တရုတ်အပေါ် သွင်းကုန်ခွန်က စီစဉ်ထားတဲ့အတိုင်း ချမှတ်မယ်လို့ ထရမ့် ပြော

တရုတ်အပေါ် သွင်းကုန်ခွန်က စီစဉ်ထားတဲ့အတိုင်း ချမှတ်မယ်လို့ ထရမ့် ပြော

တရုတ်သွင်းကုန်တွေအပေါ် စည်းကြပ်ခွန်သစ် ချမှတ်မှာကို စီစဉ်ထားတဲ့အတိုင်း စက်တင်ဘာ ၁ ရက်မှာ ချမှတ်မှာ ဖြစ်ကြောင််း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ အတည်ပြုပြောပါတယ်။

ဒီလို လုပ်ဆောင်တာဟာ ဟောင်ကောင်အရေးမှာ ပိုမိုပျော့ပျော့ပျောင်းပျောင်း ကိုင်တွယ်လုပ်ဆောင်ဖို့ တရုတ်နိုင်ငံကို စီးပွားရေးအရ ဖိအားပေးတာလို့ ထရမ့်က ဆိုပါတယ်။

“တရုတ် သွင်းကုန်တွေကို အခွန်သစ်ချမှတ်တာက ကြေညာထားတဲ့အတိုင်းပဲ ဖြစ်ပါတယ်။”လို့ တရုတ် ကုန်စည် ဒေါ်လာ ဘီလီယများစွာအပေါ် သွင်းကုန်ခွန် ချမှတ်တာ အသက်ဝင်မယ့် စက်တင်ဘာ ၁ ရက် မတိုင်ခင် နှစ်ရက်အလိုမှာ ထရမ့်က သတင်းထောက်တွေကို ပြောတာပါ။

ဟောင်ကောင်က ဒီမိုကရေစီ ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းတာမျိုးတွေကို အာဏာပိုင်တွေက မလုပ်ဆောင်နိုင်အောင် တားဆီးပေးဖို့ တရုတ်နိုင်ငံ တာဝန်ယူလာအောင် အမေရိကန်ရဲ့ စီးပွားရေးဖိအားပေးခြင်းပါပဲလို့ ထရမ့်က ပြောပါတယ်။

“ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော် လုပ်ဆောင်နေတာတွေဟာ အခြေအနေတွေ သက်သက်သာသာ အေးအေးဆေးဆေး ဖြစ်စေဖို့ပါပဲ။”လို့ အိမ်ဖြူတော်မှာ ထရမ့်က ပြောပါတယ်။

ဟောင်ကောင်မှာ အစိုးရကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားနေပြီး ဒီ အရေးအခင်းကို တရုတ်နိုင်ငံက အင်အားသုံးဖြိုခွင်းလာမလားဆိုကာ စိုးရိမ်နေရချိန်လည်း ဖြစ်ပါတယ်။

ဒါအပြင် အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံကြားက နှစ်နဲ့ချီ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ် ပြေငြိမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖြစ်မယ်လို့ မျှော်လင့်နေချိန်မှာ ထရမ့်က တရုတ် သွင်းကုန်တွေကို အခွန်သစ်ချမှတ်တာဟာ ကြေညာထားတဲ့အတိုင်းပဲ အသက်ဝင်လာမှာပဲလို့ ပြောလာတာလည်း ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required