ယွန်းထည်ပစ္စည်း အတုပြုလုပ်မှုများကြောင့် ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူများ ရပ်တည်ရန် ခက်ခဲနေ

ယွန်းထည်ပစ္စည်း အတုပြုလုပ်မှုများကြောင့် ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူများ ရပ်တည်ရန် ခက်ခဲနေ
BAGAN HOUSE ယွန်းထည်ပစ္စည်း ထုတ်လုပ် ရောင်းချနေသည့် ဆိုင်မြင်ကွင်း(ဓာတ်ပုံ၊ကိုကိုအောင်၊မဇ္ဈိမ)

မန္တလေး၊ သြဂုတ် ၂၇ ။           ။ ပုဂံဒေသတွင် ယွန်ထည်ပစ္စည်းအတုပြုလုပ်ရောင်းချနေသူများရှိနေခြင်းကြောင့် ရပ်တည်ရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်ဟု ပုဂံဒေသမှ မိရိုးဖလာ ယွန်းထည်လုပ်ငန်း လုပ်ကိုင်နေကြသူတစ်ချို့ကပြောသည်။

လက်ရှိတွင် ပုဂံဒေသ၌ မြန်မာ့ယွန်းထည်လုပ်ငန်း လုပ်ကိုင်နေသည့် ဆိုင်ကြီးပေါင်း ၁၀ ဆိုင်နှင့် မိသာစု တစ်နိုင်တပိုင်လုပ်ကိုင်နေသည့် ဆိုင်ငယ်ပေါင်း ၁၀၀ ကျော်ရှိနေပြီး ယွန်းထည်ပစ္စည်း ပုံစံအမျိုးမျိုး ၃၀၀ ကျော် ထုတ်လုပ် လျက်ရှိကြောင်း သိရသည်။

"အတုစျေးကွက်ကြောင့် ရပ်တည်ဖို့ခက်လာတယ်။ဘုရားစျေးတန်းမှာ ရောင်းချနေတာတွေက အရည်အသွေး နိမ့်တာတွေ ဒါတွေကို ဒီမှာလာလည်တဲ့သူတွေက ဝယ်ကြတယ်။စျေးကလည်း ကွာတယ်။ကွာတော့ အဲဒါတွေပဲ ဝယ်ကြတယ်။ဒါကိုလည်း လာဝယ်သူတွေကို ရှင်းပြရတယ်။ပြည်တွင်းစျေးကွက်ကတော့ လျှော့သွားတယ်။ ပြည်ပကိုပဲ အဓိကထားရောင်းချနေရတယ်။"ဟု Bagan House ယွန်းထည်ဆိုင်မှ အရောင်းတာဝန်ခံ ဒေါ်မို့မို့နိုင်က ပြောသည်။

ထိုသို့ အရည်အသွေးနိမ့် ယွန်ထည်များ ထုတ်လုပ်နေခြင်းနှင့်ယွန်းထည်အတုများ လုပ်ကိုင်ရောင်းချ နေခြင်း များကြောင့် ယွန်းထည်စျေးကွက်မှာ ၂၀၁၈ခုနှစ်မှစတင်၍ ပျက်လာပြီး လက်ရှိအခြေအနေတွင် ပုဂံဒေသရှိ ယွန်ထည် ထုတ်လုပ်နေသည့် ဆိုင်ကြီးများနှင့် ဆိုင်ငယ်များမှာ ရပ်တည်ရန် ခက်ခဲလာနေခြင်းဖြစ်သည်။

"၂၀၁၆ခုနှစ် ၂၀၁ရခုနှစ်လောက်ကတော့ အရောင်းအဝယ်အတော်ကောင်းတယ်။ဒီဘက် ၂၀၁၈ကနေစပြီး အရောင်းအဝယ်က ပါးလာတယ်။အရောင်းအဝယ်မဖြစ်တော့ဘူးဆိုရင် ယွန်းလုပ်သားတွေလည်း အဆင်မပြေ တော့သလို ယွန်လုပ်ငန်းရှင်တွေလည်း အဆင်မပြေတော့ဘူး။"ဟု Bagan House ယွန်းထည်ဆိုင်မှ အရောင်း တာဝန်ခံ ဒေါ်မို့မို့နိုင်ကပြောသည်။

လက်ရှိတွင် ယွန်းထည်လုပ်ငန်းများသည် ပြည်တွင်းစျေးကွက်၌ ရပ်တည်ရန် ခက်ခဲနေသော်လည်း ထိုင်း၊ စင်္ကာပူ၊ တရုတ် အပါအဝင် ဂျာမနီ၊ပြင်သစ်နှင့်ဆွီဒင်စသည့် နိုင်ငံများသို့လည်း တင်ပို့ ရောင်းချရကြောင်း သိရသည်။

ယွန်းထည်ထုတ်လုပ်ရာတွင် အကြမ်းထည်မှစတင်၍ အချောထည်ဖြစ်သည်အထိ အချိန် ၈ လခန့် အချိန်ယူ လုပ်ကိုင်ရပြီး ပစ္စည်း အသေးအကြီးပေါ် မူတည်၍ ပစ္စည်းအကြီးများမှာ တစ်နှစ်ခွဲခန့်အထိ အချိန်ယူ လုပ်ကိုင် ရကြောင်းသိရသည်။

"ကျွန်တော်တို့က ယွန်းထည်ပစ္စည်းတစ်ခုကို အချိန်တွေအများကြီးယူလုပ်ရတယ်။လုပ်ပြီးတော့လည်း ရောင်း မထွက်ဘူး။ဝယ်မယ့်သူကလည်း စျေးနည်းတာပဲ ဝယ်ကြတယ်။ကျွန်တော်တို့က သူတို့စျေးနဲ့က လိုက်မရောင်း နိုင်ဘူး။အဲလို မရောင်းနိုင်တော့ မိသားစု ရပ်တည်ဖို့ပါခက်လာတယ်။"ဟု မိသားစု တစ်နိုင်တစ်ပိုင် ယွန်းထည် လုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ငွေက ပြောသည်။

ယွန်ထည်အတုပြုလုပ်သူအများစုသည် ပလပ်စတစ်များဖြင့်သာ လုပ်ကိုင်ကြပြီး အနည်းစုသာ အရည် အသွေးနိမ့်ကုန်ကြမ်းများဖြင့် လုပ်ကိုင်ကြကြောင်းသိရသည်။

"ကျွန်တော်တို့က အတုလုပ်တာတော့မဟုတ်ဘူး။ပုဂံရောက် အမှတ်တရ ယွန်းထည်လေးတွေကို လူတန်းစား အမျိုးမျိုး ဝယ်ယူနိုင်အောင်လို့လုပ်တာပါ။တကယ့်အစစ်က စျေးကြီးတယ်။ကျွန်တော်တို့ ပစ္စည်းက ပြည်တွင်း ဘုရားဖူးတွေ ဝယ်တာများတယ်။တစ်ခု နှစ်ထောင်၊သုံးထောင်လောက်နဲ့ရတယ်။အစစ်ဆိုရင် အနည်းဆုံး ငါးထောင် တစ်သောင်းပဲ။ကျွန်တော်တို့အနေနဲ့က စျေးကွက်မလုပါဘူး။"ဟု ပလပ်စတစ် ယွန်းထည်ပုံစံတူနှင့် အရည်အသွေးနိမ့် ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူ ဦးခင်ကြီးကပြောသည်။

ပုဂံဒေသ ဘုရားစျေးတန်းများတွင် အများစုမှာ အရည်အသွေးနိမ့်ယွန်ထည်များနှင့် ပလပ်စတစ်ယွန်းထည် များသာ ရောင်းချနေကြပြီး ယွန်းထည်ပစ္စည်း အစစ်မှာ ယွန်းထည်ထုတ်လုပ်သည့် နေရာမှာပင် ဆိုင်ဖွင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly