေ့ဆုံခွင့် ရခဲ့သည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်က အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ခရစ်ယာန်များ အပေါ် တပ်မတော်က ရက်ရက်စက်စက် နှိပ်ကွပ်နေကြောင်း၊ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ရန် အခွင့်အရေးလည်း မရကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များက တပ်မတော်ကို ခုခံတိုက်ခိုက် နေရကြောင်း၊ ထို့ကြောင့် အမေရိကန်အစိုးရအနေဖြင့် လူနည်းစုတိုင်းရင်းသားခေါင်းဆောင်များကို ဒီမိုကရေစီ၊ ဖက်ဒရယ်လစ်ဇင် အောင်မြင်ရေးအတွက် အကူအညီပေးရန် တောင်းဆိုခဲ့သည်။

ထို့ပြင် တပ်မတော်ထိပ်ပိုင်းတာဝန်ရှိသူများကို အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်သည့် အပေါ်တွင်လည်း သိပ်ကိုကျေးဇူးတင်ကြောင်း ၎င်းက ပြောဆိုခဲ့သည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required