ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် မကြာခင် ရာထူးကနေ မဖြစ်မနေ နုတ်ထွက်သွားရနိုင်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် မကြာခင် ရာထူးကနေ မဖြစ်မနေ နုတ်ထွက်သွားရနိုင်

စက်တင်ဘာ ၈ ။       ။ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ကတော့ မကြာမီ ရာထူးကနေ မဖြစ်မနေ နုတ်ထွက်ရမယ့် ကိန်းဆိုက်နေပါတယ်။ ဘာကြောင့်ပါလဲ။

ဂျွန်ဆင်ကတော့  သဘောတူညီချက် ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ လာမယ့် အောက်တိုဘာ ၃၁ မှာ ယူကေကို ဥရောပသမဂ္ဂကနေ နုတ်ထွက်စေမယ်လို့ ကတိပြုရင်းနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ယခုသီတင်းပတ်မှာတော့ Brexit ကို သုံးလ နောက်ဆုတ်စေရေး ရည်ရွယ်တဲ့ ဥပဒေတစ်ရပ်ကို ပါလီမန် အတိုက်အခံ အမတ်တွေက  အတည်ပြုလိုက်ပြီးနောက်မှာတော့ အထက်ပါ အစီအစဉ်က ပျက်ပြားသွားခဲ့ရပါတယ်။

ယင်းအချိန်မှာ ဗြိတိန်ရဲ့ စီစဉ်ထားတဲ့ နုတ်ထွက်ရက် မတိုင်ခင် ရွေးကောက်ပွဲတစ်ရပ် စောလျင်စွာ ကျင်းပဖို့ တိုက်တွန်းလုပ်ဆောင်ရင်း အထက်ပါ ဥပဒေကို ပျက်ပြယ်စေဖို့ ဂျွန်ဆင်က အားချင်း ကြိုးပမ်းခဲ့ပါသေးတယ်။

သို့ပေမယ့်လည်း ဂျွန်ဆင်ရဲ့ တောင်းဆိုချက်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်မှာပဲ အတိုက်အခံပါတီတွေက ဗီတိုအာဏာသုံးပယ်ချဖို့ သဘောတူခဲ့ကြပါတယ်။

ယင်းအတွက်ကြောင့် ဂျွန်ဆင်ရဲ့ အစီအစဉ်တွေက လမ်းဆုံးသလို ဖြစ်ခဲ့ရပြီး ၎င်းအနေနဲ့ မကြာမီကာလအတွင်း ဆိုးဝါးတဲ့ ရွေးချယ်စရာ နည်းလမ်းနှစ်ခုထဲဲက တစ်ခုကို မဖြစ်မနေ ရွေးရဖို့သာ ရှိနေပါတယ်။

ပထမ ရွေးချယ်စရာ နည်းလမ်းတစ်ခုကတော့ အောက်တိုဘာ ၃၁ ရက်မှာ ယူကေကို အီးယူကနေ နုတ်ထွက်စေမယ် ဆိုတဲ့ ၎င်းရဲ့ ကတိကဝတ်ကို ချိုးဖောက်ဖို့ ဖြစ်ပါတယ်။

ယခု အပတ်ထဲ အတိုက်အခံ ပါလီမန်အမတ်တွေ ပြဌာန်းခဲ့တဲ့ ဥပဒေတစ်ခုအရ  ဆိုရင် အောက်တိုဘာ ၁၆ ရက်မှာ ဝန်ကြီးချုပ်ဘယ်သူပဲဖြစ်နေပါစေ Brexit ကို သုံးဆ နောက်ဆုတ်စေဖို့ အစီအစဉ်ကို မဖြစ်မနေ ထုတ်ပြန်တောင်းဆိုရဖို့ ရှိနေတာဖြစ်ပါတယ်။

ရွေးကောက်ပွဲ စောစီးစွာ မကျင်းပနိုင်ဘူးဆိုရင် ဂျွန်ဆင်အနေနဲ့ ဒီ ဥပဒေကို ပယ်ဖျက်နိုင်မယ့် မျှော်လင့်ချက် ရှိတော့မှာမဟုတ်ပါဘူး။ ဒီတော့ တစ်ခြား ဘာမှ မပြောင်းလဲဘူးဆိုရင် ဂျွန်ဆင်အနေနဲ့ အောက်တိုဘာ ၃၁ ရက်မှာ Brexit ကို အပြီးသတ်မယ်ဆိုတဲ့ ၎င်းရဲ့ကတိကို မတည်နိုင်တော့ပါဘူးဆိုပြီး မဖြစ်မနေ ချိုးဖျက်ရတော့မှာ ဖြစ်ပါတယ်။ ဒီလို လုပ်မယ်ဆိုရင်လည်း Brexit မဲပေးသူတွေအကြား ၎င်းအပေါ် ထောက်ခံမှု ပြိုလဲသွားရဖို့ ရှိနေသလို ၎င်းရဲ့ ပါတီတွင်းမှာလည်း ခေါင်းဆောင်းပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေအထိ ဖြစ်လာစေနိုင်ပါတယ်။

ဒုတိယ တစ်နည်းကတော့  ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ခြင်း ဖြစ်ပါတယ်။

အတိုက်အခံ ပါတီတွေဘက်က ဂျွန်ဆင်ကို အောက်တိုဘာ ရွေးကောက်ပွဲ ကျင်းပခွင့် မပေးဘူးဆိုရင်၊ နောက်ပြီး Brexit နဲ့ ပတ်သက်လို့ ပေးထားတဲ့ ကတိကို မချိုးဖျက်နိုင်ဘူးလို့ ၎င်း ဆုံးဖြတ်လိုက်မယ်ဆိုရင် ဂျွန်ဆင်အနေနဲ့ တစ်ခြား ရွေးချယ်စရာ မရှိသလောက်ဖြစ်ရဖို့ ရှိနေပါတယ်။

ဒီလို အခြေအနေတွေအောက်မှာ ဂျွန်ဆင်အနေနဲ့ ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ဖို့သာ ရွေးစရာ ရှိလာလိမ့်မယ်လို့ အဆင့်မြင့်ဝန်ကြီးတစ်ဦးက The Times ကို ယခုအပတ် အစောပိုင်းက ပြောပါတယ်။

ဒီလိုသာ ဂျွန်ဆင် ရာထူးကနေ ဆင်းသွားခဲ့မယ်ဆိုရင်တော့ အတိုက်အခံ ပါတီတွေဘက်က အစိုးရတစ်ရပ် ဖွဲ့နိုင်ဖို့ လမ်းပွင့့်သွားမှာဖြစ်ပါတယ်။ ကွန်ဆာတေးဗစ် အမတ် Phillip Lee ဘက်ပြောင်းသွားမှု၊ ယခုအပတ်ထဲ ပါလီမန် ကွန်ဆာတေးဗစ် အမတ် ၂၁ ဦးကို ထုတ်ပယ်ဖို့ ဂျွန်ဆင်ဘက်က ဆုံးဖြတ်ခဲ့မှု တို့ကြောင့် ဝန်ကြီးချုပ်အနေနဲ့ အောက်လွှတ်တော်ထဲမှာလည်း အများစုအင်အား ရှိတော့မှာ မဟုတ်ပါဘူး။

အကယ်၍ ဂျွန်ဆင်သာ နုတ်ထွက်သွားမယ်ဆိုရင် ဘုရင်မကြီးအနေနဲ့ ရွေးချယ်စရာ သိပ်ရှိတော့မှာမဟုတ်ဘဲ အတိုက်အခံပါတီတွေကို အစိုးရဖွဲ့ခိုင်းဖို့သာ ရှိနေပါတယ်။ ယင်းအတိုင်းသာဆိုရင် ဂျွန်ဆင်ဟာ အတိုက်အခံ ခေါင်းဆောင်ဖြစ်လာဖို့ ရှိနေပြီး အတိုက်အခံဘက်က ရွေးချယ်မယ့် ဝန်ကြီးချုပ်သစ်က လွှဲပြောင်းဦးဆောင်ရဖို့ ရှိနေပါတယ်။

 

ဒီတိုင်းဆက်ဖြစ်မယ်ဆိုရင် အကြီးဆုံး အတိုက်အခံ ပါတီ ခေါင်းဆောင် ဂျရမီး ကော်ဘင်က ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ် ဖြစ်လာပါလိမ့်မယ်။

၎င်းကို ဝန်ကြီးချုပ်အဖြစ် ယာယီဖြစ်စေဖို့ကိုတော့ တစ်ခြားသော အတိုက်အခံ ပါတီတွေက ဆန္ဒရှိမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် Brexit ကို နောက်ဆုတ်ဖို့ကို လုပ်ဆောင်ပြီးတာနဲ့ ရွေးကောက်ပွဲတစ်ရပ် စောစောစီးစီး ခေါ်ပေးမယ်လို့ ကတိပြုမယ်ဆိုရင်တော့ သီအိုရီနည်းအရ ကော်ဘင်ကို ဝန်ကြီးချုပ်ဖြစ်စေဖို့ ၎င်းတို့ သဘောတူနိုင်ဖို့ ရှိပါတယ်။

ကော်ဘင်အနေနဲ့လည်း တစ်ခြား အတိုက်အခံ နိုင်ငံရေးသမားတစ်ဦးကို ယင်းနေရာကို ဝင်ဖြည့်ဖို့အတွက် သဘောတူနိုင်ခြေ ရှိပါတယ်။

ကော်ဘင်အတွက်ကတော့ အထက်ပါ အခြေအနေအရ သဘောတူညီချက် မပါတဲ့ Brexit ကို တားဆီးနိုင်ဖို့ ရှိသလို ဝန်ကြီးချုပ် ရာထူးပါ ရနိုင်မယ့် အနေအထားတစ်ရပ် ဖြစ်ပါတယ်။ နောက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရင် အနိုင်ရဖို့ကိုလည်း မျှော်လင့်နိုင်ဦးမှာ ဖြစ်ပါတယ်။

ဂျွန်ဆင်ဘက်က ကြည့်ပြန်ရင်လည်း ယခု အခြေအနေမှာ လေဘာအုပ်စုကို အပြစ်တင်ရင်း ၎င်းရဲ့ ကတိကဝတ်ကို ချိုးဖျက်ခြင်းကနေ ရှောင်ရှားသွားနိုင်ပါတယ်။ ယင်းနောက် နောက် ရွေးကောက်ပွဲမှာ နိုင်ဖို့ အကောင်းဆုံး အနေအထားမှာလည်း ရှိသွားစေနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဆက်လက်စောင့်ကြည့်သွားရဖို့ သာရှိပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly