အင်းစိန် BPI စက်ရုံမှူးကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးထား

အင်းစိန် BPI စက်ရုံမှူးကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးထား

ရန်ကုန် ၊ စက်တင်ဘာ ၇ ။         ။ အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အင်းစိန်မြို့မ ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေသည်ဟု အင်းစိန်မြို့မ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက မဇ္စျိမသို့အတည်ပြု ပြောဆိုသည်။

“အချက်အလက်တွေကတော့ ဘာမှမသိရသေးဘူး။ အမှုဖွင့်ထားတယ်ဆိုတာတော့ ပြောလို့ရတယ်။ ကော်မရှင်ဘက်က စစ်ဆေးနေတုန်းပါပဲခင်ဗျာ” ဟု အင်းစိန်မြို့မ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ဆိုသည်။
စက်ရုံမှူးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တရားလိုလုပ်တိုင်ကြားခြဲ့့ခင်းကြောင့် စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု သိရှိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးအား ဆက်သွယ်မေးမြန်းရာတွင် BPI ဆေးဝါးစက်ရုံနှင့်ပတ်သက်ပြီး ကော်မရှင်ထံတိုင်ကြားစာများ ရောက်ရှိလာခြင်းကြောင့် လုပ်ထုံးလုပ်နည်းအရ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးနေကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

“ပွင့်လင်းမြင်သာစွာနဲ့ သတင်းထုတ်ပြန်ပေးပါမယ်။ အတိအကျလေးကို ကော်မရှင်ဘက်က သတင်းထုတ်ပြန်ပေးပါမယ်။ ခဏစောင့်ပေးပါ” ဟု ဦးကျော်စိုးကဆိုသည်။

BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်သည် ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဝယ်ယူခြင်းမရှိခဲ့ကြောင်းစစ်ဆေးတွေ့ရှိရပြီး နိုင်ငံတော်၏ ငွေကြေးနှင့် ပစ္စည်းကို ထိခိုက်နစ်နာ ဆုံးရှုံးစေသည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အင်းစိန်မြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု ကော်မရှင်က စက်တင်ဘာ ၇ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် သတင်းထုတ်ပြန်ထားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ သည် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်။

BPI ဆေးဝါးစက်ရုံ(အင်းစိန်)သည် ခေတ်မီဆေးဝါးထုတ်လုပ်မှုအတွက် အဆောက်အအုံများ ဆောက်လုပ် ထားပြီး ဆေးဝါးများထုတ်လုပ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ ကာကွယ်ရေးဝန်ကြီးဌာန စသည့် အစိုးရဌာနဆိုင်ရာများကို ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required