ခရိုင်အဆင့်လူငယ်ရေးရာကော်မတီဖွဲ့စည်းနိုင်ရန် ရွေးကောက်ပွဲ ပြုလုပ်

ခရိုင်အဆင့်လူငယ်ရေးရာကော်မတီဖွဲ့စည်းနိုင်ရန် ရွေးကောက်ပွဲ ပြုလုပ်
ဓာတ်ပုံ - ကရိုင်နူးရာ

ရန်ကုန် စက်တင်ဘာ ၇ ။         ။ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်အတွက် လူငယ်ရေးရာကော်မတီ ဖွဲ့စည်းနိုင်ရန် ရွေးကောက်ပွဲကို စက်တင်ဘာလ ရရက်နေ့က ဗိုလ်တစ်ထောင် အ.ထ.က ၆ တွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပိုမိုကျယ်ပြန့်အားကောင်းစွာ သိရှိ ဆောင်ရွက်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်တီက ဦးစီးသည့် မြန်မာနိုင်ငံလူငယ် ရေးရာမူဝါဒ အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။

''လူငယ်ရေးရာ ကော်မတီကို ပြည်ထောင်စုအဆင့်အထိ ပေါ်ပေါက်လာအောင် လုပ်ခဲ့ပြီးပြီ။ တိုင်းဒေသအဆင့် အထိလည်း ပေါ်ပေါက်ခဲ့ပြီးပြီ။ ပြည်သူလူထုနဲ့ တကယ်ပူးပေါင်းဆောင်ရွက်ပြီးတော့ လူငယ်တွေကြားထဲထိ ပိုပြီး ပြန့်နှံ့ရောက်ရှိဖို့က မြို့နယ်အဆင့်ထိ ဖွဲ့စည်းနိုင်ရင် လူငယ်တွေကြားထဲထိ ပိုပြီးတော့ လက်လှမ်းမှီမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခရိုင်အဆင့်ကို စတင်ဖွဲ့စည်းရတာ ဖြစ်တယ်။''ဟု ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ ပြည်ထောင်စုကိုယ်စားလှယ် ကိုထက်ပိုင်စိုးက ပြောသည်။

ထို့အပြင် ခရိုင်အဆင့်လူငယ်ရေးရာကော်မတီ ဖွဲ့စည်းခြင်းကြောင့် လူငယ်ရေးရာမူဝါဒရေးဆွဲရာတွင် ပိုမိုအား ကောင်းလာစေရန် ရည်ရွယ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ဆင့်အတွက် လူငယ်ရေးရာကော်မတီကို ၂၀၂ဝခုနှစ် မတိုင်ခင် ဖွဲ့စည်းပေးနိုင်ရန် ကြိုးပမ်းနေပြီး လူငယ်ရေးရာကော်မတီဖွဲ့စည်းရာတွင် လူငယ် ၆ဝရာခိုင် နှုန်း နှင့် ဌာနဆိုင်ရာအဖွဲ့အစည်း ၄ဝရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းရသည်ဟု သိရသည်။  

''ရန်ကုန်တိုင်းအတွက် ရွေးချယ်ပေးတယ်။ နောက်ရက်တွေမှာလည်း တစ်ခြားမြို့နယ်၊ ခရိုင်တွေအတွက် ဖွဲ့စည်းပေးနိုင်ဖို့ ဆက်လက်ဆောင်ရွက်ပေးမယ်။ မူဝါဒထဲမှာပါတဲ့ စံသတ်မှတ်ချက်တွေအတိုင်း ရွေးချယ်ပေး သွားမှာပါ။ မူဝါဒထဲမှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ရွေးချယ်ထားတဲ့အတွက် ကောင်းမွန်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်လာမယ်လို့ ယုံကြည်တယ်'' ဟု ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေး နှင့် ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် ဒေါ်အေးမာဦးက ပြောသည်။

လူငယ်ရေးရာကော်မတီသည် လူငယ်ရေးရာမူဝါဒရေးဆွဲရာ၌ အစိုးရနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် အတွက် ပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟု ဆိုသည်။

''လူငယ်ရေးရာမူဝါဒအကြောင်းကို ကျွန်တော်တို့ ပြောနေကြတော့ တဖြည်းဖြည်းနဲ့တော့ လူပိုသိလာတယ်။ လူ ငယ်ရေးရာမူဝါဒဆိုတဲ့ စကားလုံးကို ကျော်လွန်ပြီးတော့ မူဝါဒက ဘာတွေလဲ၊ မူဝါဒထဲမှာ ပါတာတွေက ဘာလဲ၊ မူဝါဒက ဘာတွေလုပ်ရမှာလဲဆိုတာတွေ ပိုပြီးသိဖို့ အချင်းချင်း ပိုပူးပေါင်းဖို့ လိုပါတယ်။ ယုံကြည်မှုတွေ တိုးမြင့်ဖို့ လိုတယ်။ အလုပ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ဖို့လည်း ဖိတ်ခေါ်ပါတယ််"ဟု ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ ပြည်ထောင်စုကိုယ်စားလှယ် ကိုထက်ပိုင်စိုးက ပြောသည်။

အဆိုပါအခမ်းအနားတွင် ကဏ္ဍအသီးသီးမှ လူငယ်များသည် လူငယ်ရေးရာကော်မတီဝင်များရဲ့ စံသတ် မှတ်ချက်၊ လုပ်ငန်းလမ်းညွှန်များကို ဆွေးနွေးအတည်ပြုခဲ့ကြပြီး အရှေ့ပိုင်းခရိုင် လူငယ်ရေးရာကော်မတီ အဖွဲ့ဝင် နေရာအတွက်လည်း ဝင်ရောက်ရွေးချယ်ခံခဲ့ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly