နွေရာသီကစားသမားခေါ်ယူမှုမှာ ပေါင် (၅)ဘီလီယံထိ စံချိန်တင်သုံးစွဲခဲ့တဲ့ ဥရောပရဲ့ ထိပ်တန်းလိဂ် (၅)ခု၊ ပရီးမီးယားလိဂ်က အသုံးစရိတ် အများဆုံးဖြစ်

နွေရာသီကစားသမားခေါ်ယူမှုမှာ ပေါင် (၅)ဘီလီယံထိ စံချိန်တင်သုံးစွဲခဲ့တဲ့ ဥရောပရဲ့ ထိပ်တန်းလိဂ် (၅)ခု၊ ပရီးမီးယားလိဂ်က အသုံးစရိတ် အများဆုံးဖြစ်

၂၀၁၉ နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ဥရောပထိပ်တန်းလိဂ် (၅)ခုရဲ့ စုစုပေါင်း အသုံးစရိတ်ဟာ ပေါင် (၅) ဘီလီယံထိ စံချိန်တင်ခဲ့ပြီး ၂၀၁၈ ခုနှစ်ကထက် ပေါင် သန်း (၈၀၀) ပိုမိုသုံးစွဲခဲ့တယ်လို့ ငွေကြေးနဲ့ စာရင်းအင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ Deloitte ကုမ္ပဏီရဲ့ စစ်တမ်းအရ သိရပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေက သူတို့ရဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့ သြဂုတ် ၈ ရက်မှာ မြန်မြန်ဆန်ဆန်လှုပ်ရှားခဲ့မှုကြောင့် အသုံးစရိတ် ပေါင် (၁.၄၁)ဘီလီယံအထိ ရောက်ရှိခဲ့ပြီး လိဂ် (၅)ရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေတာပါ။

စပိန်လာလီဂါကတော့ ၂၀၁၉ ခုနှစ်မှာ ပေါင် (၁.၂၄)ဘီလီယံ သုံးစွဲခဲ့ပြီး ၂၀၁၇ ခုနှစ်ကထက် (၂)ဆ ပိုပြီး အသုံးများခဲ့ပါတယ်။

အီတလီရဲ့ စီးရီးအေ၊ ဂျာမနီရဲ့ ဘွန်ဒစ်လီဂါနဲ့ ပြင်သစ်ရဲ့ လီဂူ-၁ က ကလပ်အသင်းတွေကလည်း သူတို့ရဲ့ လိဂ်အသီးအသီးအားလုံးမှာ အပြောင်းအရွှေ့စံချိန်သစ်တင်ခဲ့ပါတယ်။

ဂရစ်ဇ်မန်းက အက်သလက်တီကိုကနေ ဘာစီလိုနာဆီ ပေါင် (၁၀၈)သန်းနဲ့ ပြောင်းသွားခဲ့သလို၊ ဂျာအို ဖီလစ်က ဘင်ဖီကာကနေ အက်သလက်တီကိုဆီ ပေါင် (၁၁၃) သန်းနဲ့ အရွှေ့အပြောင်းဖြစ်ခဲ့ပြီး ဟာဇက်က ချယ်လ်ဆီးကနေ ရီးယဲလ်မက်ဒရစ်ဆီ ပေါင် သန်း (၉၀) နဲ့ ရောက်ရှိခဲ့တာကြောင့် လာလီဂါအသင်းတွေဟာ ပထမဆုံးအကြိမ်အဖြစ် စုစုပေါင်း ပေါင် (၁)ဘီလီယံထက် ပိုမိုသုံးစွဲခဲ့တာဖြစ်ပါတယ်။

Deloitte ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒန်ဂျိုးနက်စ်ကတော့ "ဥရောပကလပ်တွေရဲ့ စီးပွားရေးဆိုင်ရာ တိုးတက်ကောင်းမွန်လာခဲ့မှုမှာ အသုံးစရိတ်တွေ လျော့ချဖို့အတွက် သူတို့ရဲ့ အကောင်းဆုံးကစားသမားတွေကို ပြန်လည်ရောင်းချနေရပါတယ်။"လို့ ပြောပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေရဲ့ အသုံးစရိတ်က လျော့ကျလာတယ်လို့ မြင်တယ်လို့ သူက ဆက်ပြောပါတယ်။

"ပရီးမီးယားလိဂ်ကို ကြည့်မယ်ဆိုရင် ဒီနွေရာသီရဲ့ ကစားသမားအပြောင်းအရွှေ့အသုံးစရိတ်က စံချိန်အဆင့်ထက် နည်းနည်းကျလာပြီး အသားတင်သုံးစွဲမှုက ၂၀၁၅ နွေရာသီနောက်ပိုင်း အနိမ့်ဆုံး အဆင့်မှာရှိခဲ့တယ်။"လို့ သူက ပြောပါတယ်။

"အလားတူအခြေအနေမှာ ဝင်ငွေအချိုးအစားဟာလည်း ၂၀၁၁ နွေရာသီနောက်ပိုင်း (၁၁)ရာခိုင်နှုန်းထိ အနိမ့်ဆုံးဖြစ်ပြီး လာမယ့်ဘောလုံးရာသီတွေမှာတော့ လုပ်ခလစာနှုန်းထားက ဝင်ငွေအချိုးအစားထက် ပိုမို တိုးတက်လာဖို့ ကျနော်တို့ မျှော်လင့်နေပါတယ်။"လို့ ဒန်ဂျိုးနက်စ်က ပြောဆိုခဲ့ပါတယ်။

ဥရောပအပြောင်းအရွှေ့စျေးကွက်ဟာ စက်တင်ဘာ ၂ ရက်နေ့က ပိတ်သိမ်းခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly