ဗဟိုဘဏ်ဒုဥက္ကဋ္ဌ၏ပြောဆိုချက်သည် ဗဟိုဘဏ်ရပ်တည်ချက်နှင့်မကိုက်ညီဟု ထုတ်ပြန်

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ၏ပြောဆိုချက်သည် ဗဟိုဘဏ်ရပ်တည်ချက်နှင့်မကိုက်ညီဟု ထုတ်ပြန်

နေပြည်တော်၊ စက်တင်ဘာ ၂ ရက် ။            ။ ပြည်သူလူထုအနေဖြင့် ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မရှိကြပါရန် ဗဟိုဘဏ်မှ ထုတ်ပြန်ချက် တစ်ရပ် စက်တင်ဘာ ၂ ရက်နေ့ ညပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်သည်။

" ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်စေရန်နှင့် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီမှုရှိစေရန်နှင့် ဘဏ်များအပေါ် လိုအပ်သောစည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ဆောင်ရွက်လျှက်ရှိပါသည်” ဟု ကနဦးဖော်ပြသည်။

ထို့နောက် “ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအနေဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းမဝေးတွင် ဖြေကြားခဲ့သည့်အချက်သည် ဗဟိုဘဏ်၏ ရပ်တည်ချက်နှင့် ပြည့်ဝစွာ ကိုက်ညီမှု မရှိပါ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လက်ရှိ ဘဏ်လုပ်ငန်းများနှင့် လုပ်ငန်းရှင်များအကြား ညှိနှိုင်းတွေ့ဆုံဆွေးနွေးမှုများနှင့်ပတ်သက်၍လည်း ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဗဟိုဘဏ်၏ သဘောသဘာဝအရ ဘဏ်များ၏ နောက်ဆုံး အားထားရာ Lender of Last Resort အဖြစ် ဘဏ်များ၏ လိုအပ်ချက် ရှိလျှင် ပြည့်ဝစွာ ကူညီထောက်ပံ့သွားမည် ဖြစ်ပါသည်။ ပြည်သူလူထုအနေဖြင့် ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မရှိကြပါရန် အသိပေးအပ်ပါသည်" ဟု ဗဟိုဘဏ်မှ စက်တင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် သြဂုတ် ၂၇ ရက်က မင်းကင်းမဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးအမတ် ဦးမောင်မြင့်က ဆက်စပ်မေးခွန်းအဖြစ် ဗဟိုဘဏ်အနေဖြင့် လုပ်ငန်းရှင်များကို ဖိတ်ကြားတွေ့ဆုံပြီး လက်ရှိတွေ့ကြုံတွေ့နေရတဲ့ အခက်အခဲကို ဖြေရှင်း ကျော်လွှားနိုင်သည့် ညင်သာပျော့ပျောင်းသော Solution တစ်ခု ရှာဖွေရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ဗဟိုဘဏ်ဒုဥက္ကဋ္ဌက လုပ်ငန်းရှင်တွေဘက်ချည်း စဉ်းစားမရဘဲ ပြည်သူ့ငွေကြေး မဆုံးရှုံးရန် ဘဏ်များ၏ တာဝန်ဖြစ်ကြောင်း ဖြေကြားခဲ့သေးသည်။

လုပ်ငန်းရှင်များမှ ချေးယူထားသော ငွေများကို စက်တင်ဘာလ နောက်ဆုံးထား ပြန်ဆပ်ရန် ဘဏ်များမှ အကြောင်းကြားထားကြောင်း လုပ်ငန်းရှင်များဘက်ကလည်း ပြောဆိုထားသည်။

လာမည့် စက်တင်ဘာလကုန် ဘဏ်ကြွေးပြန်မပေးနိုင်ပါက တရားစွဲဆိုသွားမည်ဖြစ်ပြီး တရားစွဲခံမည့် စာရင်းတွင် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များအပါအဝင်  လုပ်ငန်းရှင် တစ်သောင်းကျော်ရှိကြောင်း ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေက ပြောဆိုထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly