မြန်မာ ယူ ၁၈ အသင်း ရာသီပြီးဆုံးချိန်နှစ်ပွဲအလိုတွင် ချန်ပီယံဆု ဆွတ်ခူး

မြန်မာ ယူ ၁၈ အသင်း ရာသီပြီးဆုံးချိန်နှစ်ပွဲအလိုတွင် ချန်ပီယံဆု ဆွတ်ခူး

သြဂုတ် ၃၁ ။             ။ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ၂၁ အမှတ်ပေးပြိုင်ပွဲတွင်  MFF Youth အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာလက်ရွေးစင်အသင်း ယူ ၁၈ အသင်း သည် ရာသီပြီးဆုံးချိန်နှစ်ပွဲအလိုတွင် ပထမဆုံးအကြိမ် ချန်ပီယံ ဆုဖလားကို ကိုင်မြောက်နိုင်ခဲ့သည်။

သြဂုတ် ၃၁ ရက်နေ့ ရန်ကုန်မြို့၊ ပဒုမ္မာမကွင်းတွင် MFF Youth( မြန်မာလက်ရွေးစင် ယူ၁၈ အသင်း )နှင့် ရှမ်း ယူ ၂၁ အသင်းတို့ ညနေပိုင်းအချိန် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဂိုးမရှိသရေဖြင့် ပွဲပြီးဆုံးခဲ့သော်လည်း ရမှတ်အသာဖြင့် ချန်ပီယံ ဖြစ်ခဲ့သည်။

"ကစားသမားတွေ စွမ်းဆောင်ရည် ကောင်းမွန်ပါတယ်။ ဒီနေ့ သူတို့ ပျော်နေကြတယ်။ ကျွန်တော်လည်း သူတို့ ကြည့်ပြီး ပိုပျော်ပါတယ်။ ကျွန်တော် ကိုင်တွယ်တဲ့ ၆ လတာအတွင်း ဒီလိုမျိုး အောင်မြင်တဲ့အတွက်လည်း ကျွန်တော်ကို ယုံယုံကြည့်ကြည့်နဲ့ ကိုင်တွယ်ခွင့်ပေးတဲ့ဆရာကိုလည်း ကျေးဇူးတင်ပါတယ်" ဟု မြန်မာလက်ရွေးစင်အသင်း ယူ ၁၈ နည်းပြချုပ် ဦးစိုးမြတ်မင်းက မီဒီယာများကို ပြောသည်။

သြဂုတ် ၃၁ ရက် ယခုပွဲစဉ်အပြီးတွင် မြန်မာလက်ရွေးစင် ယူ ၁၈ အသင်းအနေဖြင့် လေ့ကျင့်မူ ခဏရပ်နားမည် ဖြစ်ပြီး လာမည့်စက်တင်ဘာ ဒုတိယပတ်လောက်မှ စတင်ကာ ၂၀၂၀ အာရှ ယူ ၁၉ ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မူများ ပြုလုပ်သွားမည်။

မြန်မာ ယူ၁၈ အသင်းအနေဖြင့် အာဆီယံ ယူ ၁၈ ပြိုင်ပွဲကိုယှဉ်ပြိုင်ခဲ့သည့်အသင်းကို အခြေခံပြီး ပထမ ကစားသမား ၂၈ ဦးဖြင့် ဖွဲ့စည်းပြီး ပထမဆုံးနိုင်ငံတကာပြိုင်ပွဲကို စက်တင်ဘာ ၂၇ မှ စက်တင်ဘာ ၂၉ ရက်နေ့အထိ ကျင်းပမည့် တရုတ် - တိုင်ပေ ယူ၁၈ ဖိတ်ခေါပြိုင်ပွဲကို ဝင်ရောက်ယှဉ်ရမည် ဖြစ်သည်။

နည်းပြချုပ် ဦးစိုးမြတ်မင်း ကိုင်တွယ်နေသည့် မြန်မာလက်ရွေးစင် ယူ ၁၈ အသင်းအနေဖြင့် ၂၀၁၉ ခုနှစ်မြန်မာနေရှင်နယ်လိဂ် ၂၁ ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ချိန်တွင်  ချန်ပီယံဆုဖလားကို ရရှိခဲ့ခြင်း လည်း ဖြစ်သည်။

ချန်ပီယံဆု ရရှိခဲ့သည့် မြန်မာလက်ရွေးစင် ယူ ၁၈ အသင်းကို ချန်ပီယံဆုဖလားနှင့်အတူ ကျပ်သိန်း၂၀၀ ၊ ဒုတိယဆု ရရှိခဲ့သည့် ရှမ်းယူတိုက်တက်အသင်းကို ကျပ်ငွေ သိန်း ၁၀၀၊ တတိယဆု ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းကို ကျပ်သိန်း ၅၀ တို့ ချီးမြှင့်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly