YBS မှတ်တိုင်များတွင် စျေးဆိုင်များဆောက်မည့်ကိစ္စကို တိုင်းလွှတ်တော်ကိုယ်စားလှယ်အချို့ ဝေဖန်

YBS မှတ်တိုင်များတွင် စျေးဆိုင်များဆောက်မည့်ကိစ္စကို တိုင်းလွှတ်တော်ကိုယ်စားလှယ်အချို့ ဝေဖန်
ဓာတ်ပုံ - EPA

ရန်ကုန်၊ သြဂုတ် ၂၁ ။            ။ ရန်ကုန်မြို့ YBS မှတ်တိုင်များတွင် YCDC မှ  ငါးပေ ပတ်လည်ခန့်ရှိ အဲကွန်းပါစျေးဆိုင်များကို တည်ဆောက်သွားမည့်ကိစ္စကို လွှတ်တော်နှင့် အရင်တိုင်ပင်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်ပြောဆိုခဲ့သည်။

"အဲဒါက အမှန်တိုင်းပြောရရင် လွှတ်တော်နဲ့တိုင်တိုင်ပင်ပင် လုပ်ရင် ပိုကောင်းတာပေါ့။ အခုဟာက သတင်းဌာနတွေမှာ တက်လာမှ ကျွန်တေ်ာတို့လွှတ်တော်က သိရတယ်။ မေးခွန်းထုတ်စရာတွေလည်း အများကြီး ဖြစ်သလို လမ်းဘေးမှာ တကယ်တမ်းစျေးရောင်းနေတဲ့ လူတွေနဲ့ ပြဿနာတွေဖြစ်စရာ အကြောင်းရှိတယ်။ ဥပဒေထဲမှာက ကော်မတီရဲ့ခွင့်ပြုချက်မရဘဲ ပလက်ဖောင်းတွေ၊ လမ်းဘေးတွေမှာ စျေးရောင်းလို့မရဘူး။ ကော်မတီက ခွင့်ပြုရင် ရတယ်ပေါ့ ။ အဲဒီတော့စဉ်းစားစရာတွေ အများကြီးပဲ။ လွယ်လွယ်လေး စဉ်းစားပြီး လွယ်လွယ်လေး လုပ်လို့ရမဲ့ကိစ္စတော့ မဟုတ်ဘူး "  ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က မဇ္စျိမသတင်းဌာနကို ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပြုလုပ်မည့် စျေးဆိုင်ခန်းနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"မှတ်တိုင်လေး တစ်ခုထား၊ မှတ်တိုင်လေးတစ်ခုမှာပဲ လမ်းဘေးစျေးသည်တွေ ရှိမယ်ဆိုတဲ့ဟာ မဟုတ်ဘဲ လမ်းဘေးစျေးသည် ပြဿနာကြီးကို ဘယ်လို ရှင်းမလဲဆိုတာကို သေချာ စနစ်တကျ စဉ်းစားသင့်ပါတယ် ။ အမှန်တိုင်းပြောရရင် ဒါက လမ်းဘေးစျေး ဖြစ်သွားမှာပဲ။ လမ်းဘေးစျေးဆိုင်ဆိုတဲ့ သဘောတရားပဲ ဖြစ်သွားမှာပဲ။ ဒါလေးကို ခွင့်ပြုပြီး ကျန်တဲ့ဟာကို ခွင့်မပြုဘူးလား။ ဘယ်လိုပုံစံနဲ့သွားမလဲ။ ရန်ကုန်တိုင်း အတိုင်းအတာနဲ့ လမ်းဘေးစျေးသည်ပြဿနာကို ဘယ်လိုရှင်းမလဲဆိုတာ စဉ်းစားသင့်တယ်ထင်ပါတယ် " ဟု ဦးနေဘုန်းလတ်က ထပ်ပြောသည်။

ရန်ကုန်မြို့ရှိ YBS ကားမှတ်တိုင် ၁၈၀၀ ခန့်ဘေး၊ လမ်းဘေးပလက်ဖောင်းတွင် ငါးပေပတ်လည်ရှိ ဆိုင်ခန်းများ ဖွင့်လှစ်နိုင်ရန် YCDC မှ ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်ဥပဒေကို ကျော်လွန်ပြီး လုပ်လို့မရဘူး။ ဥပဒေမှာ မြောင်းဖုံးထက် ကျော်လွန်ပြီး စျေးမရောင်းရနေရာပဲ။ ဒီဟာက  နည်းနည်းပြန်စဉ်းစားဖို့လိုမယ် တူတယ်။ နည်းနည်းစုံစမ်းဦးမှပေါ့။ ဘယ်လိုတွေ လုပ်မလဲဆိုတာ။ ကိုယ်စားလှယ်တော်တော်များများကတော့ ဒါကြီးက မဖြစ်သင့်ဘူးဆိုပြီး ပြောကြတယ်။ သေချာတော့ ပြန်ပြီး စုံစမ်းကြည့်ရဦးမယ် " ဟု ကျောက်တံတားမြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

ယင်းဆိုင်ခန်းများတွင် YBS ကဒ်စနစ်အတွက် ငွေဖြည့်ကဒ် ၊ မုန့်များကို ရောင်းချရန် လျာထားသည်ဟု YCDC ဘက်မှ သိရသည်။

ဆိုင်ခန်းများ လုပ်ကိုင်ခွင့်ကို မသန်စွမ်းအဖွဲ့ ၊ ကြက်ခြေနီအသင်းနှင့် ကင်းထောက်အဖွဲ့များကို  လုပ်ကိုင်ခွင့် ပေးရန် ကနဦး လျာထားပြီး အခြားလုပ်ကိုင်ခြင်းသူများလည်း လုပ်ကိုင်နိုင်ကြောင်း ကြေညာထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly