အူရီဒူးမြန်မာမှ လုပ်ငန်းဆောင်ရွက်မှု ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် နေရာ ငါးခုတွင် လှူဒါန်းမှုများ ပြုလုပ်

အူရီဒူးမြန်မာမှ လုပ်ငန်းဆောင်ရွက်မှု ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် နေရာ ငါးခုတွင် လှူဒါန်းမှုများ ပြုလုပ်

ရန်ကုန်၊ သြဂုတ် ၃၀ ။       ။ အူရီဒူးမြန်မာမှ မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်မှု ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် နေရာ ငါးခုတွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အူရီဒူးမြန်မာသည် ၂၀၁၄ခုနှစ် သြဂုတ်လမှစတင်ကာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ် သြဂုတ်လတွင်  ငါးနှစ်ပြည့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ငါးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် သြဂုတ်လ နောက်ဆုံးအပတ်တွင် အူရီဒူးမြန်မာမှ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် သံဃာတော်များအား ဆွမ်းကပ်ခြင်း၊  ရွှေဂုံတိုင် ကလေးပြုစုရေးဌာန တွင်  မွေးကင်းစကလေးငယ် ရဝ ခန့်အတွက် နို့မှုန့်များလှူဒါန်းခြင်း၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း၊ ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းနှင့်  မလိခ အမျိုးသမီးကလေးများ သင်တန်းကျောင်းတို့ရှိ အမျိုးသား နှင့်အမျိုးသမီးငယ် ၈ဝဝ ကျော်အတွက် တစ်နေ့တာ အဟာရလှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 “ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ ငါးနှစ်တာ အောင်မြင်မှုများစွာ ရရှိခဲ့လို့ အထူးဝမ်းမြောက်မိပါတယ်။ ဒီအောင်မြင်မှုတွေရရှိလာနိုင်ဖို့ အဓိကပံ့ပိုးပေးကြတဲ့ အရေးကြီးလှတဲ့ သုံးစွဲသူမိဘပြည်သူတွေ၊ နိုင်ငံတော် အစိုးရနဲ့အတူ ဥပဒေပြုအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြား လိုပါတယ်”ဟု အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Rajeev Sethi ကပြောသည်။

အူရီဒူးသည် ၂၀၁၆ခုနှစ် မေလ၌ မြန်မာနိုင်ငံတွင် 4G ကွန်ရက်ကို ပထမဦးဆုံးစတင်မိတ်ဆက်ပြီး ဝန်ဆောင်မှု ပေးအပ်ခဲ့သလို ကွန်ရက်အမြန်နှုန်းတိုင်းတာစစ်ဆေးမှုတွင်လည်း ကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်းဖြစ်သည့် Ookla® မှ အူရီဒူး၏ မိုဘိုင်းကွန်ရက်ကို မြန်မာ့အမြန်ဆုံး မိုဘိုင်းကွန်ရက်အဖြစ် ၂၀၁၈ခုနှစ်အတွက် အသိ အမှတ်ပြုခဲ့သည်။ ထို့အပြင် ယခု ၂၀၁၉ခုနှစ် ပထမသုံးလပတ်နှင့် ဒုတိယသုံးလပတ်တွင်လည်း ထပ်မံ အသိအမှတ်ပြုခြင်း ခံခဲ့ရကြောင်း သိရသည်။

အူရီဒူးမြန်မာသည် လုပ်ငန်းစတင်ဆောင်ရွက်ချိန်မှ ယနေ့အထိ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ပြီး ပြည်သူလူထု၏ဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာရေးအတွက် လူမှုအကျိုးပြုလုပ်ငန်းများတွင် စုစုပေါင်း ကျပ်ငွေ ၅၁ ဘီလီယံကျော် ပံ့ပိုပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ လူဦးရေ၏ ၉၄ ရာခိုင်နှုန်းကျော်ကို အူရီဒူးကွန်ရက်လွှမ်းခြုံထား နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly