လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအပါအဝင် မြန်မာအလုပ်သမားများအတွက် ဒိန်းမတ်နိုင်ငံမှ ကူညီမည်

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအပါအဝင် မြန်မာအလုပ်သမားများအတွက် ဒိန်းမတ်နိုင်ငံမှ ကူညီမည်
ရန်ကုန်၊ ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံတွင် အလုပ် လုပ်ကိုင်နေကြသည်ကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ-EPA-EFE/NYEIN CHAN NAING

နေပြည်တော်၊ စက်တင်ဘာလ ၅ ။          ။ မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအပါအဝင် အလုပ်သမားများအတွက် ဖွံ့ဖြိုးတိုးတက်အောင် ဒိန်းမတ်နိုင်ငံမှ ကူညီသွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၏ ပြောကြားချက်အရ သိရသည်။

စက်တင်ဘာ ၅ ရက်နေ့က နေပြည်တော်ရှိ M Gallery Hotel မှာ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ လုပ်သား စျေးကွက်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် မဟာဗျူဟာမြောက် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းစီမံကိန်း ဒုတိယအဆင့် စတင်မိတ်ဆက်သည့်အခမ်းအနားအပြီး ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဒါတွေကို မိမိတို့နဲ့ သက်ဆိုင်တဲ့ အလုပ်သမားဝန်ကြီးဌာနက ဒိန်းမတ်နိုင်ငံရဲ့ အတွေ့အကြုံကိုယူပြီးတော့မှ ၊ ပူးပေါင်းပြီးတော့မှ ဒါတွေကို ဖြည့်ဆည်းပေးမှာဖြစ်တဲ့အတွက် ဒီဆောင်ရွက်တဲ့ Phase 2 မှာပါတဲ့ အချက်အလက်တွေ ဆောင်ရွက်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အလုပ်သမားစျေးကွက်၊ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာကျတဲ့ အလုပ်သမားစျေးကွက်တစ်ခုဟာ ပိုမိုပြီးတော့မှ နိုင်ငံတကာအလယ်မှာ ရှင်သန်ဖွံ့ဖြိုး တိုးတက်လာမယ်။ ပြည့်စုံလာမယ်လို့ ယုံကြည်ပါတယ်။ ယူဆပါတယ်”ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

နိုင်ငံတကာရင်းနှီးမြှပ်နှံမှုများသည် လုပ်ငန်းခွင်အေးချမ်းသာယာမှု၊ အလုပ်သမားစွမ်းဆောင်ရည်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ၊ မရှိ အချက်များကိုကြည့်ပြီး ဆုံးဖြတ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ရန်အတွက် ဒိန်းမတ်နိုင်ငံနှင့် ပြီးခဲ့သည့် သုံးနှစ်အတွင်း ပထမဆင့်အနေဖြင့် ဆောင်ရွက်ထားကြောင်း သိရသည်။

ဒုတိယအဆင့်အနေဖြင့် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ဆောင်ပေးရန်

ဒိန်းမတ်နှင့် မြန်မာအကြား ၂၀၁၉ ခုနှစ်မှ  ၂၀၂၂ အထိ နားလည်မှုစာချွန်လွှာ ထပ်မံရေးထိုးထားသည်။

 “စက်မှုဇုန်တွေ နောက် အပ်ချုပ်လုပ်ငန်း အပါအဝင်ပေါ့။ ဒီလုပ်ငန်းတွေမှာလည်း ပိုမိုပြီးတော့မှ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းဖို့၊ အလုပ်သမားတွေ၊ အလုပ်ရှင်တွေ၊ အစိုးရ အဖွဲ့အစည်းတွေရဲ့ အငြင်းပွားမှုတွေ ဖြစ်လာရင် ပိုမိုပြီးတော့မှ အဆင်ပြေတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ဖို့ ဒါတွေကို သူတို့က ပညာပေးမယ်။ ဆွေးနွေးမယ်။ အတွေ့အကြုံတွေ ဖလှယ်မှာဖြစ်ပါတယ်”ဟု ဝန်ကြီးက ဆက်လက် ပြောကြားသည်။

အာဆီယံနိုင်ငံများအနက် လုပ်သားများ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးကဏ္ဍတွင် မြန်မာနိုင်ငံအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လုပ်ငန်းခွင်အတွင်း ပြဿနာဖြေရှင်းပေးရမှုများ ရှိနေပြီး လုပ်ခလစာ၊ လုပ်ငန်းခွင် အခြေအနေများကြောင့် ဆန္ဒပြမှုများလည်း မကြာခဏ ရှိနေသည်။

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများတွင် အထည်ချုပ်လုပ်ငန်းများ၊ CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်ရသော လုပ်ငန်းများ အများဆုံး လာရောက်လုပ်ကိုင်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required