ရန်ကုန်မြို့ပတ် ဘတ်စ်ကားလိုင်းအသစ်ကို အောက်တိုဘာလအတွင်း ပြေးဆွဲနိုင်ရန်စီစဉ်

ရန်ကုန်မြို့ပတ် ဘတ်စ်ကားလိုင်းအသစ်ကို အောက်တိုဘာလအတွင်း ပြေးဆွဲနိုင်ရန်စီစဉ်
အဝေးပြေးယာဉ်လိုင်းတချို့တွင်အသုံးပြုနေသည့် SCANIA ကားများကိုမြင်တွေ့ရစဉ်။ဓာတ်ပုံ - bookmyseatmyanmar

ရန်ကုန်၊ သြဂုတ် ၂၁ ။             ။ နိုင်ငံတကာအဆင့်မီ SCANIA ယာဉ်သစ်များဖြင့် ရန်ကုန်မြို့ပတ် ဘတ်စ်ကားလိုင်းအသစ်တစ်ခုကို အောက် တိုဘာလအတွင်း နောက်ဆုံးထားပြေးဆွဲရန် ကုမ္ပဏီဘက်သို့အကြောင်းကြားထားကြောင်း YRTA တွဲဖက် အတွင်းရေးမှူး ဦးလှအောင်ကမဇ္စျိမသို့ပြောသည်။

အဆိုပါ မြို့ပတ်ဘတ်စ်ကားလိုင်းကို City Transit ကုမ္ပဏီမှ ပြေးဆွဲသွားမည်ဖြစ်ပြီး အောင်မင်္ဂလာ အဝေးပြေး ကွင်းမှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

“ဒါကို အချိန်မီပြေးဆွဲရေးကို နှိုးဆော်ပြီးပါပြီ။ ဒီကားတွေကို ကျွန်တော်တို့က အောက်တိုဘာလ မတိုင်မီ ပြေးနိုင်အောင်လုပ်နေတယ်။ သို့သော် ဒီကြားထဲမှာ စောနိုင်သမျှစောအောင်ပြေးမှာဖြစ်တဲ့အတွက် ကျွန်တော် တို့ ဘက်ကတော့ အစောဆုံးပြေးဆွဲရမယ်ဆိုတဲ့ အကြောင်းကြားမှုလုပ်ထားပြီးပါပြီ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ပတ် ဘတ်စ်ကားလိုင်းအသစ်မှာ SCANIA ယာဉ်သစ်များဖြင့်ပြေးဆွဲမည်ဖြစ်သည့်အတွက် ပုလဲ မြို့သစ် တွင် ယာဉ်ရပ်နားကွင်းကို တည်ဆောက်ထားကြောင်း ဦးလှအောင်ကပြောသည်။
City Transit ကုမ္ပဏီအနေဖြင့် လက်ရှိအချိန်တွင် ယာဉ်မောင်းများအားလေ့ကျင့်မှုများ ပြုလုပ်ပေးနေကြောင်း လည်းသိရသည်။

“ယာဉ်စီးခက ကျွန်တော်တို့သတ်မှတ်ပြီးပါပြီ။ မြို့ကိုပတ်တဲ့အခါမှာ ၅၀၀ တစ်ပိုင်း၊ ၅၀၀ တစ်ပိုင်း (၂) ပိုင်း သတ်မှတ်ပေးထားပါတယ်” ဟု ဦးလှအောင်ကပြောသည်။

ယာဉ်စီးခမှာ အောင်မင်္ဂလာအဝေးပြေးမှ သခင်မြပန်းခြံ အထိငွေကျပ် ၅၀၀ ကောက်ခံပြီး၊ သခင်မြပန်းခြံမှ အောင်မင်္ဂလာအဝေးပြေးအထိကို ငွေကျပ် ၅၀၀ ကောက်ခံသွားမည်ဖြစ်ကြောင်း ခရီးစဉ်အစ/အဆုံးအတွက် စုစုပေါင်း ငွေကျပ် ၁၀၀၀ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ခရီးစဉ် အစ/အဆုံးတွင် မှတ်တိုင် ၆၇ ခုပါရှိမည့် အဆိုပါယာဉ်လိုင်းအသစ်၌ ဂိတ်အစအဖြစ် အောင်မင်္ဂလာ အဝေးပြေးမှ အမှတ် (၃) လမ်းမကြီးအတိုင်း ပြေးဆွဲမောင်းနှင်မည်ဖြစ်ပြီး (၆)ကွေ့- သုဓမ္မာလမ်း - ဝေဇယန္တာ လမ်း- ပါရမီလမ်း- ဘေလီထိပ်- သံသုမာလမ်း- စံပြဈေး- ပြည်ထောင်စု ခုံးကျော်တံတား - သံသုမာလမ်း (သုဝဏ္ဏ)- ကြက်ဘဲဈေး - သမိန်ဗရမ်းလမ်း - အထက်ပုဇွန် တောင်လမ်း- (၅၁)လမ်းထိပ် - ဗိုလ်တထောင် ဘုရားလမ်း၊ ကမ်းနားလမ်း - ကြည့်မြင်တိုင် ကမ်းနားလမ်း - ဘုရင့်နောင်လမ်း - ဘုရင့်နောင်လမ်းဆုံ- သမိုင်း ဘူတာရုံလမ်း- သမိုင်းလမ်းဆုံ- ကျိုက်ဝိုင်း ဘုရားလမ်း- (၈)မိုင် - ကမ္ဘာအေးဘုရားလမ်း- နဝဒေး အုတ်ပုံဆိပ် လမ်း- သုဓမ္မာ လမ်း-(၆)ကွေ့- အမှတ်(၃) လမ်းမကြီးမှ အောင်မင်္ဂလာအဝေးပြေးတွင် ဂိတ်ဆုံးမည် ဖြစ်ကြောင်းလည်းသိရသည်။

ခရီးမိုင် အရှည် ၃၅ မိုင်ရှည်လျားမည့် SCANIA မြို့ပတ်ယာဉ်လိုင်းတွင် စုစုပေါင်းယာဉ်အစီးရေ ၃၉ စီးဖြင့် ပြေးဆွဲပေးသွားမည်ဟုလည်း YRTA ရရှိသည့်အချက်အလက်များအရသိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် YBS ယာဉ်လိုင်းပေါင်း ၁ဝဝကျော် မှ ယာဉ်အစီးရေ ၄၃၀၀ ကျော်ဖြင့် ယာဉ်လမ်း ကြောင်း ၁၂၃ ကြောင်းကို ပြေးဆွဲလျက်ရှိပြီး နေ့စဉ်ခရီးသွားပြည်သူ ၁ ဒသမ ၈သန်းကို ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း YRTA မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly