ဘဏ်ဂယက်ရိုက်ခတ်မှု ပြည်သူများ မစိုးရိမ်ရန် ဒေါ်စု မှာကြား

ဘဏ်ဂယက်ရိုက်ခတ်မှု ပြည်သူများ မစိုးရိမ်ရန် ဒေါ်စု မှာကြား
 (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၆ရက်၊ ၂၀၁၉ခုနှစ်)။ ။ လတ်တလော ဘဏ်လုပ်ငန်းဆိုင်ရာ ကောလာဟလများနှင့် ပတ်သက်ပြီး ပြည်သူများ မစိုးရိမ်ကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အမတ်များမှတစ်ဆင့် သတင်းစကားပါးလိုက်သည်။

ယမန်နေ့ ညပိုင်းက နေပြည်တော်ရှိ သမ္မတနေအိမ်တွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပဲခူးတိုင်းရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ NLD လွှတ်တော်အမတ်များ တွေ့ဆုံကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ မှာကြားလိုက်ခြင်းဖြစ်သည်။

“ဒါတွေဟာ ကောလာဟလတွေပဲ ဖြစ်တယ်။ မဟုတ်မှန်တဲ့ အချက်အလက်တွေပဲ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ လုံးဝဖြစ်စရာမလိုဘူး။ ဖြစ်လာစရာအကြောင်း မရှိပါဘူးဆိုတဲ့အကြောင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားလိုက်ပါတယ်” ဟု တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ အုတ်တွင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ချိုချိုက ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်များနှင့် ပတ်သက်၍ မစိုးရိမ်ကြရန် စက်တင်ဘာ ၂ရက်က အသိပေးထားသည့်တိုင် လက်ရှိတွင် ပြည်တွင်း ရွှေဈေးကွက်နှင့် ငွေကြေးဈေးကွက်တို့က ခပ်ပြင်းပြင်း ရိုက်ခတ်သွားခဲ့သည်။

“ဒီနေ့ဆိုရင်ပဲ ရုပ်မြင်သံကြားကနေပြီးတော့ ဒီဘဏ်ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့လေ။ ကောလာဟလတွေကိုလည်း ပြန်လည်ပြီးတော့ ဖြေရှင်းဖို့အတွက် လွှင့်ပေးမယ်လို့လည်း ကြားသိခဲ့ရပါတယ်” ဟုလည်း စက်တင်ဘာ ၆ရက်တွင် ဒေါ်ချိုချိုက ပြန်ပြောပြသည်။

နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဇေကမ္ဘာ ဦးခင်ရွှေက ၎င်းအနေဖြင့် စီးပွားရေးမကောင်း၍ မျက်ရည်တောက်တောက်ကျရကြောင်းနှင့် အခြား လုပ်ငန်းရှင်များလည်း အလားတူ အခြေအနေ ကြုံတွေ့နေရကြောင်း ဩဂုတ်လ ၂၂ရက်က မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း အသစ်ဖွဲ့စည်းသည့် အခမ်းအနားတွင် ပြောဆိုခဲ့သည်။

လုပ်ငန်းရှင်များအနေဖြင့် ဘဏ်များမှ ချေးယူထားသော ချေးငွေများကို စက်တင်ဘာ လကုန်တွင် အကြွေးပြန်ဆပ်ရမည်ဟု ဦးခင်ရွှေက ပြောဆိုပြီး အကြွေးမဆပ်လျှင် တရားစွဲခံရမည်ဟုဆိုကာ ထိုသို့ တရားစွဲပါက တိုင်းပြည်စီးပွားရေး ဒုက္ခရောက်နိုင်သည်ဟု ညဉ်းတွားခဲ့သည်။

ယင်းနောက် ဘဏ်များနှင့်ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်ကာ ပြည်သူအချို့ စိုးရိမ်မှုများ ရှိလာချိန်နှင့် တိုက်ဆိုင်စွာ ဩဂုတ်လ ၂ရရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတိုက်အခံအမတ် ဦးမောင်မြင့်က အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း(SME)များအပေါ် ချေးငွေများကို လက်ရှိထက် ပိုမိုဖြေလျှော့ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့သည်။

ဆက်စပ်မေးခွန်းအဖြစ် ဘဏ်နှင့်လုပ်ငန်းရှင်များအကြား တွေ့ဆုံ၍ လက်ရှိ ကြုံတွေ့နေသည့် အခက်အခဲများကို ဖြေရှင်း၊ ညှိနှိုင်းရန် ရှိ၊ မရှိလည်း ဦးမောင်မြင့်က ဗဟိုဘဏ်ကို မေးခွန်းထုတ်ခဲ့သည်။

ယင်းမေးခွန်းကို လွှတ်တော်တွင် လာရောက်ဖြေကြားသည့် ဗဟိုဘဏ်ဒုဥက္ကဌ ဦးစိုးသိန်းက “ဗဟိုဘဏ်အနေနဲ့ Individual ဖြစ်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ ပြဿနာတွေကို  တတ်နိုင်သလောက်လည်း ညှိနှိုင်းဆောင်ရွက်ပေးပြီးပါပြီ။ အချိန်တွေလည်း အများကြီးစောင့်ခဲ့ပြီးပါပြီ။ ဒါကြောင့်မို့လို့ နောက်ထပ် ထပ်ပြီးတော့  ဒီဥစ္စာတွေကို  လျှော့ပြီးတော့ ဆောင်ရွက်ဖို့ဆိုတဲ့ အနေထားမျိုး  မရှိဘူး” ဟု ဖြေကြားခဲ့သည်။

ဦးစိုးသိန်း၏ အထက်ပါ ပြောကြားချက်သည် အကြွေးပြန်ဆပ်ရမည့် လုပ်ငန်းရှင်များအပေါ် စိုးရိမ်မှု ပိုမိုဖြစ်စေခဲ့သည်။ ယင်းနောက် ဘဏ်လုပ်ငန်းများနှင့်ပတ်သက်၍ စိုးရိမ်မှု မရှိစေရန်နှင့် ဦးစိုးသိန်း ဖြေကြားချက်မှာ ဗဟိုဘဏ်၏ ရပ်တည်ချက်နှင့် ပြည့်ဝစွာ ကိုက်ညီမှု မရှိကြောင်း စက်တင်ဘာ ၂ရက်၊ ည ၈နာရီတွင် နိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် ဗဟိုဘဏ်က ထုတ်ပြန်ကြေငြာထားသည်။

သို့သော် အဆိုပါ ကြေငြာချက် ထုတ်ပြန်သည့် စက်တင်ဘာ ၂ရက်တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၁၅,၂၄ကျပ် ရှိခဲ့ရာမှ ယနေ့ စက်တင်ဘာ ၆ရက်တွင် ၁၅,၄၃ကျပ်အထိ ဖြစ်လာသဖြင့် လေးရက်အတွင်း ၂ဝကျပ် တက်သွားသည်။

အလားတူ ရွှေဈေးနှုန်းများမှာလည်း စက်တင်ဘာ ၂ရက်တွင် ၁၆ပဲရည် တစ်ကျပ်သားလျှင် ကျပ်တစ်ဆယ့်နှစ်သိန်းခြောက်သောင်းကျော် ရှိရာမှ ယနေ့တွင် တစ်ဆယ့်သုံးသိန်းကျော်အထိ မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးတက်နေရာမှ ဘဏ်ကောလာဟလသတင်းများကြောင့် ပိုတက်သွားခြင်းလည်း ဖြစ်သည်။

ဗဟိုဘဏ် ဒုဥက္ကဌတစ်ဦးဖြစ်သူ ဦးစိုးမင်းကမူ “စိုးရိမ်စရာတော့ မရှိပါဘူး။ တစ်ကယ်တမ်းကျတော့ တစ်ချို့ပြောနေတာတွေ ရှိတယ်။ ဘဏ်ထဲက ငွေထုတ်ပြီးတော့ ရွှေဝယ်နေကြတယ်တို့ဘာတို့၊ ဆိုတော့ တစ်ကယ်တမ်းကျတော့ ဘဏ်တွေမှာ အားလုံးက တို့က ငွေသုံးတဲ့ အဖွဲ့အစည်းဆိုတဲ့အခါကျတော့ ငွေတွေက ဘဏ်က အကုန်လုံး Liquidity(ငွေပေါ်လွယ်မှု) က ရှိနေပြီသား။ ထရီလီယံလေက် ချီပြီးတော့ကို ရှိနေကြတာ။ အဲ့ဒီတော့ ထုတ်မယ်ဆိုလို့ရှိရင်လည်း ဘဏ်တွေအနေနဲ့ ပြဿနာ မရှိဘူး” ဟု စက်တင်ဘာ (၆)ရက်တွင် ပြောသည်။

နိုင်ငံတော်အကြီးအကဲများကလည်း ယင်းကိစ္စအပေါ် အားလုံး အဆင်ပြေစေရန်နှင့် အကောင်းဆုံးဖြစ်စေရန်အတွက် ညှိနှိုင်းဆောင်ရွက်သွားရန် လမ်းညွှန်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

ယမန်နေ့က ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်နှင့် သွားရောက်တွေ့ဆုံခဲ့သူ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဌဖြစ်သူ ဒေါ်ခင်စန်းလှိုင်ကလည်း လက်ရှိ အခြေအနေသည် မထိန်းနိုင်၊ မသိမ်းနိုင် အခြေအနေတစ်ခု မဟုတ်ဘဲ ဂယက်ရိုက်ခတ်မှုတစ်ခုသာ ဖြစ်သည်ဟု မှတ်ချက်ပြုသည်။

“ထွက်ပေါ်နေတဲ့ ကောလာဟလတွေဟာ နိုင်ငံတော်ရဲ့ ရှေ့ဆက်သွားနေတဲ့ လုပ်ငန်းစဉ်တွေထဲမှာ အနှောင့်အယှက်တွေ ဖြစ်လာဖို့ မျှော်လင့်ပြီး လုပ်နေတယ်လို့ ယူဆတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။

၂၀၁၈ခုနှစ်၊ စက်တင်ဘာလကုန်အထိတွင်ပင် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ်ခွဲများမှ ကျပ် ၂၄,၂၂၆ ဘီလီယံကျော်ကို စီးပွားရေးလုပ်ငန်းရှင်များက ချေးယူထားကြောင်း ဗဟိုဘဏ်၏ ဘဏ္ဍာနှစ် အကူးအပြောင်းကာလ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required