ANP ပါတီ အမတ်နှစ်ဦး ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ နုတ်ထွက်ရန် စာတင်

ANP ပါတီ အမတ်နှစ်ဦး ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ နုတ်ထွက်ရန် စာတင်

နေပြည်တော်၊ စက်တင်ဘာ ၃ ။           ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ ရခိုင်အမျိုးသားပါတီ(ANP) မှ ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင် တို့ နှစ်ဦး ထပ်မံနုတ်ထွက်ရန် စက်တင်ဘာ ၃ ရက်နေ့က တင်ပြထားခဲ့ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီမှ အဆိုပါကော်မတီတွင် ကိုယ်စားလှယ် နှစ်ဦးသာ ပါဝင်ပြီး ပြင်ဆင်ရေးအတွက် အချက်ပေါင်း ၈၅၈ ချက်ကို တင်ထားကြောင်း သိရသည်။

“ ၈၅၈ ချက် တင်ခဲ့တယ်။ တစ်အုပ်လုံးကို။ အဲ့ထဲမှာ အခုစတဲ့ ခြောက်ချက်လောက် စကိုင်တယ်ပေါ့။ ပုဒ်မ ခြောက်ခု ၊ ပုဒ်မ ခြောက်ခုဆိုတာ အချက်ခြောက်ချက်ပေါ့။ က၊ ခလည်း ပါတာကိုး။ အဲဒါတွေကို လုပ်ကြတာပေ့ါ။ ကျွန်တော်တို့ရဲ့ အာဘော် ပေါ်လာနိုင်စရာ အကြောင်းမှ မရှိဘူး” ဟု ပေါက်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ( ရခိုင်အမျိုးသားပါတီ) မှ ပြောသည်။

၄၅ ဦးကော်မတီမှ အဆိုပါ ကိုယ်စားလှယ် နှစ်ဦး နုတ်ထွက်စာတင်ထားသော်လည်း ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုမှသာ အတည်ဖြစ်မည် ဖြစ်သည်။

“ဥပဒေမူကြမ်း လွှတ်တော်ထဲ ရောက်လာတဲ့ အခါမှပဲ ဦးတို့က အဲ့ဒီအကြံပြုချက်တွေအပေါ်မှာ ထပ်ပြီးတော့ ဆွေးနွေးမှာပေါ့ ။ ရသည်ရှိ၊ မရသည်ရှိ။ လုပ်ငန်းစဉ်ထဲမှာတော့ ပါတီက မပါဝင်ပေမယ့် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ကတော့ ဆက်ပြီးတော့ အဲ့ဒီမှာ ဆွေးနွေးဖို့ ပေါ်လာရင်တော့ ကိုယ့်အမျိုးသားရေး၊ တိုင်းရင်းသားအကျိုး ဆွေးနွေးဖို့ ဆန္ဒရှိပါတယ်”ဟု မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း( ရခိုင်အမျိုးသားပါတီ)က ပြောသည်။

စက်တင်ဘာ ၂ ရက်နေ့ ကလည်း အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီမှ မအူပင်အမတ် ဦးစိန်ဝင်းကလည်း ၎င်း တင်ပြထားတဲ့ အဆိုချက်တွေကို ဆွေးနွေးအတည်ပြုရာမှာ လျှို့ဝှက်မဲပေးစနစ်ဖြင့် ဆောင်ရွက်ရန် တောင်းဆိုသော်လည်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့်အတွက် ကော်မတီမှ နုတ်ထွက်စာ တင်ထားသည်။

ပူးပေါင်းကော်မတီကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တေ်ာ နှစ်ရပ်လုံးတွင် နေရာရထားသည့် အချိုးအစားအရ အာဏာရပါတီ NLD မှကိုယ်စားလှယ် ၁၈ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၈ ဦး၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂ ဦး၊ ကျန်ပါတီ အသီးသီးမှ ကိုယ်စားလှယ်များအပါအဝင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ စုစုပေါင်း ၄၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ၄၅ ဦးကော်မတီဟု ခေါ်ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required