ဘာစီလိုနာ အုပ်စုကျပ်ပြီး လီဗာပူးလ်နဲ့ နပိုလီတို့ ပြန်တွေ့ကျတဲ့ ၂၀၁၉-၂၀ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုမဲခွဲမှု

ဘာစီလိုနာ အုပ်စုကျပ်ပြီး လီဗာပူးလ်နဲ့ နပိုလီတို့ ပြန်တွေ့ကျတဲ့ ၂၀၁၉-၂၀ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုမဲခွဲမှု
Photos: EPA

၂၀၁၉-၂၀ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အုပ်စုအဆင့်မဲခွဲပွဲကို ကြာသပတေးနေ့ညပိုင်းက မိုနာကိုမြို့မှာ ကျင်းပခဲ့ရာ ချန်ပီယံဟောင်း (၃)သင်းဖြစ်တဲ့ ဘာစီလိုနာ၊ ဒေါ့မွန်နဲ့ အင်တာမီလန်တို့ဟာ တစ်အုပ်တည်းကျရောက်ခဲ့ကြပြီး လက်ရှိချန်ပီယံ လီဗာပူးလ်က နပိုလီအသင်းနဲ့ ပြန်လည် တွေ့ဆုံမှာဖြစ်ပါတယ်။

ဘာစီလိုနာ၊ ဒေါ့မွန်နဲ့ အင်တာတို့ဟာ ချက်ချန်ပီယံ ဆလာဗီယာပရက်နဲ့အတူ အုပ်စု (F)မှာ ကျရောက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ ဆီမီးဖိုင်နယ်မှာ လီဗာပူးလ်ကို အရေးနိမ့်ခဲ့တဲ့ မက်ဆီနဲ့ ဘာစီလိုနာအသင်းဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ဖလား ပြန်လည် ရယူလိုနေပြီး ယခုရာသီမှာ နောက်တစ်ဆင့် တက်ရောက်ဖို့ ရေပန်းစာနေဆဲဖြစ်ပါတယ်။

ဒေါ့မွန်ဟာ ချန်ပီယံဖလားကို ၁၉၉၇ ခုနှစ်က ဆွတ်ခူးခဲ့ပြီး ၂၀၁၃ ဗိုလ်လုပွဲမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။ အခုချိန်မှာ နည်းပြ ကွန်တီ ကိုင်တွယ်နေတဲ့ အင်တာဟာ ၂၀၁၀ ခုနှစ်က ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာကို အနိူင်ယူပြီး ချန်ပီယံလိဂ်ဖလားရယူခဲ့သလို အဲဒီရာသီမှာပဲ အဓိကဖလား (၃)လုံး ဆွတ်ခူးခဲ့ပါတယ်။

"တကယ်ပဲ အရမ်းကျပ်တဲ့ အုပ်စုတစ်စုပါ။ ဒါက ကျနော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်စေပါတယ်။"လို့ ဒေါ့မွန်နည်းပြ လူစီယန်ဖာဗရာက ပြောပါတယ်။ သူ့ရဲ့အသင်းဟာ စက်တင်ဘာလ ၁၇ ရက်၊ အင်္ဂါနေ့မှာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဘာကာကို လက်ခံကစားရမှာဖြစ်ပါတယ်။

မက်ဒရစ်မြို့မှာ ချန်ပီယံလိဂ်ဖလား (၆)ကြိမ်မြောက် ကိုင်မြှောက်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ အုပ်စုအဆင့်မှာ နပိုလီနဲ့ တွေ့ဆုံခဲ့ဖူးပြီး အခုခါမှာတော့ အန်ဆလော့တီရဲ့အသင်းဟာ နောက်တစ်ကြိမ် လက်စားချေခွင့်ရှိနေတာလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်ကို ပြီးခဲ့တဲ့ရာသီက ရှုံနိမ့်ခဲ့တဲ့ နပိုလီအိမ်ကွင်းမှာ ပြန်လည်သွားရောက်ကစားရမှာဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ နပိုလီတို့ဟာ အုပ်စု (E)မှာ သြစတြီးယား ချန်ပီယံ ဆဲလ်ဘတ်ဂျ်နဲ့ ဘယ်လ်ဂျီယံချန်ပီယံ ဂျန့်ခ်တို့နဲ့ ကျရောက်ပြီး အင်္ဂလန်ကလပ်နဲ့ အီတလီကလပ်တို့ဟာ နောက်တစ်ဆင့် တက်ရောက်ဖို့ အလေးသာနေပါတယ်။

"နပိုလီတို့နဲ့ နောက်ထပ် တွေ့ပြန်ပြီ! နပိုလီအသင်းနဲ့ ဘာလို့ မကြခဏဆိုသလို ကစားရလဲဆိုတာ ကျနော်တို့ မစဉ်းစားတတ်ပါဘူး။ ဒါပေမယ့် သူတို့ဟာ အရမ်းအတွေ့အကြုံရင့်တဲ့ အသင်းပါ။"လို့ လီဗာပူးလ်နည်းပြ ကလော့ပ်က ပြောပါတယ်။

ကလော့ပ်ဟာ ဒေါ့မွန်အသင်းကို ကိုင်တွယ်ခဲ့တုန်းက ၂၀၁၃-၁၄ ရာသီ အုပ်စုအသင့်မှာ အီတလီကလပ် နပိုလီနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

လီဗာပူးလ်အသင်းကတော့ ၂၀၀၅ ခုနှစ်က သူတို့ရဲ့ (၅)ကြိမ်မြောက်ဆုဖလားကိုင်မြှောက်ခဲ့တဲ့ အစ္စတန်ဘူလ်မြေမှာ ပြန်လည်ကျင်းပမယ့် ယခုနှစ် ဗိုလ်လုပွဲကို တက်ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ပြီးခဲ့တဲ့ရာသီရဲ့ ဗိုလ်လုပွဲ ရှုံးနိမ့်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးက အုပ်စု (B) မှာ ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနဲ့ တွေ့ဆုံနေပါတယ်။

တော့တင်ဟမ်ဟာ အုပ်စုအဖွင့်ပွဲကို အောက်တိုဘာ (၁)ရက်မှာ လန်ဒန်မှာ ဘိုင်ယန်ကို လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒါဟာ ၁၉၈၃-၈၄ ယူအီးအက်ဖ်အေဖလားနောက်ပိုင်း ကလပ်နှစ်သင်းရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်လာပါလိမ့်မယ်။ ပြီးနောက်မှာတော့ ဒီဇင်ဘာလမှာ မြူးနစ်မှာ ကစားကြပါလိမ့်မယ်။

ဒီနှစ်သင်းဟာ ဂရိချန်ပီယံ အိုလံပီယာကော့စ်၊ ၁၉၉၁ ချန်ပီယံလိဂ်ချန်ပီယံဖြစ်တဲ့ ဆာဘီယားရဲ့ ရက်ဒ်စတားဘဲလ်ဂရိတ်တို့နဲ့ အုပ်စု (B)မှာ ကျရောက်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယူရိုပါလိဂ်ဖလား ဆွတ်ခူးခဲ့ပြီးနောက်မှာတော့ ချန်ပီယံလိဂ်ကို ပြန်လည်ရောက်ရှိလာပြီး အုပ်စု (H) မှာ ပြီးခဲ့တဲ့ရာသီက ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အေဂျက်အသင်းနဲ့ တွေ့ဆုံမှာဖြစ်သလို ဗလင်စီယာ၊ လိုင်လီတို့နဲ့အတူ ကျရောက်နေပါတယ်။ ဖရန့်လမ်းပတ်ရဲ့အသင်းက ဗလင်စီယာအသင်းကို အိမ်ကွင်းမှာ စတင်ကစားရမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်အုပ်စုမဲခွဲမှုရလဒ်များ

အုပ်စု(A) - ပီအက်စ်ဂျီ၊ ရီးရဲမက်ဒရစ်၊ ဘရုဂျက်၊ ဂလာတာဆာရေး။

အုပ်စု(B) - ဘိုင်ယန်မြူးနစ်၊ စပါး၊ အိုလံပီယာကော့စ်၊ ရက်ဒ်စတားဘဲလ်ဂရိတ်။

အုပ်စု(C) - မန်စီးတီး၊ ရှက်တာဒိုးနက်ခ်၊ ဒိုင်နမိုဇာဂရက်၊ အတ္တလန်တာ။

အုပ်စု(D)- ဂျူဗင်တပ်၊ အက်သလက်တီကို၊ လေဗာကူဆင်၊ လိုကိုမိုးတစ်မော်စကို။

အုပ်စု(E) - လီဗာပူး၊ နာပိုလီ၊ ဆဲလ်ဘတ်ဂျ်၊ ဂျန့်ခ်။

အုပ်စု (F)- ဘာစီလိုနာ၊ ဒေါ့မွန်၊ အင်တာမီလန်၊ ဆလာဗီယာပရက်။

အုပ်စု (G) - ဇင်းနစ်၊ ဘင်ဖီကာ၊ လိုင်ယွန်၊ လိုက်ပ်ဇစ်။

အုပ်စု (H) - ချဲလ်ဆီး၊ အေဂျက်ဇ်၊ ဗလင်စီယာ၊ လိုင်လီ။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required