ရွေးကောက်ပွဲ မရွှေ့ဆိုင်းဘဲ မူလအတိုင်းကျင်းပရန် ဆုံးဖြတ်ချက်ချ

ရွေးကောက်ပွဲ မရွှေ့ဆိုင်းဘဲ မူလအတိုင်းကျင်းပရန် ဆုံးဖြတ်ချက်ချ

နေပြည်တော်၊ အောက်တိုဘာ ၁၃ ။ ။ ကယားပြည်နယ် နှင့် ချင်းပြည်နယ်အပါအဝင် နေရာအချို့တွင် သဘာဝဘေးဒဏ်ကြောင့် ရေကြီး၊ မြေပြိုမှုများကြောင့်ဟု အကြောင်းပြပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီများကို ခေါ်ယူတွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း ကန့်ကွက်မှုများ၊ ဝေဖန်မှုများခံရပြီးနောက် ရွေးကောက်ပွဲကို မရွှေ့ဆိုင်းဘဲ မူလကျင်းပမည့် နိုဝင်ဘာ ၈ရက်တွင် ကျင်းပရန် ဆုံးဖြတ်ချက် ချလိုက်သည်။

"ကော်မတီဝင်များ၏ တင်ပြချက်များအရ ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းလိုက်ပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးအပြစ်များကို လေ့လာသုံးသပ်၍ ရက်ရွှေ့ဆိုင်းခြင်း မပြုတော့ဘဲ မူလသတ်မှတ်ထားသည့် ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင်ပင် အထွေထွေရွေးကောက်ပွဲများ ကျင်းပပြုလုပ်တော့မည်ဖြစ်ကြောင်း ကော်မရှင်၏ ဆုံးဖြတ်ချက်အား အတည်ပြုထုတ်ပြန်အသိပေးအပ်ပါသည်"ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၃ရက် ည ၈နာရီက ထုတ်ပြန်လိုက်သည်။

ရွေးကောက်ပွဲရက်ကို ရွှေ့ဆိုင်းနိုင်ရန် အောက်တိုဘာ ၁၃ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကောက်မရှင်ရုံးချုပ်တွင် ပါတီကြီး ၁၀ခုကို ခေါ်ယူတွေ့ဆုံခဲ့သည်။

အစည်းအဝေးတွင် တိုင်း နှင့် ပြည်နယ်အချို့၌ ရေကြီးနစ်မြုပ်မှု သဘာဝဘေးအန္တရာယ်များ၊ နယ်မြေအေးချမ်းမှုအပေါ် မူတည်၍ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအခြေအနေ၊ မဲဆန္ဒရှင်များ အဆင်ပြေစွာမဲပေးနိုင်မှု အခြေအနေများကို သုံးသပ်ကာ ရွေးကောက်ပွဲရက်ကို အနည်းငယ် ရွှေ့ဆိုင်းရန် သင့်၊ မသင့် သဘောထားများကို တင်ပြ ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

“သဘာဝဘေးအန္တရာယ်ကြောင့်ရယ်၊ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ပါတီတွေက စည်းရုံးရေးကာလဆောင်ရွက်နိုင်မလား ဒီအပေါ်မှာမူတည်ပြီးတော့ ဒီကနေ့ ဆွေးနွေးလိုက်တာပါပဲ” ဟု ဦးတင်အေးက သတင်းထောက်များကို ပြောသည်။

နိုင်ငံရေးပါတီများ အပြိုင်အဆိုင်မဲဆွယ်နေချိန်၊ ရွေးကောက်ပွဲကျင်းပရန် ၂၅ရက်တိတိသာ လိုတော့သည့် အချိန်တွင် ရွေးကောက်ပွဲရက်ကို ရွှေ့ဆိုင်းရန် ဦးတင်အေး၏ အဆိုပြုမှုကို ကြံ့ခိုင်ရေးပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ထောက်ခံခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်ခဲ့သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကမူ ရွေးကောက်ပွဲကော်မရှင်၏ သဘောထား အပေါ်တွင်သာ မူတည်သည်ဟုဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တို့ တက်ရောက်ခဲ့ကြသည်။

အောက်တိုဘာလ ၁၂ရက်တွင်မူ နယ်မြေအေးချမ်းမှု မရှိသည့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှှိ (၃၄) မြို့နယ်မှ ကျေးရွာအုပ်စုပေါင်း (၄၀၀) ကျော်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly