မြို့သစ်စီမံကိန်းနှင့် အထူးစီးပွားရေးဇုန်များအတွက် နိုင်ငံခြားရင်းနှီးမြှတ်နှံမှုများ ဖိတ်ခေါ်

မြို့သစ်စီမံကိန်းနှင့် အထူးစီးပွားရေးဇုန်များအတွက် နိုင်ငံခြားရင်းနှီးမြှတ်နှံမှုများ ဖိတ်ခေါ်
ဓာတ်ပုံ - ကရိုင်းနူးရာ

ရန်ကုန်၊ သြဂုတ် ၃ဝရက် ။          ။ ရန်ကုန်မြို့၏ မြို့သစ်စီမံကိန်းများနှင့် အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြုပ်နှံကြရန် နိုင်ငံခြား ရင်းနှီးမြှတ်နှံသူများကို  ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖိတ်ခေါ်လိုက်သည်။  

ရင်းနှီးမြုပ်နှံရေးနှင့် နိုင်ငံခြားစီးပွားရေး ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မလေးရှာပြည်ပဖွံ ့ဖြိုးရေး ကော်ပိုရေးရှင်းတို့ က ပံ့ပိုးပြီး မလေးရှားသံရုံးနှင့် မလေးရှားမြန်မာစီးပွားရေး ကုန်သည်ကြီးများအသင်းက ဦးဆောင်ကျင်းပသည့် Malaysia - Myanmar Connection 2019 အခမ်းအနားကို   သြဂုတ်လ ၃ဝရက်နေ့ က ရန်ကုန်မြို့၊ Wyndham Grand Hotel တွင် ပြုလုပ်ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သီလဝါစီးပွားရေးဇုန်၏ မျက်နှာချင်းဆိုင်တွင်  မြို့သစ်စီမံကိန်းများ၊ အထူး စီးပွားရေး ဇုန်ကြီးများကို ဆက်လက်တည်ဆောက်နိုင်ရန်အတွက် အခွင့်အလမ်းကောင်းများ ရှိနေပြီး အဆိုပါကဏ္ဍ နယ်ပယ်များတွင် ရင်းနှီးမြုပ်နှံ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံကိန်း ၈၀ ကျော် ပါဝင်သည့် Yangon Project Bank တစ်ခုကို ထူထောင်ထားသည့်အတွက်  နိုင်ငံခြားရင်း နှီးမြုပ်နှံသူများကို ကြိုဆိုသည်ဟု  ဦးဖြိုးမင်းသိန်းက ဆိုသည်။

“နိုင်ငံတကာရင်းနှီးမြုပ်နှံသူတွေ လာရောက်တဲ့အခါမှာ အဆင်ပြေချောမွေ့နိုင်ဖို့အတွက် အကြိုလေ့လာဆန်းစစ်မှု တစ်ရပ်ကို စင်္ကာပူနိုင်ငံမှာရှိတဲ့ အတိုင်ပင်ခံအဖွဲ့တစ်ခုဖြစ်တဲ့ PWCနဲ့ တိုင်ပင်ပြီး ဒီစီမံကိန်းတွေကို လေ့လာဆန်း စစ်မှု ပြုခဲ့ပါတယ်။ ဒါကြောင့် ဒီစီမံကိန်းတွေဟာ စီးပွားရေးအရ တွက်ချေကိုက်နိုင်တယ်၊ ရင်းနှီးမြုပ်နှံမယ့် သူတွေဟာ ဒီအပေါ်မှာ လေ့လာဆန်းစစ်ပြီး ရင်းနှီးမြုပ်နှံမှု ပြုမယ်ဆိုရင် အသေးစိတ် လေ့လာမှုတစ်ခု ထပ်မံ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ ရင်းနှီးမြုပ်နှံမှုတွေ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံမယ့်သူတွေအတွက် အကျိုးအမြတ်ကောင်းရဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေကို ကျွန်တော်တို့ လှိုက်လှဲစွာ ကြိုဆိုပါတယ်'' ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါအခမ်းအနားတွင် မလေးရှားနိ်ုင်ငံမှ ကုမ္ပဏီ ၁၀၀ ကျော်နှင့် မလေးရှားစီးပွားရေးလုပ်ငန်းရှင် ၁၅၀ ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်သည့် မလေးရှားစီးပွားရေး လုပ်ငန်းရှင်များ၏ သုံးပုံနှစ်ပုံခန့်သည် မြန်မာနိုင်ငံကို လုံးဝမရောက်ဖူးသူများ ဖြစ်သည်ဟု သိရသည်။  

“မြန်မာ နဲ့ မလေးရှားက ယဉ်ကျေးမှုတူညီတာတွေလည်း ရှိတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ရင်းနှီးတဲ့ဆက်ဆံရေးကလည်း ကြာမြင့်နေပြီ ဖြစ်တယ်။ နောက်ပိုင်းမှာလည်း မြန်မာ - မလေးရှား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး ရှိလာဖို့ မျှော်လင့်တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ၂၅နှစ်ကျော် စီးပွားရေးလုပ်လာတဲ့သူ ဖြစ်တဲ့အတွက် မြန်မာနိ်ုင်ငံရဲ့ အခြေအနေ အလားအလာတွေကို ပိုပြီး နားလည်ပါတယ်။ MMBC အနေနဲ့လည်း မြန်မာနဲ့ မလေးရှား ပိုပြီး ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ ကြိုးစားသွားမယ်'' ဟု  မလေးရှား - မြန်မာ စီးပွားရေး ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr.Gilbert Lee က ပြောသည်။  

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ လာရောက်ကြသေည်လည်း မူဝါဒများ ရှုပ်နေသည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံသူများနှင့် ပူးပေါင်း လုပ်ဆောင်နိုင်ရန် အဆင်မပြေမှုများ ရှိနေသည်ဟု မန္တလာမိသားစု ကုမ္ပဏီမှ စီအီးအို ဦးစိုးမြင့်က ပြောသည်။

''ကျွန်တော်တို့ဆီမှာ မူဝါဒပြဿနာတွေ အများကြီးရှိတယ်။ ဒီအစိုးရကနေ မူဝါဒတွေကို လျှော့ပေးမှ ရမယ်။ တစ်ခါတစ်ရံကျရင် ဒီလိုပွဲတွေ အများကြီး ကျွန်တော်တို့တက်တယ်။ အဲ့ဒီပွဲတွေတက်ရင် နားထောင်လို့ သိပ်ကောင်းတယ်။ အမှန်တကယ်လက်တွေ့ ကွင်းထဲဆင်းလုပ်ရင် အမျိူးမျိုးအရစ်ခံရတယ်။ ဒါတွေကိုလည်း လျှော့ဖို့လိုတယ်။ နိုင်ငံခြားသားတွေ ခေါ်ပြီးရင် တကယ်ပြောနေတာတွေ၊ တကယ်လုပ်နေတာတွေ၊ အောက်ခြေကိုလည်း ဆင်းကြည့်ဖို့ ကောင်းတယ်။ လုပ်ငန်းတစ်ခုလောက်ကို လိုင်စင် ဆယ်မျိုးလောက်ယူရ တာ ဘယ်လိုမှ အဆင်မပြေဘူး'' ဟု  ဦးစိုးမြင့်က မီဒီယာများကို ပြောသည်။

အဆိုပါ အခမ်းအနားသို့  မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး  တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာ - မလေးရှားနှစ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်များကလည်း နားလည်မှုစာချွန်လွှာ သုံးခုကို လက်မှတ် ရေးထိုးခဲ့ကြသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly