အမေရိကန်ရဲ့ ဒုံးကျည်စမ်းသပ်မှုကို လက်တုံ့ပြန်မယ်လို့ ပူတင်ပြော

အမေရိကန်ရဲ့ ဒုံးကျည်စမ်းသပ်မှုကို လက်တုံ့ပြန်မယ်လို့ ပူတင်ပြော

မော်စကို၊ သြဂုတ် ၂၄ ။           ။ လက်ရှိမှာ အသက်မဲ့သွားပြီဖြစ်တဲ့ INF ပဋိညာဉ်အရ တားမြစ်ထားတဲ့ ဒုံးကျည်တွေကို အမေရိကန်က စမ်းသပ်ပစ်လွှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ထပ်တူညီစွာ တုံ့ပြန်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။

၁၉၈၇ ခုနှစ်က နှစ်နိုင်ငံကြား ချုပ်ဆိုထားတဲ့ တာလတ်ပစ်ဒုံးကျည်တွေကို တားမြစ်တဲ့ INF ပဋိညာဉ်ကို အမေရိကန်ဖက်က ဖျက်သိမ်းပြီး မြေပြင်မှ ဝေဟင်ပစ် တာလတ်ဒုံးကျည်တစ်စင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းက စမ်းသပ်ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အမေရိကန်ရဲ့ လုပ်ရပ်ကို တူညီစွာ တုံ့ပြန်သွားဖိုပ စစ်တပ်ကို အမိန့်ပေးခဲ့ကြောင်း သမ္မတ ပူတင်က ပြောပေမယ့် လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုအထိ ဖြစ်ပွားခံမှာတော့ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

စစ်အေးကာလက အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်နဲ့ ဆိုဗီယက်ခေါင်းဆောင် ဂိုဘာချော့ဗ်တို့အကြား လက်နက်ထိန်းချုပ်ရေး INF ပဋိညာဉ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီ ပဋိညာဉ်အရ တားမြစ်ထားတဲ့ ဒုံးကျည်တွေကို ရုရှားနိုင်ငံက ထုတ်လုပ်နေတယ်ဆိုပြီး အမေရိကန်က စွပ်စွဲရင်း ပဋိညာဉ်ကနေ နုတ်ထွက်ခဲ့တာပါ။

ရုရှားကတော့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို ငြင်းဆန်ပြီး အမေရိကန်ဟာ ပဋိညာဉ်ကို ဖျက်သိမ်းလိုတာကြောင့် အကြောင်းပြချက် ရှာနေတာဖြစ်ပြီး အခု ဒုံးကျည်စမ်းသပ်လာတာဟာလည်း INF ပဋိညာဉ်ကို ဖျက်သိမ်းဖို့ နဂိုကတည်းက ပြင်ဆင်နေတာကို ပြသရာရောက်ကြောင်း ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required