ဗဟိုဘဏ်အသိပေးချက် ထုတ်ပြန်ပြီး တစ်ရက်အတွင်း ကန်ဒေါ်လာငွေလဲနှုန်းမြင့်တက်လာ

ဗဟိုဘဏ်အသိပေးချက် ထုတ်ပြန်ပြီး တစ်ရက်အတွင်း ကန်ဒေါ်လာငွေလဲနှုန်းမြင့်တက်လာ
ဓာတ်ပုံ -  Central Bank of Myanmar

ရန်ကုန်။ စက်တင်ဘာ ၃ ။       ။ ဘဏ်လုပ်ငန်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများမရှိကြရန် ဗဟိုဘဏ်မှ အသိပေးချက် ထုတ်ပြန်အပြီး တစ်ရက် အတွင်း အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၀ ကျပ်ဝန်းကျင် စျေးမြင့် တက်ခဲ့ကြောင်း ပြည်တွင်းရှိ ငွေလဲကောင်တာများမှ သိရသည်။

“တစ်ရက်အတွင်းကို  တစ်ဆယ်၊ ဆယ်ငါးကျပ်လောက် တက်သွားတယ်။လူတွေက ဘဏ်မှာ ငွေအပ် တာထက် စိတ်ချရတဲ့့ ရွှေနဲ့ဒေါ်လာကိုပြောင်ပြီး ရင်းနှီးမြှပ်နှံတဲ့သဘောပဲ” ဟု ၀ါးခယ်မငွေလဲ ကောင်တာမှ ဒေါက်တာစိုးထွန်းကဆိုသည်။

ပြည်တွင်းဘဏ်များသို့ ချေးငွေပြန်မဆပ်နိုင်သည့် လုပ်ငန်းရှင်များ၏ ပြသနာများကို အချိန်ယူကာ ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီးဖြစ်၍  ထပ်မံအလျှော့ပေးဆောင်ရွက်ရန် အနေအထားမရှိကြောင်း  ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက  သြဂုတ်လ၂ရရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင်ပြောဆိုခဲ့သည်။ အဆိုပါ ပြောဆိုချက်မှာ ဗဟိုဘဏ်၏ ရပ်တည်ချက်နှင့် အပြည့်အဝကိုက်ညီမှု မရှိကြောင်း စက်တင်ဘာလ ၂ရက်နေ့ ညနေပိုင်းတွင် ဗဟိုဘဏ်မှ ထပ်မံထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလ (၂)ရက်နေ့မနက်ပိုင်းတွင် ပြည်တွင်းငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၁၅၂ဝကျပ် သာရှိပြီး၊ စက်တင်ဘာ (၃)ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာကို ၁၅၃ဝကျပ်ကျော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
“ပထမ စစချင်းကတော့ ဗဟိုဘဏ်က ဒုဥက္ကဋ္ဌ ဦးစိုးသိန်း မညှိနှိုင်းတော့ဘူး။  ညှိတာကြာပြီ ဒီအတိုင်းပဲ တရားစွဲတော့မယ်ဆိုတဲ့သဘောမျိုး လွှတ်တော်မှာပြောဆိုခဲ့တာ။ခုဟာက  တစ်ကယ်လို့ အဲလိုဖြစ် လာရင် ဘဏ်တွေ အတွက်က သက်ရောက်မှုတစ်ခုရှိလာနိုင်တဲ့အတွက် ထုတ်ပြန်လိုက်တဲ့ သဘောပါ။”ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က သုံးသပ် ပြောဆိုသည်။

ဗဟိုဘဏ်၏ အဆိုပါလုပ်ရပ်ကြောင့် လူထု၏ယုံကြည်မှု လျှော့ကျနိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုထားကြပြီး၊ ယင်းဂယက်များကြောင့်  ဒေါ်လာငွေလဲနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က ဆိုသည်။

“ဗဟိုဘဏ် ဒုဥက္ကဋ္ဌကိုယ်တိုင်ပြောတဲ့ကိစ္စ မယုံရဘူးဆိုရင် ဘယ်သူ့စကားကိုယုံရမှာလဲ။ ဒီလိုမျိုး နောက် ကနေ ဒီသဘောထားမဟုတ်ပါဘူးဆိုရင် ကျန်တဲ့သူတွေက ဘယ်လိုပြောရဲတော့မှာလဲ။ ဒါကလဲ ဘဏ် တွေ အကျိုးစီးပွား၊ တိုင်းပြည်အကျိုးထိခိုက်နိုင်မှာ စိုးလို့သာဒီလိုထုတ်ပြန်တာ။တစ်ကယ်ဆိုရင်  ဒုဥက္ကဋ္ဌ ပြော တယ်ဆိုရင် ချက်ချင်းထုတ်ပြန်ရမှာ။ အခုကျမှ  ဒေါ်လာစျေးတွေ၊ ရွေစျေးတွေ ရုတ်တရတ်ကောက်တက် မှ ကြောက်လန့်ပြီး ထုတ်ပြန်တယ်လို့ ကျွန်တော်မြင်တယ်” ဟု ဦးမျိုးမြင့်က ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လက်ရှိဘဏ်လုပ်ငန်းများနှင့်လုပ်ငန်းရှင်များအကြား ညှိနှိုင်း တွေ့ဆုံ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန် ထားသည်။
၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ ပြည်တွင်းရှိဘဏ်များတွင် အပ်ငွေ ကျပ်ဘီလီယံ ၄၂၉၀၀ ကျော်ရှိပြီး၊ ချေးငွေဘီလီယံ ၂၄၀၀၀ ကျော်ရှိကြောင်း သိရပြီး ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံပိုင်ဘဏ်များနှင့် နိုင်ငံခြား ဘဏ်ခွဲများမှ ကျပ် ၂၄၂၂၆ ဘီလီယံ ကျော်ကို စီးပွားရေးလုပ်ငန်းရှင်များက ချေးယူထားကြောင်း ဗဟိုဘဏ်၏  အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly