ကွတ်ခိုင်မြို့အနီးရှိ တိုက်ပွဲများ ပြန်လည်ငြိမ်သက်နေ

ကွတ်ခိုင်မြို့အနီးရှိ တိုက်ပွဲများ ပြန်လည်ငြိမ်သက်နေ
ဓာတ်ပုံ - International Committee of the Red Cross Myanmar

ရန်ကုန် ၊ သြဂုတ် ၂၂ ။            ။ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးတွင် သြဂုတ် ၂၁ ရက်နေ့ ညပိုင်းက တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ယနေ့ သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲများ ငြိမ်နေသည်ဟု ကွတ်ခိုင်မြို့ ဒေသခံတစ်ဦးဖြစ်သည့် ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုတော့ တိုက်ပွဲကပြန်ငြိမ်နေတယ်။ မြို့ပေါ်မှာတော့ စစ်ရှောင်တွေနဲ့ လှုပ်လှုပ်ယွယွ နဲ့ စည်ကားနေတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကွတ်ခိုင်မြို့ပေါ်၌ စစ်ဘေးရှောင်တစ်ထောင်ခန့် ရောက်ရှိနေပြီး ကွတ်ခိုင်မြို့ပေါ်ရှိ လူမှုကူညီရေး အသင်းများမှ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီနေသော်လည်း စားနပ်ရိက္ခာ အခက်အခဲများ ဖြစ်နေသည်ဟု သိရှိရသည်။

“စားရေးသောက်ရေးက အဓိကပြဿနာဖြစ်နေတယ်။ ကျွန်တော်မြို့က ဖြတ်တောက်ခံထားရသလို ဖြစ်နေတာပေါ့လေ။ အခုတော့ လားရှိုးဘက်ထွက်တဲ့လမ်းက ပွင့်သလိုလိုတော့ ရှိနေပါပြီ”  ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် ကွတ်ခိုင်-နမ့်ဖက်ကာအထွက် မန်ပန်ကျေးရွာအနီး၌ တပ်မတော် နှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်များအကြားတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

သြဂုတ် ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့( TNLA၊ AA၊ MNDAA ) တို့မှ မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်၊ နောင်ချိုမြို့သို့ အထွက် ပြင်ဦးလွင် တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့ အထွက် နောင်ချို တိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ် တစ်ခုတို့ တိုက်ခိုက် ခဲ့ပြီးနောက် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနေခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲများမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များရှိရာနယ်မြေများသို့ တပ်မတော်ဘက်မှ ထိုးစစ်များ ဆက်တိုက်ပြုလုပ်လာ၍ တန်ပြန်တိုက်ခိုက်ရခြင်းဟုလည်း TNLA၊ AA၊ MNDAA တို့ဘက်မှပြောဆိုထားသည်။

သြဂုတ် ၁၇ ရက်နေ့ နံနက်ပိုင်းကလည်း ရှမ်းပြည်မြောက်ပိုင်း လားရှိုး ၊ ကွတ်ခိုင် ၊ သိန္နီ မြို့ အနီး ပြည်ထောင်စုလမ်းမကြီးပေါ်၌ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး တံတားအချို့လည်း မိုင်းခွဲ ဖျက်ဆီးခံထားရသည်။
တိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိနေခဲ့လို စစ်ဘေးတိမ်းရှောင်နေရသည့် သူများလည်း ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required