၂၀၂၀ မှာ သမာသမတ်ကျတဲ့ စံပြရွေးကောက်ပွဲ ဖြစ်အောင် လုပ်မယ်လို့ UEC ဥက္ကဌ ကြွေးကြော်

၂၀၂၀ မှာ သမာသမတ်ကျတဲ့ စံပြရွေးကောက်ပွဲ ဖြစ်အောင် လုပ်မယ်လို့ UEC ဥက္ကဌ ကြွေးကြော်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၂၃ရက်၊ ၂၀၁၉ခုနှစ်)။ ။ လာမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကျင်းပရန် လျာထားပြီး အများပြည်သူ ယုံကြည်၊ လက်ခံသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်အောင် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)  ဥက္ကဌဖြစ်သူ ဦးလှသိန်းက ပြောကြားလိုက်သည်။

“ကျွန်တော်တို့က ဟန်ပြ ရွေးကောက်ပွဲ မဟုတ်ဘူး။ စံပြ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်မှာ” ဟု ဩဂုတ်လ ၂၃ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ၊ ဆွေးနွေးပွဲ အဖွင့်အမှာစကားတွင် ဦးလှသိန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲသည် မည်မျှ သမာသမတ်ကျသည်ကို သက်သေပြရန် ပြည်တွင်း၊ ပြည်ပရှိ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ဖိတ်ကြားသွားမည်ဟုလည်း UEC က ဆိုသည်။

အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးလှသိန်းကမူ “လက်ရှိအစိုးရရဲ့ပယောဂကင်းကင်းနဲ့ တရားဥပဒေကို တရားဥပဒေအတိုင်း လုပ်သွားမယ်ဆိုရင်တော့ ပြည်သူနဲ့တစ်ထပ်ထဲကျတဲ့ရွေးကောက်ပွဲကြီး ဖြစ်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်” ဟု မှတ်ချက်ပြုသည်။

ရွေးကောက်ပွဲဆိုင်ရာဥပဒေများမှ အားနည်းသည့် ပုဒ်မတစ်ချို့ကို ပြင်ဆင်သင့်ကြောင်းလည်း အတိုက်အခံပါတီက ထောက်ပြသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့်နှစ်၊ အောက်တိုဘာတွင် ကျင်းပရန် ခန့်မှန်းထားကြပြီး ယနေ့ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၈၄ပါတီက တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly