အထူးဆောင်ရန် ဦးမောင်မှန်

အထူးဆောင်ရန် ဦးမောင်မှန်

တစ်သီးပုဂ္ဂလဘဝ ရောက်ရပြန်တော့လည်း မဲမပေးကြနဲ့တဲ့၊ အမေ့ပါတီကလည်း ဒါမျိုးပြောပြီး ရော၊ အဖေ့ပါတီ(အဲလေ) အမျိုးသားရေး အသင်းကြီးတစ်ဖြစ်လဲ ပါတီက ရွေးကောက်ပွဲဝင်မယ့် အငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ယောက်က အဲဒါမျိုး လိုက်ပြောပါလေရော။ တစ်သီးပုဂ္ဂလတွေကို မဲမ ပေးကြနဲ့၊ သူတို့က ဘာမှ လုပ်မပေးနိုင်ဘူး။ အစိုးရလည်း မဖွဲ့နိုင်ဘူးလို့ သံတူထပ် အလင်္ကာပြုပါ တယ်။ အော် သူတို့ ပါတီတွေရဲ့ အဓိက ပြိုင်ဘက်တွေဟာ တစ်သီးပုဂ္ဂလတွေပါလားလို့ မောင်မှန် မှတ်ယူူ ဆင်ခြင်မိပါတယ်။ သူတို့ချင်း ညွန့်ပေါင်းဖွဲ့မယ့်အရေးမှာ မောင်မှန်တို့ တစ်သီးပုဂ္ဂလလေး တွေကို ဖျက်မြင်းလို့ မြင်ချင် လည်း မြင်နေကြမှာပေါ့လေ။ ဟုတ်ဖူးလား။ ထားပါတော့ တစ်သီးပုဂ္ဂလ ကိစ္စ။

ပေးတာယူ၊ ကျွေးတာစားပြီး မဲပေးတော့ စဉ်းစားပါဆိုတဲ့ စကားကလည်း ရွေးကောက်ပွဲနားမှာ ကြားရပါများလို့ တရားတောင် ဖြစ်တော့မယ်။ ဒီတရားကို စထူထောင်သူက အမေပါ။ “ဦးခင်ရွှေပေး သမျှ ယူသာယူ၊ မဲထည့်ရင် သားတို့ပါတီကို မဲထည့်” လို့ ပြောခဲတယ်။ ဒါကို ဝိုင်းဝန်း ထောက်ခံကြသူ တွေလည်း အတော်များပါတယ်။ RFA က လွှင့်နေတဲ့ လမ်းဆုံက ဂျမ်းဘုံတောင် ပါပါတယ်။

သမိုင်း ကြောင်းတွေ ပြန်ပြောပြီး လူတည်မြဲ၊ မဲသန့်ရှင်းဆိုတာတောင် ပါလိုက်သေး။ အမှန်ကို ဝန်ခံရမယ် ဆိုရင်တော့ အထက်က မူဟာ မောင်မှန်နဲ့ အင်မတန်လိုက်ဖက်ပြီး မောင်မှန် သိပ်ကြိုက်တဲ့မူပါ။ အနေ ချောင်၊ အစားချောင်၊ အလုပ်ချောင်ပေးတာကို ခင်ဗျ၊ ရပ်တည်ချက်တွေ၊ ခံယူချက်တွေ၊ ဒဿနတွေ ရှုပ်ရှုပ်ထွေးထွေး ဘာမှမပါဘဲ အင်မတန်ကို ရှင်းလင်းပြတ်သားနေတာကလား၊ ဘာတဲ့ မောင်မှန်တို့ ကမ္ဘာ့သမိုင်းမှာ သင်ဖူးတဲ့ နေကို ကမ္ဘာကပတ်တဲ့ အယူအဆကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ပြီး အသက်စွန့်သွား တဲ့ ဂျော်ဒန်နိုဘရူနိုတို့ အခြား ရွေးချယ်စရာတွေ ရှိပါလျက် ကိုယ့်အယူအဆကို မစွန့်လွှတ်ဘဲ အဆိပ် ခွက်ကိုသာ ရွေးချယ်သွားတဲ့ ဆိုကရေးတီးတို့ကိုတော့ အားနာဖို့ ကောင်းတာပေါ့လေ။

နောက်ပြီး မောင်မှန်က မဲဆန္ဒရှင် ပြည်သူလူထုကြီးကို ဘာမှ ပေးစရာ ကျွေးစရာရှိတဲ့သူလည်း မဟုတ်ဘူးလေ၊ ကိုယ်ကပေးထား ကျွေးထားရပြီး မဲပေးမှ သူများဆိုရင် ဘယ်လောက် ခံပြင်းရမလဲ၊ ချမ်းသာ တဲ့ပါတီတွေ၊ ပေါ်ပြူလာဖြစ်တဲ့ ပါတီတွေက ပေးသမျှ ကျွေးသမျှစားပြီး မောင်မှန်ကိုသာ မဲထည့်ကြပါခင်ဗျာ။ မောင်မှန်ကို မဲပေးရမယ်ဆိုရာမှာလည်း နယ်မြေတစ်ခုက တစ်နေရာထဲမှာပါ ကျန်တဲ့ နေရာတွေ မှာကိုယ်ကြိုက်တာ ကိုယ်ပေးကြပေါ့။ ဒီစကားကလည်း အလကားပြောတာ မဟုတ်ပါဘူး။ မဲစားရင်းမှာ နှစ်နေရာ ပါနေသူတို့ လူပိုတွေပါနေတာတို့ ရှိတယ်လို့ ကြားတယ်။ ဒီ့အတွက် နှစ်နေရာ မဲပေးနိုင်မယ့် သူတွေတော်တော်များများ ရှိလာနိုင်တယ်လို့ မောင်မှန် မျှော်လင့် ထားတယ်။ မောင်မှန်ဟာလည်း ခင်ဗျားတို့နဲ့ ဘဝတူ ခပ်ချောင်ချောင်အစားထဲက အချောင်သမားပဲ ဖြစ်တဲ့အတွက် ဘဝတူချင်း မဲပေးကြပါလို့ အလေးအနက် မေတ္တာရပ်ခံချင်ပါတယ် ခင်ဗျာ။

ပြီးတော့ ရှိသေးတယ်၊ အာဏာရပါတီက ဆရာတစ်ယောက် မဲဆွယ်စကား၊ သူ့ဝင်ငွေက တစ်လဘယ်လောက်၊ အိမ်မှာ ဇိမ်နဲ့ နေလို့ရတယ်။ ရွေးကောက်ပွဲဝင်တာ သူ့အတွက် ဘာမှ မဟုတ် ပါဘူး။ ခင်ဗျားတို့အတွက် လာတာ။ ကြိုက်ရင်မဲပေး၊ မကြိုက်ရင် မဲမပေးနဲ့၊ မဲနိုင်ရင် လမ်းခင်းပေးမယ် ဆိုတာမျိုးလည်း မောင်မှန်က ပြောလို့ မဖြစ်ဘူး။ နှစ်ပဲတစ်ပြား စာရေးစားနေရတာ ဘယ်လိုလုပ် လမ်းခင်းပေးနိုင်မှာတုံး။ အိမ်မှာလည်း ဇိမ်နဲ့ နေလို့မရပါဘူး။ ခင်ဗျားတို့အတွက်တော့ ခင်ဗျားတို့ အတွက်ပါ။ ကြိုက်ကြိုက် မကြိုက်ကြိုက် မဲပေးပါ။ မောင်မှန်ရဲ့ စားဝတ်နေရေးဟာ လွှတ်တော်ထဲကိုရောက်မှ အဆင်ပြေမှာပါ။ တစ်လ ဆယ်သိန်းဆိုတာ ဝိုင်းစုခိုင်သိန်းနဲ့ ပြောင်းပြန်ပါ။

ဝိုင်းစုခိုင်သိန်းက မက်လောက်စရာ တစ်ကွက်မှမရှိလို့ ဆိုတယ်။ မောင်မှန်အဖို့ကတော့ မက်လောက်စရာ ကွက်ပြည့် ပါပဲခင်ဗျာ။ လမ်းခင်းမပေးနိုင်ပေမယ့်လို့ အလျော်အစား ရှိပါတယ်။ ဘလိုင်းကြီး မဲထည့်ခိုင်းနေတာ မဟုတ်ပါဘူး။ မဲနိုင်လို့ အမတ်ဖြစ်လို့ တစ်လဆယ်သိန်းရရင် တစ်ဝတ်တိတိကို ဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည် အသုံးပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒါမျိုး လွှတ်တော်ကိုယ်စာလှယ် မရှိဘူးနော်။ သေသေချာ ချာ စဉ်းစားပြီး မဲပေးကြပါ။ နောက်ပြီး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်းတစ်ထောင် ဘာညာအစရှိသဖြင့် အထက်က ချပေးတဲ့အခါ လုံးဝ ဖြတ်စား၊ လာဘ်စားလုပ်မှာ မဟုတ်ပါ။

သိန်းတစ်ထောင်ဆို သိန်းတစ် ထောင်ဖိုး ကွက်တီ အောက်ခြေအထိ ရောက်ရပါစေမယ် ခင်ဗျာ။ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် လမ်းကြောင်းကို မောင်မှန် ရွေးချယ် တင်ပြနေတာပါ။ ဒီခေတ်မှာ Win-Win သီအိုရီဆိုတာ အရမ်း ခေတ်စားပါတယ်။ အစက လူတွေ ပြောပြောနေတာ ကြားတော့ မောင်မှန်က ဖယောင်းတိုင် ကြော်ငြာ ပဲ မှတ်တာ၊ နောက်တော့ ဘယ်ဟုတ်မလဲ၊ ဝင်းဝင်းဆိုတာ ကမ္ဘာကြီးပေါ်မှာ တကယ်လိုအပ်နေတဲ့ ငြိမ်းချမ်းရေး သီအိုရီကြီးပါလားဆိုတာ မောင်မှန် သိလိုက်ရပါတယ်။ ရှဉ့်လည်းလျှောက်သာ ပျားလည်း စွဲသာ၊ သူလည်းအဆင်ပြေ၊ ကိုယ်လည်းအဆင်ပြေစေမယ့် တကယ့် နည်းနာအစစ်ကြီးပါပဲ။ အခုကြည့် ပါခင်ဗျာ။ မောင်မှန်အမတ်ဖြစ်အောင် ပြည်သူများက မဲပေးမယ်။ ပြည်သူများ ဒေသဖွံ့ဖြိုးရေးအတွက် မောင်မှန်က လစာတစ်ဝတ် ပြန်လည်ပေးဆပ်မယ်။ ဒါ Win-Win ပဲပေါ့။

Win-Win အကြောင်းပြောရင်း လူရွှင်တော်တွေပြောတဲ့ တစ်ဝက်စားဇာတ်လမ်း ပြတ်လုံးလေး တစ်ခု ပြောပြပါရစေဦး။ မောင်မှန်ရဲ့ နိုင်ငံရေးတရားကို နာနေတဲ့ ပရိတ်သတ်ကြီး မငြီးငွေ့စေဖို့ပေါ့။ တစ်ခါက ကုမ္ပဏီတစ်ခုက ယာဉ်မောင်းဝန်ထမ်း ခေါ်ပါတယ်။ ပစ္စည်းသယ်ရမယ့် ကား မောင်းဖို့ပါ။ လစာအနေနဲ့တော့ မပေးနိုင်ဘူးတဲ့၊ ဒါပေမယ့် ယာဉ်ပေါ်တင်တဲ့ ပစ္စည်းကို ကုမ္ပဏီနဲ့ တစ်ဝတ်စီ စားရ မယ်တဲ့။ ကုန်ကလည်း နေ့တိုင်းတင်ပြီး မောင်းရမှာတဲ့။ အလုပ်လာလျှောက်သူက ဒါဆို နိပ်ပြီပေါ့၊ ဘာကားမောင်းရမှာလဲမေးလိုက်တော့ မိလ္လာကားတဲ့၊ ကောင်းကြရောပေါခင်ဗျာ၊ ကုမ္ပဏီနဲ့ ယာဉ်မောင်း တစ်ဝတ်စီစား မောင်းရမယ့် ကားက ချီးကားတဲ့။ Win-Win တော့ ဝင်းဝင်းပေါ့၊ ဒါမျိုး ဝင်းဝင်းကတော့ ဘယ်နိပ်မလဲဗျာနော်။

တကယ်လည်း မိလ္လာကိစ္စမျိုးမှာပဲ ဝင်းဝင်းဆိုတာ ရှိနိုင်တာပါ။ ကျန်တာတွေမှာ ဘယ်လိုလုပ် ရှိမလဲ။ ရွေးကောက်ပွဲမှာ မောင်မှန်နိုင်ရင် ကျန်သူတွေ ရှုံးမှာပေါ့၊ အခြားတစ်ယောက်ယောက်နိုင်ရင် မောင်မှန် ရှုံးမှာပေါ့၊ ရိုးရိုးရှင်းရှင်းပါပဲ။ တစ်ယောက်နိုင်ရင်၊ တစ်ယောက်ရှုံးရပါတယ်။ Win-Win ဆိုတာ ရှုံးသူတွေကို ရှုံးမှန်းမသိရလေအောင် ပျားရည်နဲ့ ဝမ်းချတာပါ။ ပျားရည်နဲ့ ဝမ်းချလို့ (မရိုသေစကား) ဝမ်းသွားတော့မှ မိလ္လာကားပေါ်တင်ပြီး Win-Win ပြန်လုပ်ပြီး တစ်ဝတ်စီ စားကြတာပေါ့။ အော် ဂလို ဆိုတော့လည်း Win-Win ဆိုတာ ရွံစရာချည်းပါ။ နောက်တာပါခင်ဗျာ၊ နောက်တာပါ။

ကဲပြောလာလိုက်တာ တော်တော်ကြာပါပြီ၊ မောင်မှန်နိုင်ရင် ဘာလုပ်မလဲ၊ အခုပြောပါတော့ မယ်။ မောင်မှန်နိုင်ရင် လွှတ်တော်ထဲရောက်မယ်။ လွှတ်တော်ထဲရောက်ရင် တစ်လ ဆယ်သိန်း ရမယ်။ ပြည်သူတွေအတွက် တစ်ဝက်နော်၊ ကားပါမစ်လေး ဟိုပါမစ်လေး ဒီပါမစ်လေး ရကောင်းရမယ်။ ဒါက တော့ မောင်မှန်အတွက်ချည်းနော်။ ဘာမှ မဝတ်နိုင်ဘူး။ မောင်မှန်နဲ့ မဲဆန္ဒနယ်မြေက လုပ်ငန်းရှင်တွေ ရဲ့ ဟိုကစ္စ၊ ဒီကိစ္စ လွှတ်တော်မှာ တင်ပြခိုင်းလာရင် တင်ပြပေးမယ်။ ဒီနေရာမှာ မောင်မှန် အောင်နိုင် ရေးကို အကူအညီပေးခဲ့ကြသူတွေကို အထူး ဦးစားပေးမယ်။

အိမ်ရှေ့က မြောင်းပိတ်တာတို့ ကားလမ်း ပိတ်တာတို့တော့ လာမပြောနဲ့နော်၊ ဒါက သိကြားမင်း ဆင်းလုပ်ရမှာ မဟုတ်ပါဘူး။ ဘယ်အစိုးရအဖွဲ့မှ လည်း ရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဘာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ဟုတ်လား၊ မောင်မှန်က ဘယ်တုန်းက ဘာပြောဖူးလို့ ပြင်ရမှာတဲ့တုန်း၊ ဘယ်လို ပြည်တွင်းငြိမ်းချမ်းရေး ဟုတ်လား၊ လုပ်သူ တွေ လုပ်နေကြတာပဲဟာ၊ မောင်မှန်နဲ့ သိမ်မှ မဆိုင်တာ။ ဒံပေါက်မကျွေး၊ ပိုက်ဆံမပေးတဲ့ မောင်မှန်ပွဲ ကို အားပေးကြတဲ့ ပြည်သူများကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ ၂၀၂၀ မှာ မောင်မှန်ကို မဲပေးပါ။ အထူးဆောင်ရန် ဦးမောင်မှန်ကိုတော့ အထူးရှောင်ရန်ဆိုပြီး မလုပ်လိုက်ကြပါနဲ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required