အက်သလက်တီကိုကို ပြောင်းရွှေ့ရတဲ့ အကြောင်း ဆွေးနွေးသွားတဲ့ ကီရန် ထရစ်ပီယာ

အက်သလက်တီကိုကို ပြောင်းရွှေ့ရတဲ့ အကြောင်း ဆွေးနွေးသွားတဲ့ ကီရန် ထရစ်ပီယာ
Photo: AFP

ကီရန် ထရစ်ပီယာရဲ့ အက်သလက်တီကိုအသင်းကို ပေါင်သန်း (၂၀)နဲ့ ပြောင်းရွှေ့သွားခဲ့မှုက ဒီနွေရာသီရဲ့ အံ့သြစရာ အကောင်းဆုံး အပြောင်းအရွှေ့တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

ထရစ်ပီယာက အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့သွားရတဲ့ အကြောင်းကို အေအက်ဖ်ပီနဲ့ ပြောဆို ဆွေးနွေးမှုကို ဖော်ပြလိုက်ပါတယ်။

အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ပေါ်အမြင်

ကီရန် ထရစ်ပီယာ။         ။ ကျနော့်ကစားသမားဘဝမှာ အဆင့်တစ်ဆင့်ချင်းတစ်ဆင့်ချင်းမှာ လုပ်ဆောင်ခဲ့ပြီးတာတွေက ရဲရင့်မှုတစ်ခုလို့ ဆိုရမှာပါ။ ခင်ဗျားပြောသလိုပဲ ချန်ပီယံရှစ်က စတင်ခဲ့တယ်။ မန်စီးတီးကနေ ထွက်ခွာပြီး ဘန်လေမှာ ကစားခဲ့ချိန်က ကျနော် အမြဲယုံကြည်ခဲ့တာက ထိပ်တန်းအဆင့်မှာ ကစားနိုင်မယ်ဆိုတာပါပဲ။ ဒါကတော့ မှန်ကန်တဲ့ အခွင့်အရေးရယူဖို့အတွက် သည်းခံပြီး စောင့်ဆိုင်းရုံပါ။ ဘောလုံးဆိုတာက စွန့်စားမှုတွေဖြစ်တယ်။ အခွင့်အလမ်းတွေ ရယူနေဖို့ပဲဖြစ်တယ်။ ကျနော့်ကစားသမားဘဝ ဘယ်လိုဖြစ်တည်လာသလဲဆိုတာနဲ့အတူ ကျနော် ပျော်ရွှင်မိပြီး ဥရောပရဲ့ အကြီးဆုံး အသင်းတွေထဲက တစ်သင်းအတွက် ကစားပေးရမှာမို့ တကယ်ပဲ ဝမ်းသာမိတယ်။

အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာက ပုဂ္ဂိုလ်ရေးအရ ဆုံးဖြတ်မှု ဟုတ်မဟုတ်နဲ့ ပတ်သက်ပြီး

ထရစ်ပီယာ ။         ။ ကျနော် အမြဲတမ်းပဲ ပြည်ပမှာ ကစားချင်ခဲ့တယ်။ စိန်ခေါ်မှုတွေကို အမြဲ ရင်ဆိုင်ခဲ့တယ်။ အခွင့်အရေးတွေ ရောက်လာတဲ့အခါ လက်နှစ်ဖက်လုံးနဲ့ ဖမ်းဆုပ်ချင်ခဲ့တယ်။ တော့တင်ဟမ်နဲ့ ပြန်ဆွေးနွေးခဲ့ပါသေးတယ်။ ကျနော် စိန်ခေါ်မှုသစ်တစ်ခုကို ကြိုးစားကြည့်ချင်ပါတယ်။ ကျနော် ကလေးတွေရယ်၊၊ မိသားစုနဲ့ ကျနော့်အတွက် အခန်းစာမျက်နှာသစ် စချင်တယ်။ စပိန်မှာ လာရောက်ပြီး ဒီအသင်းအတွက် ကစားပေးရတာက အံ့အားသင့်စရာ အခွင့်အရေးပါ။ မယုံကြည်နိုင်လောင်အောင် ကောင်းတဲ့ အသင်းဆိုတာ ခင်ဗျား သိပါတယ်။

အက်သလက်တီကိုမှာ သူဘယ်လို ခံစားရတယ်ဆိုတာနဲ့ ပတ်သက်လို့ 

ထရစ်ပီယာ ။       ။ ပိုပြီး နီးစပ်ရတယ်လို့ ခံစားရပါတယ်။ ထိပ်ဆုံးက လူကြီးတွေ လေ့ကျင့်ခန်းကို လာပြီး ကြည့်တယ်။ ဝန်ထမ်းတွေအားလုံးက အပြင်နဲ့ လေ့ကျင့်ရေးကွင်းပတ်လည်မှာ ရှိတယ်။ ကလပ်ရဲ့ ပတ်ဝန်းကျင်ဟာ ကောင်းမွန်တဲ့ ခံစားမှုမျိုး ရှိပြီး လူတိုင်းက ပူးပေါင်းပါဝင်ခဲ့တယ်။ ကစားသမားတွေ၊ ဝန်ထမ်းတွေဟာ အလွန်ကောင်းမွန်တဲ့ အပြန်အလှန် ဆက်သွယ်မှုရှိတယ်လေ။

နည်းပြသစ် ချိုလို (ဆီမြွန်နီ)နဲ့ ပတ်သက်ပြီးတော့

ထရစ်ပီယာ ။       ။ သူက မယုံနိုင်စရာပါပဲ။ အရင်က ကျနော်ပြောခဲ့ဖူးသလိုပဲ ကစားပွဲမှာဆိုရင် သူ့မှာ စိတ်အားထက်သန်မှုရှိတယ်။ သူဘယ်လောက်တော်တယ်၊ သူ့ရဲ့ အသင်းကို ဘယ်လိုကိုင်တွယ်ရမယ်လဲဆိုတာ ခင်ဗျာမြင်ပါတယ်။ ဆိုလိုတာက သူ့ရဲ့အသင်းဟာ မိသားစုပုံစံနဲ့တူတယ်။ ဒါကို အခုကျနော် မြင်တွေ့နိုင်ပြီပေါ့။ အသင်းမှာ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ဖြစ်လာလို့ ပျော်ပါတယ်။ ဒါက ကျနော့်ကို နောက်တစ်ဆင့် တစ်လှမ်းပြီး ပိုကောင်းတဲ့ ကစားသမား၊ ပိုကောင်းတဲ့ နောက်ခံလူဖြစ်လာအောင် လုပ်ဆောင်နိုင်တယ်လို့ ခံစားရတယ်။

တော့တင်ဟမ် နည်းပြ ပိုချက်တီနိုနဲ့ ပတ်သက်လို့ ပြောဆိုရာမှာ

ထရစ်ပီယာ ။       ။ သူက ကျနော့်ကစားသမားဘဝရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ်။ သူက ကျနော့်ကို အင်္ဂလန်လက်ရွေးစင် ကစားသမားတစ်ယောက်ဖြစ်လာအောင် တိုးတက်စေခဲ့တယ်။ သူ့က တော့တင်ဟမ်အတွက် ကစားဖို့ အခွင့်အရေး ကျနော့်ကို ပေးခဲ့တယ်။ ဒီတော့ ပွဲတွေအများကြီး ကစားခဲ့တယ်။ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ကစားနိုင်အောင် ကူညီခဲ့တယ်။ ဒီအတွက် သူ့ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော့်မှာ ပိုချက်တီနိုနဲ့ တကယ်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly