၂၀၁၉ခုနှစ်အတွက် စပါးစျေးနှုန်းကို နွေစပါးနှင့်မိုးစပါး ခွဲခြားသတ်မှတ်ရန် စီစဉ်နေ

၂၀၁၉ခုနှစ်အတွက် စပါးစျေးနှုန်းကို နွေစပါးနှင့်မိုးစပါး ခွဲခြားသတ်မှတ်ရန် စီစဉ်နေ
Photo - EPA

နေပြည်တော်၊ သြဂုတ်လ ၃၁ ။           ။ ၂၀၁၉ခုနှစ်အတွက် စပါးစျေးနှုန်းသတ်မှတ်ရာတွင် နွေစပါး နှင့် မိုးစပါး ကုန်ကျစရိတ်များကို တွက်ချက်ကာ အခြေခံ စျေးနှုန်း သတ်မှတ်ပေးသွားရန် စီစဉ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောသည်။

သြဂုတ်လ ၃ဝရက်နေ့က နေပြည်တော်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပ ပြုလုပ်သည့် ဆန်၊ စပါးစျေးကွက်နှင့် စျေးနှုန်းဆိုင်ရာသုံးသပ် အကြံပြုရေးပထမကြိမ်ဆွေးနွေးပွဲအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“မိုးစပါးကုန်ကျစရိတ်နဲ့၊ နွေစပါးကုန်ကျစရိတ်ကမတူတဲ့ အတွက်ကြောင့်မို့လို့  ကျွန်တော်တို့က မိုးစပါးကို သပ်သပ်၊ နွေးစပါးကိုသပ်သပ်ပေါ့လေ။ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ အခြေခံစျေးနှုန်းတွေကိုစဉ်းစားပြီးတော့ သတ်မှတ်သွားဖို့လည်းဆွေးနွေးဖို့ရှိပါတယ်”ဟုပြောသည်။

နွေစပါးနှင့် မိုးစပါးသည် တစ်တင်းကုန်ကျစရိတ်အတွက် တူညီမှုမရှိသောကြောင့် ထိုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်းဒုဝန်ကြီးကရှင်းပြသည်။ထို့အပြင် ယခုနှစ်အတွက် အခြေခံစျေးနှုန်းကိုတွက်ချက်ရာတွင် ကုန် သည်များ၊ စက်ပိုင်များ၊ တောင်သူလယ်သမားများ ၊ ပညာရှင်များနှင့်အတူ စစ်တမ်းများကောက်ယူပြီး လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အဓိကတွက်ချက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခြေခံစျေးနှုန်းကနေ ပြီးတော့ ကျွန်တေ်ာတို့မှ ၃၀ ရာခိုင်နှုန်း မြှင့်ပြီးတော့ ထားမလား၊ ၄၀ ရာခိုင်နှုန်း မြှင့်ပြီးတော့ ထားမလား ၊ ၅၀ ရာခိုင်နှုန်းထားမလားပေါ့နော်။  အဲ့ဒီဟာလေးတွေကို ကျွန်တော်တို့က တွက်ချက်ပြီးတော့မှ  ဒီတောင်သူလယ်သမားတွေအနေနဲ့ သူတို့ရဲ့  အကျိုးအမြတ် ရနိုင်မယ့်ဟာတွေကို ထည့်သွင်းတွက်ချက်သွားမှာဖြစ်ပါတယ်”ဟုဦးအောင်ထူးက ဆက်ပြောသည်။

၂၀၁၈ခုနှစ်တွက် အခြေခံစပါးစျေးနှုန်းကို ကျပ်ငါးသိန်း သတ်မှတ်ထားပြီးဒေသအလိုက် စျေးကွက်ပေါက်စျေး သည် အခြေခံစျေးနှုန်းအောက်ရောက်နေပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဆန်စက်များ၊ ဆန်ကုန်သည် များမှ အခြေခံစျေးဖြင့် ဝယ်ယူပေးနိုင်ရန် ထုန်ပြန်ထားသည်။

“ အဲ့တော့ ငါးသိန်းစျေးဆိုတာကမဆိုးပါဘူး။ ခုနကပြောသလို ၄၆ပေါင်ကို ငါးသိန်းစျေးလား၊ ပေါင် ၅ဝကို ငါးသိန်းစျေးလား ၊ ပေါင် ၅ဝကို ငါးသိန်းစျေးဆိုရင်တော့ လယ်သမားတွေအတွက် တွက်ချေမကိုက် လောက်ဘူး”ဟု ဧရာဝတီတိုင်းဒေသကြီးမှ စပါးစိုက်တောင်သူကိုယ်စားလှယ် ဦးအေးသောင်းက ပြောသည်။

ပြည်တွင်း၌ အခြေခံစပါးစျေးနှုန်းသတ်မှတ်ဝယ်ယူခြင်းကို ၂၀၁၈ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး လုပ်ကွက်ငယ် တောင်သူလယ်သမားအများစု၏ အကျိုးစီးပွားအတွက်ရည်ရွယ်ကာ (အစိုဓာတ် ၁၄ရာခိုင်နှုန်း)ရှိသော အဖျင်း အမှော် ၊ဖုန်၊ သဲ၊ ခဲ စသည့် အရည်အသွေးပိုင်းဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမည့် ၄၆ ပေါင် တိုက် စပါးတင်း ၁ဝဝလျှင် အခြေခံစျေးနှုန်း ကျပ် ငါးသိန်း အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required