ပေါ်တူဂီ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို (၁၀)ကြိမ်မြောက် ရရှိတဲ့ ရော်နယ်လ်ဒို

ပေါ်တူဂီ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို (၁၀)ကြိမ်မြောက် ရရှိတဲ့ ရော်နယ်လ်ဒို
Photos: EPA

၂၀၁၈ ခုနှစ်အတွက် ပေါ်တူဂီရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ခရစ္စတီယာနို ရော်နယ်လ်ဒိုက ရရှိခဲ့ၿပီး ဒီဆုဟာ သူ့အတွက် (၁၀)ကြိမ်မြောက် ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အသက် (၃၄)နှစ်အရွယ် ရော်နယ်လ်ဒိုဟာ ပေါ်တူဂီရဲ့ တစ်နှစ်တာအကောင်းဆုံးဆုကို ၂၀၀၇ ခုနှစ်နောက်ပိုင်း လွှမ်းမိုးထားခဲ့ပြီး ၂၀၁၀ ခုနှစ်က ဆီမာယိုနဲ့ ၂၀၁၄ ခုနှစ်က ပီပီတို့က ကြားဖြတ် ရယူခဲ့ကြပါတယ်။

ရော်နယ်လ်ဒိုဟာ ပေါ်တူဂီ ကစားသမားတွေဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့် ဂျာအို ဖိးလစ်၊ မန်ချက်စတာစီးတီးရဲ့ ဘာနာဒို ဆေးလ်ဗား၊ စပို့တင်းလစ္စဘွန်းအသင်း ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်နဲ့ ဝုဗ်စ်အသင်းရဲ့ ရုဗင် နာဗက်စ်တို့ကို ဖြတ်ကျော်ပြီး တစ်နှစ်တာအကောင်းဆုံးဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဆုပေးပွဲအခမ်းအနားကိုတော့ လစ္စဘွန်းမြို့က ကားလို့စ်လိုပက်ဇ် အဆောက်အဦးမှာ စက်တင်ဘာ ၂ ရက်နေ့က ကျင်းပခဲ့ပြီး ရော်နယ်လ်ဒိုကိုယ်တိုင်လည်း တက်ရောက်ခဲ့ပါတယ်။

"လူမှုကွန်ရက်သတင်းအချက်အလက်၊ မီဒီယာတွေနဲ့အတူ ကမ္ဘာကြီးက အရမ်းမြန်ဆန်ပါတယ်။ ဒါက ထိန်းမရသိမ်းမရဖြစ်နေပါတယ်။"လို့ ရော်နယ်လ်ဒိုက ပြောပါတယ်။

“ဒီလို သတင်းအချက်အလက်တွေကြားမှာ ပုဂ္ဂိုလ်ရေးကိစ္စတွေကလည်း အလွန်အမင်း ရှုပ်ထွေးခဲ့တဲ့နှစ်ဖြစ်ပါတယ်။ ခင်ဗျာကို တစ်စုံတစ်ယောက်က ဆွဲချတာမျိုး ခွင့်မပြုပါနဲ့။"

ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာ ဖီဖာရဲ့ The Best အကောင်းဆုံးကစားသမားဆု ဆန်ခါတင် (၃)ဦးစာရင်းမှ မက်ဆီနဲ့ ဗန်ဒိုက်တို့နဲ့အတူ ပါဝင်နေပြီး ဆုပေးပွဲကို လာမယ့် စက်တင်ဘာ ၂၃ ရက်နေ့၊ မီလန်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ပေါ်တူဂီရဲ့ တစ်နှစ်တာအကောင်းဆုံးဆုရရှိသူများ

အကောင်းဆုံး ကစားသမားဆု - ခရစ္စတီယာနို ရော်နယ်လ်ဒို (ဂျူဗင်တပ်စ်)
အကောင်းဆုံးကစားသမား အမျိုးသမီးဆု - ဂျက်ဆီကာ ဆေးလ်ဗား (လီဗန်တေး/လိုင်ယွန်)
အကောင်းဆုံး အမျိုးသားနည်းပြဆု - ဘရူနို လာဂျီ (ဘင်ဖီကာ)
အကောင်းဆုံး အမျိုးသမီးနည်းပြဆု - မီဂဲလ် ဆန်းတို့စ် (ဘရာဂါ)
အကောင်းဆုံး အမျိုးသားအသင်း - ဘင်ဖီကာ
အကောင်းဆုံး အမျိုးသမီးအသင်း - ဘင်ဖီကာ

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly