အဂတိဖြင့် အတိုင်ခံရသော အင်းစိန် BPI ဆေးဝါးစက်ရုံမှူးအမှု ရမန်ယူ

အဂတိဖြင့် အတိုင်ခံရသော အင်းစိန် BPI ဆေးဝါးစက်ရုံမှူးအမှု ရမန်ယူ
ဓာတ်ပုံ - သူရ ( မဇ္စျိမ )

ရန်ကုန်၊ စက်တင်ဘာ ၉ ။       ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် တရားစွဲဆိုခံထားရသည့် အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်အား အင်းစိန်မြို့နယ်တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် လာမည့် စက်တင်ဘာ ၁၉ ရက်နေ့ကို ရမန်ပြန်ပေးလိုက်သည်။

စက်ရုံမှူးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တရားလိုပြုလုပ်တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်သည် ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန် ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဝယ်ယူခြင်းမရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟုဆိုကာ နိုင်ငံတော်၏ ငွေကြေးနှင့်ပစ္စည်းကို ထိခိုက်နစ်နာဆုံးရှုံးစေသည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အင်းစိန်မြို့မရဲစခန်းတွင် အမှုဖွင့်ထားခဲ့ခြင်း ဖြစ်သည်။

ယနေ့ စက်တင်ဘာ ၉ ရက်တွင် အင်းစိန်မြို့နယ်တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်ခဲ့ခြင်း ဖြစ်ပြီး ရုံးထုတ်တွင် BPI ဆေးဝါးစက်ရုံဝန်ထမ်းများက ဖမ်းဆီးစစ်ဆေးခံနေရသော စက်ရုံမှူးဘက်မှ လာရောက်ဝန်းရံခဲ့သည်ကို တွေ့ရသည်။

"ကိုယ်ကျိုးမဖက် -BPI အတွက် ဆောင်ရွက်တဲ့ စက်ရုံမှူးကို ဝန်းရံဖို့ စက်ရုံဝန်ထမ်းများ" ဆိုသည့်စာသားများပါ စာရွက်ကိုင်ဆောင်ပြီး ဝန်ထမ်း ၁၀၀ ကျော် လာရောက်ဝန်းရံခဲ့ကြသည်ကို တွေ့ရှိရသည်။

'တိုင်တဲ့အပေါ်မှာတော့ မှန်မှန်ကန်ကန် တကယ်အာဏာရှိတဲ့သူတွေ အမိန့်အာဏာရှိတဲ့သူတွေကို သေချာ စစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ စက်ရုံမှူးအတွက်တော့ ကျွန်တော်တို့ စက်ရုံမှူးကို ကျွန်တော်တို့ ယုံကြည် တယ်။ ဝန်ထမ်းတွေအားလုံးကလည်း ယုံကြည်တယ်။ စက်ရုံမှူးက ဘာမှမဟုတ်တာ မလုပ်ဘူး၊ မကောင်းတာ မလုပ်ဘူး။ စက်ရုံအတွက် ကောင်းကျိုးဖြစ်တဲ့ဟာတွေပဲ လုပ်တဲ့ စက်ရုံမှူးဖြစ်ပါတယ်ဆိုတာတော့ ပြောချင် ပါတယ်။ သူ့အ ထက်မှာ စက်ရုံမှူးထက်ကြီးတဲ့သူတွေ ရှိပါတယ်။ စက်ရုံမှူးထက်ကြီးတဲ့သူက တာဝန်ပေးလို့ သို့မဟုတ် အမိန့် ပေးလို့ သူလုပ်ဆောင်တယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ စက်ရုံမှူးက အင်မတန် ရိုးသား တယ်။ စကားလည်း ကျယ်ကျယ်မပြောဘူး၊ မောက်မောက်မာမာ မပြောဘူး။ ယဉ်ယဉ်ကျေးကျေးနဲ့ မိကောင်း ဖခင် သားသမီးလည်း ဖြစ်တယ်'' ဟု BPI ဆေးဝါးစက်ရုံစီမံခန့်ခွဲရေးဌာန အလုပ်ရုံစုမှူး ဦးထွန်းထွန်းနိုင်က ပြောသည်။

BPI ဆေးဝါးစက်ရုံ(အင်းစိန်)သည် ခေတ်မီဆေးဝါးထုတ်လုပ်မှုအတွက် အဆောက်အအုံများ ဆောက်လုပ် ထားပြီး ဆေးဝါးများထုတ်လုပ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ ကာကွယ်ရေးဝန်ကြီးဌာန စသည့် အစိုးရဌာနဆိုင်ရာများကို ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ သည် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required