ရေကြီးရေလျှံမှုများကြောင့် ပြည်တွင်းဆန်စပါးထွက်ရှိမှုအပေါ် ထိခိုက်မှုမရှိနိုင်

ရေကြီးရေလျှံမှုများကြောင့် ပြည်တွင်းဆန်စပါးထွက်ရှိမှုအပေါ် ထိခိုက်မှုမရှိနိုင်
Photo-EPA

ရန်ကုန်။ ။ စက်တင်ဘာ ၅ ။          ။ ယခုနှစ် မိုးရာသီတွင် ဖြစ်ပေါ်ခဲ့သည့်  ရေကြီးရေလျှံမှုများကြောင့်  ပြည်တွင်းဆန်စပါးထွက်ရှိမှုနှုန်းအား ထိခိုက် မှုမရှိနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက မဇၥ်ိမသို့ ပြောသည်။

“ ကျွန်တော်တို့ရေကြီးရေလျှံ ဖြစ်တဲ့ဒေသတွေက တစ်ကယ့်သီးနှံအများဆုံး စိုက်ပျိုးတဲ့ ဧရိယာမဟုတ်တဲ့ အတွက်ကြောင့် သီးနှံစိုက်ပျိုးမှုကို ထိခိုက်မှုကတော့ ပြောပလောက်အောင်မရှိနိုင်ဘူးလို့ထင်ပါတယ်။ အခု လောလောဆယ်တော့ ဒေသသုံးခုမှာပဲဖြစ်တာ။ ဒါတောင်မှဘာမှမပြောပလောက်တဲ့ ပမာဏပါ” ဟု ၄င်းကဆိုသည်။

ယခုနှစ်မိုးရာသီတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့၌ မိုးသက်လေပြင်း ကျရောက်ခြင်း၊ မိုးကြီးခြင်း၊မြေပြိုခြင်း စသည့် ဘဘာဝဘေးဒဏ်များ ကျရောက်နေခြင်းကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုများအပြင် အသက်ဆုံးရှုံးမှုများပါ ကြုံတွေ့ခဲ့ရသည်။

မြန်မာနိုင်ငံတွင် ဆန်စပါးကို ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် အဓိကစိုက်ပျိုးပြီး ရေကြီးမြေပြိုမှုဖြစ်သွားသော ဒေသသုံးခုမှာဆန်စပါးကို အဓိကစိုက်ပျိုးသည့်ဒေသများမဟုတ်သောကြောင့် ထိခိုက်မှု နည်းနိုင်ကြောင်း ကျွမ်းကျင်သူတို့က သုံးသပ်ကြသည်။

“ ရေကြီးတဲ့ သထုံတို့၊ မွန်ပြည်နယ်တို့မှာ ဆန်စပါးစိုက်ဧကတော့ အဲလောက်မရှိတော့ အများကြီး ထိခိုက်မှု မရှိပါဘူး” ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောဆိုသည်။
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သီးနှံပျက်စီးဆုံးရှုံးမှုများဖြစ် ပေါ်ခဲ့သည့် ဧရိယာများတွင် ပြန်လည်ပြုပြင် စိုက်ပျိုးနိုင်မည့်နည်းပညာများ၊ မျိုးစေ့များ စသဖြင့်ကူညီထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။

ယခုနှစ် မိုးရာသီတွင် သြဂုတ်လကုန်အထိ ရေကြီးရေလျှံမှုများကြောင့် စုစုပေါင်းမိုးသီးနှံပျက်စီးမှု ဧကပေါင်း တစ်သိန်းတစ်သောင်းကျော်ခန့်ရှိပြီး၊ ရေလွှမ်းခံရသည့်စိုက်ဧက ငါးသိန်းကျော် ခန့်ရှိကာ၊ ဧကနှစ်သောင်း ကျော်ကို ပြန်လည် စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျက်စီးစိုက်ဧကများထဲမှ မိုးစပါးသီးနှံ ရှစ်သောင်းကျော်ပျက်စီးခဲ့တာ နှစ်သောင်းကျော်ကို ပြန်လည် စိုက်ပျိုးထားပြီဖြစ်ကြောင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှသိရသည်။
မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးစပါးကို စိုက်ဧက ၁၅သန်းနှင့်၁၆သန်းကြား ပုံမှန်စိုက်ပျိုး လေ့ရှိပြီး၊ မိုးသီးနှံဖြစ်တာကြောင့် မိုးရေရရှိမှု အပေါ်တွင်မူတည်၍ နှစ်စဉ်အထွက်နှုန်းမှာကွာခြား မှုရှိကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly