ရွှေ ကြိုရောင်းကြိုဝယ်မလုပ်ခြင်းအားဖြင့် ရွှေစျေးနှုန်းတည်ငြိမ်နိုင်မည်ဟုဆို

ရွှေ ကြိုရောင်းကြိုဝယ်မလုပ်ခြင်းအားဖြင့် ရွှေစျေးနှုန်းတည်ငြိမ်နိုင်မည်ဟုဆို

ရန်ကုန်၊ သြဂုတ်လ ၂၉ ။        ။ ရွှေလုပ်ငန်းရှင်များက ရွှေကြိုရောင်းကြိုဝယ်မလုပ်ခြင်းအားဖြင့် ရွှေစျေးနှုန်းတည်ငြိမ်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးကျော်ဝင်းက မဇ္စျိမကို ပြောသည်။

“ကမ္ဘာ့ရွှေစျေးအတက်အကျကြမ်းနေတဲ့အချိန်ကျတော့ ရွှေစျေးနှုန်းမတည်ငြိမ်တာက ဖြစ်လေ့ဖြစ်ထရှိတယ်။ စျေးနှုန်းတွေ အတက်အကျများမယ်။ အဲ့တာကြောင့် အားလုံးကြိုရောင်း၊ ကြိုဝယ်မလုပ်ကြဖို့ လက်ငင်းရောင်း ဝယ်ကြဖို့ မေတ္တာရပ်ခံတာပါ။ ကိုယ်နိုင်ငံက ထွက်တဲ့ ရွှေ၊ ပြန်လည်သန့်စင်ပြီး ထွက်တဲ့ရွှေနဲ့ တကယ့်လက်ငင်း ရောင်းမယ်၊ လက်ငင်းဝယ်မယ်ဆိုရင် ဒီစျေးကွက်ပေါ်မှာ ထိခိုက်မှုမရှိဘူးလေ။ ပစ္စည်းပျက်သွားတာတို့၊ ဝယ်လို့ မရတာတို့ ဒီပြဿနာတွေ မရှိဘူး။ ကြိုရောင်းကြိုဝယ်လုပ်တာက ရွှေစျေးအတက်အကျပိုပြီး ဖြစ်စေတယ်။ စျေးကွက်အလှုပ်အခတ်ကို ပိုပြီးဖြစ်စေနိုင်တယ်” ဟု ၄င်းက ပြောသည်။

သြဂုတ်လ ၂၉ ရက်နေ့မွန်းတည့်အချိန်တွင် ပြည်တွင်းရွှေစျေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၂၅၇,ဝဝဝ ဖြစ်ပြီး ကမ္ဘာ့ရွှေစျေးနှုန်းသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၄၂ ဖြစ်ကြောင်း မြန်မာ နိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ထို့ကြောင့် ပြည်တွင်းရွှေစျေးနှုန်း တည်ငြိမ်စေရန်ရည်ရွယ်၍ ရွှေကြိုရောင်းကြိုဝယ်ကိစ္စများ မလုပ်ဘဲ လက်ငင်းရောင်းဝယ်ကြရန် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက ရွှေလုပ်ငန်းလုပ်ငန်းရှင်များကို မေတ္တာ ရပ်ခံထားကြောင်း သိရသည်။

“အခုကတော့ ကမ္ဘာ႔ရွှေစျေးနဲ့ ပြည်တွင်းနဲ့ အတူတူပဲ။ ကြိုရောင်းကြိုဝယ်လုပ်တယ်ဆိုရင် ကမ္ဘာ့ရွှေစျေးထက် တစ်သောင်းပိုတာတို့၊ နှစ်သောင်းပိုတာတို့၊ အများကြီး ပိုတာတို့ ဖြစ်ပါတယ်။ အဲ့ဒါက မကောင်းဘူးပေါ့နော်။ လက်ငင်းရောင်းဝယ်မယ်ဆိုရင် နိုင်ငံတကာရွှေစျေး၊ ကမ္ဘာ့ရွှေစျေးနဲ့ ဒေါ်လာစျေးတက်လာရင် ကျွန်တော်တို့ ရွှေစျေးက သိပ်မများတော့ဘူး။ Level ဖြစ်ရင် ဖြစ်မယ်။ မဖြစ်ရင် နည်းနည်းလျော့နေမယ်။ ကမ္ဘာ့ရွှေစျေး အတက်အကျကြမ်းနေတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံမှာ အတက်အကျမကြမ်းဘဲ ရှိတော့ရှိမယ်၊ နည်းမယ်။ အဲ့လိုအနေအထားတွေတော့ ရှိလာမှာပါ” ဟု ဦးကျော်ဝင်းက ဆက်ပြောသည်။
သြဂုတ်လ ၂၈ ရက်နေ့တွင် ပြည်တွင်းရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၂၅၆,ဝဝဝ နှင့် ကမ္ဘာ့ရွှေစျေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၄ဝ ကျော်ရှိခဲ့သည်။ သြဂုတ်လ ၂၇ ရက်နေ့က ပြည်တွင်းရွှေစျေးနှုန်းသည် ကျပ် ၁,၂၄ဝ,ဝဝဝ ဝန်းကျင်တွင်ရှိခဲ့ပြီး ရွှေစျေးနှုန်းသည် ဆက်လက်မြင့်တက် နေဆဲဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly