ရှမ်းမြောက်၌ တိုက်ပွဲများဖြစ်ပွားနေစဉ် တပ်ချုပ် နှင့် တရုတ်သံအမတ် တွေ့ဆုံ

ရှမ်းမြောက်၌ တိုက်ပွဲများဖြစ်ပွားနေစဉ် တပ်ချုပ် နှင့် တရုတ်သံအမတ် တွေ့ဆုံ
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန် ၊ သြဂုတ် ၂၃ ။          ။ ရှမ်းပြည်မြောက်ပိုင်း၌တိုက်ပွဲများ ဖြစ်ပွားနေစဉ် ကာလအတွင်း နေပြည်တော်၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချိန်ဟိုင်တို့ သြဂုတ်လ ၂၂ ရက်နေ့က တွေ့ဆုံခဲ့ကြသည်။

ယင်းသို့တွေ့ဆုံစဉ်အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်များ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး က သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို အကြောင်းပြပြီး နိုင်ငံတကာမှ မြန်မာ နိုင်ငံအပေါ် ဖိအားပေးမှုများကို တရုတ်နိုင်ငံမှ လက်မခံဘဲ မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးနေသည့် အခြေ အနေများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံအနေဖြင့် ပြင်ဦးလွင်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များကို တရုတ်နိုင်ငံမှ ပြတ်ပြတ်သားသားကန့်ကွက်ရှုတ်ချထားကြောင်းကြေညာထားပြီး တရုတ်အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းမှ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များကို တရုတ်နိုင်ငံကူမင်းသို့ ခေါ်ယူတွေ့ဆုံထားခဲ့သည်။

သြဂုတ် ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့( TNLA၊ AA၊ MNDAA ) တို့မှ မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်၊ နောင်ချိုမြို့သို့ အထွက် ပြင်ဦးလွင် တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့ အထွက် နောင်ချို တိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ် တစ်ခုတို့ တိုက်ခိုက် ခဲ့ပြီးနောက် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနေခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲများမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များရှိရာနယ်မြေများသို့ တပ်မတော်ဘက်မှ ထိုးစစ်များ ဆက်တိုက်ပြုလုပ်လာ၍ တန်ပြန်တိုက်ခိုက်ရခြင်းဟုလည်း TNLA၊ AA၊ MNDAA တို့ဘက်မှပြောဆိုထားသည်။

သြဂုတ် ၁၇ ရက်နေ့ နံနက်ပိုင်းကလည်း ရှမ်းပြည်မြောက်ပိုင်း လားရှိုး ၊ ကွတ်ခိုင် ၊ သိန္နီ မြို့ အနီး ပြည်ထောင်စု လမ်းမကြီး ပေါ်၌ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး တံတားအချို့လည်းမိုင်းခွဲဖျက်ဆီးခံထားရပြီး အရပ်သား များလည်း ထိခိုက်သေဆုံးမှုများရှိနေခဲ့ကာ စစ်ဘေးတိမ်းရှောင်နေရသည့် သူများလည်း ထောင်ချီရှိနေခဲ့သည်။

တိုက်ပွဲများကြောင့် မန္တလေး - မူဆယ် ပြည်ထောင်စုကားလမ်းမကြီးတွင် ယာဉ်အသွားအလာ ပြတ်တောက် ခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကိစ္စများကို နှောင့်နှေးစေခဲ့သည်။ လက်ရှိတွင် ပျက်စီးနေခဲ့သည့် လမ်းတံတားများကို အစိုးရမှ ရက်ပိုင်းအတွင်း ဘေလီတံတားများထိုးကာ လမ်းပန်းဆက်သွယ်ရေးကို ကောင်းမွန်အောင် ဆောင်ရွက်နေကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required