ရွေးကောက်ပွဲ ရွှေ့ဆိုင်းမယ့် ခိုင်လုံတဲ့ အကြောင်းပြချက် ပေးပါ

ရွေးကောက်ပွဲ ရွှေ့ဆိုင်းမယ့် ခိုင်လုံတဲ့ အကြောင်းပြချက် ပေးပါ

နိုဝင်ဘာ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဟု ကြေညာထားပြီး နိုင်ငံရေးပါတီများ အားနှင့်မာန်နှင့် ပါတီအောင်နိုင်ရေး စည်းရုံးနေကြစဉ် အောက်တိုဘာ ၁၃ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုကြောင်း သဘောထားပေးပြီး နောက် ဝေဖန်မှုများ ပေါ်ပေါက်လာခဲ့သည်။

ပထမဆုံးအဖြစ် ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုကြောင်း အကြောင်း ပြချက်ကို နိုင်ငံရေးပါတီအချို့က လက်မခံလိုကြဘဲ စောဒကတက်ကြသလို အချို့ကမူ လက်ခံနိုင် သည့် အကြောင်းပြချက်ဟု ဆိုသည်။

ကော်မရှင်၏ အကြောင်းပြချက်ကို သံသယဝင်သည့် နိုင်ငံရေးပါတီများ ရှိသလို အယုံအကြည် မရှိဟု ထုတ်ဖေါ်ပြောဆိုကြသည့် နိုင်ငံရေးပါတီများလည်း ရှိသည်။ ထို့ကြောင့် ရွေးကောက်ပွဲကော်မ ရှင်၏ အကြောင်းပြချက်ကို ဆန်းစစ်ရန် လိုလာပါသည်။

ရွေးကောက်ပွဲကော်မရှင်က သဘာဝဘေးအန္တရယ်များ ကျရောက်မှုကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုကြောင်း အကြောင်းပြချက် ပေးသည်။ ဤနေရာတွင် ပါတီအချို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုစဉ်က အခြေအနေနှင့် နှိုင်းယှဉ်လျက် ထိုစဉ်ကလည်း သဘာဝဘေး အန္တရာယ် ကျရောက်သည် အခြေအနေဟု စောဒက တက်ကြသည်။

၂၀၀၈ ခုနှစ်အတွင်း တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းအခြေအနေကို သုံးသပ်လျက် နိုင်ငံရေး ပါတီအချို့က စောဒက တက်ကြခြင်းဖြစ်သည်။ ထိုစဉ်က မုန်တိုင်းတိုက်ခတ်မှုသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရယ်ဖြစ်ခဲ့ပြီး လူပေါင်း နှစ်သိန်းကျော် သေဆုံးခဲ့ရကာ လူထောင်ပေါင်းများစွာကို အိုးအိမ်နှင့် အလုပ်အကိုင် ဆုံးရှုံးစေခဲ့သည့် သဘာဝ ဘေးအန္တရယ် ဖြစ်သည်။

သို့သော် ထိုအခြေအနေကို သဘာဝဘေးအန္တရာယ် မသတ်မှတ်ခဲ့ဘဲ ဖွဲ့စည်းပုံ အခြေခံဥပ ဒေကို ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံ အတည်ပြုသည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။

လူထောင် ပေါင်းများစွာ သေဆုံးအတိ ဒုက္ခရောက်ခဲ့သည့်ကြားမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခြင်းအ တွက် ပြောစမတ်တွင်ခဲ့သည့် လုပ်ရပ်တစ်ခုအဖြစ် လူအများကြားတွင် ထင်ရှားခဲ့သည်။

၂၀၁၅ နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုမှု အခြေအနေများကို ထောက်ပြလျက် ထိုစဉ်က ဘာ့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုမှုကို ရက်မရွှေ့ဘဲ လုပ်ခဲ့ကြသနည်းဟု မေးခွန်းထုတ် သူများလည်း ရှိသည်။

ရွေးကောက်ပွဲကော်မရှင်၏ အဖြေမှာမူ ၂၀၁၅ အခြေအနေနှင့် ၂၀၀၈ အခြေအနေ မတူဟု ဆိုသည်။ ၂၀၀၈ ခုနှစ်တွင် ဧရာဝတီတိုင်း တစ်တိုင်းသာ ထိခိုက်ခဲ့ပြီး ယခု အခြေအနေသည် နိုင်ငံအနှံ့ သဘာဝဘေး ကျရောက်နေသည်ဟု ဆိုသည်။ သို့သော် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်မှုတွင် လူပေါင်း နှစ်သိန်းကျော် သေဆုံးခဲ့သည်ဟူသော အချက်အလက်သည် ငြင်းဆိုနိုင်ဖွယ်ရာ မရှိသည့် သဘာဝ ဘေးအန္တရယ် ကျရောက်မှုပင် ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုပါက ယခု ထက် ပိုမိုသော၊ အချက်အလက်နှင့် အခြေအနေကို ထုတ်ပြလျက် ရွှေ့ဆိုင်းရန် သဘောထား ပေးခြင်း ဖြစ်ကြောင်း ထုတ်ဖေါ် ရှင်းလင်းသင့်သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း မြန်မာနိုင်ငံတစ်နှံတစ်လျား ရေကြီးရေလျှံမှုများကြောင့် သဘာဝ ဘေးအန္တရယ် ကျရောက်သည့် ဒေသအချို့ကို အစိုးရ ထုတ်ပြန် ကြေညာ ခဲ့သည်။ ထိုသို့ ကြေညာစဉ် ကလည်း ပါတီအချို့က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်ကြောင်း ထောက်ပြ ပြောဆိုခဲ့သော်လည်း ထို ပြောဆိုမှုသည် အဟောသိကံ ဖြစ်ခဲ့သည်။

သို့သော် အောက်တိုဘာ ၁၃ ရက်တွင်မူ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ဖေါ်ပြောဆိုမှုနှင့် အကြောင်းပြချက်များ၏ နောက်ကွယ်မည် မည်သည့် အကြောင်း အရာများ ဖြစ်နေသည် ဖြစ်ခဲ့သည်ကို ပြည်သူအများသို့ ယခုထက်ပိုမို တိကျသော အကြောင်းပြချက် များဖြင့် ရွှေးကောက်ပွဲ ရွှေ့ဆိုင်းရန် အဆိုပြုခြင်းဟု ပြည်သူသို့ တိတိပပ ချပြသင့်ပါသည်။

သို့မဟုတ်ပါက မဲစာရင်းများ ၃၀ ရာခိုင်နှုန်းသာ မှန်နိုင်မည်ဟု ပြောဆိုထားသော ကော်မရှင်၏ ပြောဆိုမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ဆန္ဒရှိသည်ဟုထပ်မံ ပြောဆိုပါက ပိုမိုရှုပ်ထွေးသည့် အခြေအနေ ဖြစ်ပါလိမ့်မည်။ ချက်ချင်းဆိုသလိုပင် ရွေးကောက်ပွဲကို ကြေညာထားသည့်အတိုင်း ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်က ထပ်မံ ထုတ်ပြန်ခဲ့ပြန်သည်။ ဆုံးဖြတ်ချက် တစ်ခုနှင့် လုပ်နည်းလုပ်ဟန်သည် တစ်တိုင်းပြည်လုံးအတွက် သက်ရောက်မှု ရှိနေသည် ကို မမေ့သင့်ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags