ဆန်းချက်ဇ်ကို အင်တာမီလန်အသင်း အပြီးသတ်ခေါ်ယူပါက မန်ယူအသင်း ပေါင် (၃၆)သန်း ပေးရဖွယ်ရှိ

ဆန်းချက်ဇ်ကို အင်တာမီလန်အသင်း အပြီးသတ်ခေါ်ယူပါက မန်ယူအသင်း ပေါင် (၃၆)သန်း ပေးရဖွယ်ရှိ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်ကို အင်တာမီလန်အသင်းထံသို့ အပြီးသတ်ရောင်းချခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေးငွေ မရတဲ့အပြင် ပေါင် (၃၆)သန်းကိုပါ ထပ်မံစိုက်ထုတ်ပေးရမယ့်အဖြစ်နဲ့ ရင်ဆိုင်နေရပါတယ်။

နှစ်ဖက်ကလပ်အသင်းမှ တာဝန်ရှိသူတွေဟာ ဆန်းချက်ဇ်ရဲ့ တစ်ရာသီအငှားစာချုပ်နဲ့ အပြောင်းအရွှေ့အတွက် ဗုဒ္ဓဟူးနေ့က ဆွေးနွေးခဲ့ပြီး အီတလီစီးရီးအေကလပ်အသင်းဟာ ယခုတစ်ပတ်မကုန်မီ အပြောင်းအရွှေ့ဖြစ်လာမယ်လို့ မျှော်လင့်နေပါတယ်။

ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ အင်တာမီလန်အသင်းအတွက် လာမယ့်နွေရာသီမှာ အပြီးသတ်ခေါ်ယူရန်ခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုဖွယ်ရှိနေပါတယ်။

မန်ယူအသင်းဟာ အငှားစာချုပ်သာ ချုပ်ဆိုဖြစ်ပါက ဆန်းချက်ဇ်အတွက် လက်ရှိတစ်ပတ်လုပ်ခ ပေါင် (၅၀၀,၀၀၀)ကို စိုက်ထုတ်ပေးရမှာဖြစ်သလို အင်တာမီလန်အသင်းအတွက် ငွေကြေးကိုပါ ထပ်မံပေးချရဦးမယ့် အခြေအနေကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အင်တာမီလန်အသင်းအနေနဲ့ လာမယ့် နွေရာသီမှာ အပြီးသတ်စာချုပ်ခေါ်ယူဖို့ ဆုံးဖြတ်မယ်ဆိုရင်တောင် ဆန်းချက်ဇ်အတွက် တစ်ပတ်လုပ်ခ ပေါင် (၁၅၀,၀၀၀) ထက် ပိုမပေးဘဲ ကမ်းလှမ်းသွားဖို့ စီစဉ်နေပါတယ်။

ဒါပေမယ့်လည်း ဆန်းချက်ဇ်က သူ့ရဲ့ လက်ရှိလစာငွေထက် (၃)ဆကျော် နည်းနေတာကြောင့် အင်တာမီလန်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ဖို့ ဆန္ဒမရှိသလောက်ဖြစ်နေပါတယ်။

မန်ယူအသင်းဟာ အင်တာမီလန်အသင်းရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံလိုက်မယ်ဆိုရင် ဆန်းချက်ဇ်နစ်နာမယ့် လစာငွေတွေကိုပါ စိုက်ထုတ်ပေးချေရမှာဖြစ်ပြီး ၎င်းပမာဏာမှာ စုစုပေါင်း ပေါင် (၃၆)သန်းရှိနေတာဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ ဆန်းချက်ဇ်အတွက် ငွေကြေးစိုက်ထုတ်မပေးလိုပဲ အသင်းမှာ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကစားသမားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ စုစုပေါင်း ပေါင်သန်း (၅၀) မှ (၆၀) ကြား ကျသင့်နေဦးမှာဖြစ်ပါတယ်။

ဒါ့ကြောင့် မန်ယူအသင်းဟာ ဆန်းချက်ရဲ့ လက်ကျန် သက်တမ်း (၃)နှစ်အတွင်း ပေးရမယ့် ငွေကြေးဝန်ထုတ်ဝန်ပိုးကို လျော့ချလိုတယ်ဆိုရင် အင်တာမီလန်အသင်းရဲ့ ကမ်းလှမ်းမှုကို သဘောတူရဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

Ref; Dail Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required