မကွေးတွင် သဘာဝဘေး ကယ်ဆယ်ရေးအတွက် လေ့ကျင့်မှုများပြုလုပ်

မကွေးတွင် သဘာဝဘေး ကယ်ဆယ်ရေးအတွက် လေ့ကျင့်မှုများပြုလုပ်

မကွေး၊ သြဂုတ် ၃၀ ။         ။ မကွေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးများဖြစ်ပေါ်ပါက ဒုက္ခကြုံရသည့် ပြည်သူများကို စနစ်တကျ လျင်မြန်စွာ ကယ်ဆယ်နိုင်ရေးအတွက် လေ့ကျင့်မှုတစ်ရပ်ကို မကွေးမြို့၊ မြသလွန်ပွဲတော်ကွင်း ၊ ဧရာဝတီ မြစ်ကမ်းဘေး မြေကွက်လပ်တွင် သြဂုတ်လ ၃ဝရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ကနဦးလေ့ကျင့်မှုတွင် ဧရာဝတီမြစ်ပြင်၌ ဆီသည်ရေယာဉ်တစ်စီးမီးလောင်မှုကို ငြှိမ်းသတ်ခြင်း ၊ လှေလုပ်သားများ ရေနစ်မြုပ်မှုကိုကယ်တင်ခြင်း ၊ ရှေးဟောင်းတန်ဖိုးကြီးပစ္စည်းသေတ္တာ ရေငုပ်ရှာဖွေခြင်း များကို ရေပြင်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၂၀)ဦးက မီးငြိမ်းသတ်ရေယာဉ် နှင့် ကယ်ဆယ်ရေး ရေယာဉ်များ အသုံးပြု၍ စွမ်းရည်ပြသခဲ့သည်။

 

“မဖြစ်ခင်က စနစ်တကျ ကြိုတင်လေ့ကျင့်ပြီး ဖြစ်လာရင် ဘယ်သူဘာလုပ်ရမယ်။ ဘာပစ္စည်းတွေကိုင်ရမယ်။ ရှာဖွေရေးပြီးမှ ကယ်ဆယ်ရေး လုပ်ရတယ်။ ဒီလိုမျိုး သဘာဝဘေးတစ်ခုခုဖြစ်ရင် အလျင်အမြန် တုံ့ပြန် နိုင်အောင် အမြဲတမ်း လေ့ကျင့်နေပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ ပြီးပြည့်စုံအောင်လုပ်ဖို့ကတော့ နောက် လေးငါးဆယ်နှစ်လောက်ဆိုရင် ဖြစ်မှာပါ။ အခုတစ်ဖြေးဖြေးတော့ ပြည့်စုံအောင်ဆောင်ရွက်နေပါတယ် ”ဟု မကွေးတိုင်းမီးသတ်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူးဦးအောင်ဝင်းစိန်က ပြောသည်။

ထို့အပြင် မြေငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦပြိုကျမှုများအတွက် ထိခိုက်ဒဏ်ရာရရှိသူ ၊ အဆောက် အဦးအတွင်း ပိတ်မိနေသူများကို ခေတ်မီစက်ကိရိယာနှင့် နည်းစနစ်များအသုံးပြု၍ အင်အား(၁၁၆) ဦး ပါဝင်သည့် ရှာဖွေကယ်ဆယ်ရေးတပ်ခွဲဖြင့် ကယ်ဆယ်သရုပ်ပြမှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ လေ့ကျင့်မှုတွင် မီးသတ်တပ်ဖွဲ့ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ခေတ်မီစက်ကိရိယာများအသုံးပြုကာ လေ့ကျင့်ခဲ့ပြီး မကွေးတိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ မကွေးတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတာနှင့် ဌာနဆိုင်ရာများ ဒေသခံပြည်သူများ လာရောက်ကြည့်ရှုခဲ့သည်။

မကွေးတိုင်းဒေသကြီးတွင် ၂၀၁၈ခုနှစ်က မြေငလျင်လှုပ်ခတ်မှု ၁၃ကြိမ် ဖြစ်ပွားခဲ့ပြီး ရစ်ချက်တာစကေး ၄.၂ ထိ ရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly