၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရင်ကုန်သွယ်ရေးဆွေးနွေးပွဲ ပိုခက်ခဲလိမ့်မယ်လို့ တရုတ်ကို ထရမ့် သတိပေး

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရင်ကုန်သွယ်ရေးဆွေးနွေးပွဲ ပိုခက်ခဲလိမ့်မယ်လို့ တရုတ်ကို ထရမ့် သတိပေး

၀ါရှင်တန်၊ စက်တင်ဘာ ၄ ။          ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူသာ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ ပြန်လည်ရွေးကောက်ခံရပြီး အနိုင်ရခဲ့ရင် တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရဖို့ ကြိုးစားရတာ ပိုမိုခက်ခဲလာမှာဖြစ်ပြီး စျေးကွက်ကွင်းဆက် ပြိုလဲရလိမ့်မယ်လို့ သတိပေးပြောလာပါတယ်။

“တရုတ်နဲ့ ကျွန်တော်တို့ရဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ကျွန်တော်တို့ ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် တရုတ်ဖက်ကတော့ အမေရိကန် အစိုးရသစ်တစ်ရပ်နဲ့ စေ့စပ်ညှိနှိုင်းမှုတွေပဲ လုပ်ဆောင်ချင်နေတယ်လို့ ကျွန်တော် ထင်တယ်။ ဒါမှပဲ သူတို့ရဲ့ အမေရိကန်အပေါ် အမြတ်ထုတ်နေတဲ့ အမူအကျင့်တွေ ဆက်ပြီး လုပ်ဆောင်သွားနိုင်ဖို့ ဖြစ်တယ်။”လို့ အင်္ဂါနေ့က ထရမ့်ဟာ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

“တကယ်လို့ ရွေးကောက်ပွဲမှာ ကျွန်တော် ပြန်အရွေးခံရရင် တရုတ်အတွက် ဘာတွေဖြစ်လာမလဲဆိုတာ တွေးကြည့်ပါ။ အဲဒီကျရင်တော့ ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ အတော်လေး ခက်ခဲသွားလိမ့်မှာ ဖြစ်တယ်။ တရုတ်ရဲ့ ကုန်သွယ်ရေးကွင်းဆက်လည်း ပြိုလဲသွားလိမ့်မယ်။”လို့ ၎င်းက ဆက်လက်ရေးသားထားပါတယ်။

တရုတ််ရဲ့ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၁၂ ဘီလီယံဖိုးအပေါ် အရင်က ကြေညာထားတာထက် ၅ ရာခိုင်နှုန်း ထပ်တိုးပြီး သွင်းကုန်ခွန် ၁၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ယူလာပြီး နှစ်ရက်မြောက်မှာပဲ ထရမ့်က တွစ်တာကနေ ရေးသားလာပါ။

အမေရိကန်အနေနဲ့ ပစ်မှတ်ထားတဲ့ ကျန်ရှိနေဆဲ တရုတ်ကုန်စည် ဒေါ်လာ ဘီလီယံ ၃၀၀ ဖိုးအပေါ် ဒီဇင်ဘာ ၁၅ ရက်ကစပြီး အလားတူ အခွန်တိုးကောက်ဖို့ ရှိနေပါတယ်။

တရုတ်ဖက်ကလည်း လက်တုံ့ပြန်နဲ့အနေနဲ့ အမေရိကန်ထုတ်ကုန်် ဒေါ်လာ ၇၅ ဘီလီယံဖိုးအပေါ် အခွန် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကြား တိုးမြှင့််ကောက်ခံတာကြောင့် နှစ်နိုင်ငံကြားက ကုန်သွယ်ရေးစစ်ပါ အရှိန်ပြင်းထန်လျက် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required