စပါးအခြေခံစျေးနှုန်း ပြောင်းလဲမှု ၂၀၂ဝရွေးကောက်ပွဲကို မထိခိုက်ရန် လိုကြောင်း စီးပွား/ကူးသန်း ဒုဝန်ကြီးပြော

စပါးအခြေခံစျေးနှုန်း ပြောင်းလဲမှု ၂၀၂ဝရွေးကောက်ပွဲကို မထိခိုက်ရန် လိုကြောင်း စီးပွား/ကူးသန်း ဒုဝန်ကြီးပြော
Photo - EPA

နေပြည်တော်၊ သြဂုတ် ၃၀ ။          ။ စပါးအခြေခံစျေးနှုန်း ပြောင်းလဲပြင်ဆင်ရန် လုပ်ဆောင်မှုနေပြီး ဒါဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မထိခိုက်ရန် လိုအပ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြုလုပ်တဲ့ ဆန်စပါး စျေးကွက်နှင့် စျေးနှုန်းဆိုင်ရာသုံးသပ်အကြံပြုရေးလုပ်ငန်းကော်မတီအစည်းဝေး အဖွင့်မိန့်ခွန်းမှာ ပြောခဲ့တာပါ။

“ဒီအခြေခံစျေးနှုန်းသတ်မှတ်မှုဟာဆိုရင် အင်မတန် ထိလွယ်၊ ရှလွယ်တဲ့ကိစ္စ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ ဖြစ်နိုင်တဲ့လက်တွေ့ကျတဲ့ စျေးနှုန်းကို သတ်မှတ်ပေး ဖို့ဖြစ်ပါတယ်။ ဒီစျေးနှုန်းထက် ကျော်လွန်လွန်ဖြစ်ပေါ်လာမှုဟာ ကောင်းမွန်သော်လည်းပဲ ဒီစျေးနှုန်းထက် ကျတယ်ဆိုရင်တော့ နိုင်ငံရေးအကျိုးဆက်တွေ ဖြစ်လာနိုင်ပြီးတော့ ပြီးခဲ့တဲ့နွေမှာဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ လာမယ့် ၂၀၂၀ ဟာ ရွေးကောက်ပွဲနှစ် ဖြစ်တဲ့အတွက် မိမိတို့အဖို့ ပိုမိုပြီးတော့မှ အခြေခံစျေးနှုန်းသတ်မှတ် မှုနဲ့ ပတ်သက်ပြီးတော့မှ သတိပြုဆောင်ရွက်ပေးဖို့လို အပ်ပါတယ်” လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

ယခုနှစ်မှာ စပါးအခြေခံစျေးနှုန်း ပြောင်းဖို့ ထုတ်လုပ်မှုကုန်ကျစရိတ်ကို အခြေခံ တွက်ချက်ကာ ဆန်စပါး စျေးကွက်မှာ အတွေ့အကြုံရှိ ကုန်သည်စက်ပိုင်တွေ၊ တောင်သူလယ်သမားတွေ၊ ပညာရှင်တွေ ဆီကနေ စစ်တမ်းကောက်ယူပြီး အခြေခံစျေးနှုန်းကို လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနမှ တွက်ချက် သတ်မှတ်မှာ ဖြစ်ပါတယ်။

စျေးနှုန်းပြင်ဆင်ရေးအတွက် စျေးကွက်ရဲ့ ဝယ်လိုအား၊ ရောင်းလိုအားတွေကိုလည်း ထည့်သွင်းတွက်ချက် ပေးဖို့ကိုလည်း ဒုဝန်ကြီး ဦးအောင်ထူးက ဆက်လက်ပြောခဲ့ပါတယ်။

“အခြေခံစျေးနှုန်းဟာ တောင်သူတွေရော၊ ကုန်သည် လုပ်ငန်းရှင်များပါ အကျိုးရှိနိုင်တဲ့ Win - Win စနစ် ဖြစ်ဖို့အတွက် ဒီစျေးနှုန်းကို မှန်မှန်ကန်ကန်တွက်ချက် ရန်နဲ့ အခြေခံစျေးနှုန်းကို အာမခံချက်ပေးနိုင် အောင်ဆိုရင် အာမခံချက်ပေးနိုင်အောင်ဆောင်ရွက်ရ မှာဖြစ်ပြီးတော့မှ မိမိတို့လုပ်ငန်းကော်မတီအတွက် တွက်ချက်ထားတဲ့ အခြေခံစျေးနှုန်းနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ဦးဆောင်ကော်မတီသို့ တင်ပြလမ်းညွှန်ချက်ရယူသွားမှာဖြစ်ပါတယ်” လို့ ဒုဝန်ကြီးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ အခြေခံစျေးနှုန်းအနေနဲ့  စပါးတင်း တစ်ရာလျှင် ကျပ်ငါးသိန်းနှုန်းနဲ့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒေသအလိုက် စျေးကွက်ပေါက်စျေးဟာ အခြေခံစျေးနှုန်းအောက် ရောက်နေရင် အခြေခံစျေးနဲ့ပဲ အသင်းချုပ် အသင်းဝင် ဆန်စက်များ ၊ ဆန်ကုန်သည်များက ဝယ်ယူဖို့ စီစဉ်ဆောင်ရွက်ပေးမယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဘက်မှ ထုတ်ပြန်ထားပါတယ်။

ဒီနှစ်မှာ စပါးစျေးက ထုတ်လုပ်မှုကုန်ကျစရိတ်ရဲ့ အထက်မှာရှိနေတဲ့အတွက် စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်မှ ဝယ်ယူရန် ထုတ်ယူထားတဲ့ ရန်ပုံငွေ ကျပ်ငွေ ၁၅ ဘီလီယံကို မိုးစပါးမပေါ်မီ ၂၀၂၀ ဘဏ္ဍာရေးနှစ် ကုန်အထိ ကိုင်ထားမယ်လို့ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

စပါးအခြေခံစျေးနှုန်းကိုတော့ လာမဲ့ အောက်တိုဘာလကုန်မှာ သတ်မှတ်အဆိုပြုပေးဖို့နိုင်ရေးအတွက်လည်း ဆောင်ရွက်နေတယ်လို့ဆိုပြီး စျေးဘယ်လောက်ဖြစ်လာမလဲတော့ အခုချိန်ထိ မသိရသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required