မုန်တိုင်းဒဏ်သင့် ဘဟားမားမှာ လူ ခြောက်သောင်းကျော် စားနပ်ရိက္ခာလိုအပ်နေ

By AFP
03 September 2019
မုန်တိုင်းဒဏ်သင့် ဘဟားမားမှာ လူ ခြောက်သောင်းကျော် စားနပ်ရိက္ခာလိုအပ်နေ

ဒိုရီယန် ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဘဟားမားနိုင်ငံမှာ လူပေါင်း ၆၁၀၀၀ ခန့် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာစီမံကိန်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“မုန်တိုင်းဒဏ် ကြုံခဲ့ရတဲ့ အက်ဘာကိုပြည်နယ်မှာ လူပေါင်း ၁၄၀၀၀ ကျော်နဲ့ ဂရင်းဘဟားမားပြည်နယ်မှာ ၄၇၀၀၀ ကျော် စားနပ်ရိက္ခာလိုအပ်နေဖွယ် ရှိတယ်။ ဒါပေမယ့် စားနပ်ရိက္ခာအကူအညီတွေ ဘယ်လောက်ထိ လိုအပ်နေသလဲဆိုတာ သေချာစိစစ်ပြီး သုံးရက်အတွင်း အကဲဖြတ်ချက် တင်ပြအတည်ပြုမှာ ဖြစ်ပါတယ်။”လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာစီမံကိန်းမှ ပြောခွင့်ရသူ ဟာဗီဗာဟူးစေးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်က အားအလွန်ပြင်းထန် ဒိုရီယန်ဟာရီကိန်းမုန်တိုင်းဟာ ဘဟားမားနိုင်ငံဆီ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယင်းမုန်တိုင်းကြောင့် ကျွန်းနိုင်ငံ ဘဟားမားမှာ လူ ငါးဦး သေဆုံးခဲ့ပါတယ်။
ကျွန်းစုနိုင်ငံ ဘဟားမားအတွက် ဒီ ဟာရီကိန်းမုန်တိုင်းက သမိုင်းဝင် ကံဆိုးမိုးမှောင် ဖြစ်ရပ်ပဲဆိုပြီး ဝန်ကြီးချုပ် ဟူးဗတ်မင်နက်စ်က ပြောပါတယ်။

“ခုချိန်ထိ အတည်ပြုနိုင်တာကတော့ မုန်တိုင်းကြောင့် အက်ဘာကိုပြည်နယ်မှာ သေဆုံးသူ ငါးဦးရှိတာပါပဲ။”လို့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ပြောပါတယ်။ တနင်္ဂနွေနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဒီမုန်တိုင်းဟာ အဆင့် ငါးအဆင့်ရှိ မုန်တိုင်းပဲ ဖြစ်ပါတယ်။

ခုချိန်မှာ မုန်တိုင်းက အားပျော့သွားပေမယ့် အမေရိကန်အရှေ့ဖက် ကမ်းရိုးတန်းမှာ မုန်တိုင်းကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ထားပါတယ်။

မုန်တိုင်းဟာ အဆင့် ၃ အဆင့် အားပျော့သွားတာမှန်ပေမယ့် ဘေးအန္တရာယ် ပေးနိုင်ဆဲဖြစ်ကြောင်း အမျိုးသားဟာရီကိန်းစင်တာက ထုတ်ပြန်ထားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required