ရှမ်းကျောင်းဆရာ လူငယ်နှစ်ဦး အာမခံဖြင့် ပြန်လွတ်သော်လည်း အမှု ဆက်ရင်ဆိုင်ရမည်

ရှမ်းကျောင်းဆရာ လူငယ်နှစ်ဦး အာမခံဖြင့် ပြန်လွတ်သော်လည်း အမှု ဆက်ရင်ဆိုင်ရမည်
ဓာတ်ပုံ-စိုင်းဝေယံ

ရန်ကုန်၊ စက်တင်ဘာ ၂ ။           ။ ပြင်ဦးလွင်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးနေသော ရှမ်းလူငယ်နှစ်ဦးကို စက်တင်ဘာ ၂ ရက်နေ့ညနေပိုင်းက အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

" လွှတ်ပေးလိုက်ပါပြီ။ အာမခံနဲ့ လွှတ်ပေးလိုက်တာပါ။ ပြစ်မှုက နှစ်ခုနဲ့စွဲထားတာ။ သောင်းကျန်းသူပြစ်မှုကတော့ ပယ်လိုက်တယ်။ ဝေါ်ကီတော်ကီစက်ကိစ္စကတော့ ဆက်သွယ်ရေးပုဒ်မနဲ့ ပြန်စွဲမှာပါ" ဟု ရှမ်းကျောင်းဆရာများအရေး လိုက်ပါကူညီသည့် ၊ သူငယ်ချင်းဖြစ်သူ စိုင်းအောင်ခမ်းက မဇ္ဈိမသို့ စက်တင်ဘာ ၂ ရက် ည ၉ နာရီခွဲခန့်တွင် ပြောသည်။

ဆက်လက်ပြီး " ကျွန်တော်က သူတို့ကို သွားအားပေးတာပါ။ ရဲက ကျွန်တော်တို့ကို မိခင်ဘာသာစကားနဲ့ပေးမပြောဘူး။ ဗမာစကားနဲ့ပဲ ပြောခိုင်းတယ်။ ကျွန်တော်တို့က ဗမာစကားသိပ်မကျွမ်းကျင်ဘူး။ စိတ်မကောင်းဖြစ်မိတယ် " ဟု စိုင်းအောင်ခမ်းက ဆိုသည်။

အာမခံ ပေးလိုက်သော်လည်း အမှုကို ပြင်ပမှ ဆက်လက် ရင်ဆိုင်ရမည်ဟု သိရပြီး စိုင်းလိုင်းစင့်မှာ လက်ရှိတွင် ကျန်းမာရေး မကောင်းကြောင်း သိရသည်။

သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင်မြို့နယ်အတွင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြင်ဦးလွင်မြို့ ဖောင်းတောကျေးရွာတွင် နေထိုင်သည့် ရှမ်းပရဟိတကျောင်းဆရာများ ဖြစ်သည့် စိုင်းခွန်မိုင်းနှင့် စိုင်းလိုင်းစင့်တို့ ညီအစ်ကိုနှစ်ဦးအား ပြင်ဦးလွင်ရဲစခန်းတွင် သြဂုတ် ၁၇ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်သည်။

ယင်းနောက် သြဂုတ် ၂၀ ရက်နေ့တွင် ရမန် တစ်ပါတ်ယူကာ ညီအစ်ကိုနှစ်ဦးစလုံးအား ပြင်ဦးလွင်မြို့ရဲစခန်းတွင် ချုပ်နှောင်ထားခဲ့ပြီး ရမန်ပြည့်သော စက်တင်ဘာ ၂ ရက်တွင် အာမခံဖြင့် လွှတ်ပေးလိုက်သော်လည်း အမှုမှ အပြီးပြတ်လွှတ်ခြင်း မဟုတ်ပေ။

" ကျွန်တော့သူငယ်ချင်းက မဟုတ်မမှန်တာ မလုပ်ဘူး။ တရားမျှတမှုလေးတော့ ရချင်တယ်" ဟု စိုင်းအောင်ခမ်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာရှမ်းလူငယ်ကွန်ရက်မှလည်း ယင်းတို့နှစ်ဦးကို ချွင်းချက်မရှိ ပြန်လွှတ်ရန် သဘောထားတစ်ရပ် ထုတ်ပြန်ထားသည်။

သြဂုတ် ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့( TNLA၊ AA၊ MNDAA ) တို့မှ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်၊ နောင်ချိုမြိုသို့ အထွက် ပြင်ဦးလွင် တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့ အထွက် နောင်ချို တိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်တစ်ခုတို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် သြဂုတ် ၁၅ ရက်တိုက်ခိုက်ခံရမှုအပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့်တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကာ သြဂုတ် ၃၁ ရက်နေ့က ကွတ်ခိုင်တွင် လက်နက်ကြီးကျကာ ကလေးများအပါအဝင် အရပ်သားများ သေဆုံးခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required