ကျူးကျော်နှင့် အစိုးရဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ယာဆောက်မည်ဆိုပါက မြေအခမဲ့ပေးမည်

ကျူးကျော်နှင့် အစိုးရဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ယာဆောက်မည်ဆိုပါက မြေအခမဲ့ပေးမည်

ရန်ကုန်၊ သြဂုတ်လ ၂၀ ။                              ။ ရန်ကုန်မြို့၊စက်မှုဇုန်များအနီးရှိ ကျူးကျော်များနှင့် အစိုးရဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ယာများ ဆောက်လုပ်မည်ဆိုပါက ဆောက်လုပ်မည့်သူများကို မြေစျေး ဇီးရိုးကုန်ကျငွေဖြင့် ပေးသွားမည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောဆိုသည်။

" အိမ်ယာမှ နှစ်ခုရှိပါတယ်။ကျူးကျော်အတွက်သပ်သပ်၊ဝန်ထမ်းတွေအတွက်တန်ဖိုးနည်းအိမ်ယာ သပ်သပ်ပါ။ ဝန်ထမ်း အိမ်ယာအတွက်က မဆောက်လို့မရဘူး။အခန်းခ၊ငှားရမ်းခက စျေးကြီးတယ်ဆိုတဲ့အတွက်ကြောင့်ပါ။ ကျူးကျော်တွေအတွက်ကျတော့သပ်သပ်ဆောက်မယ်။အဓိကမြေ၊ မြေစျေးကြီးတဲ့အတွက် တိုက်ခန်းခ တို့က မြင့်တယ်။မြေစျေးကို ဇီးရိုးကုန်ကျငွေနဲ့ထားပြီးပေးမယ်" ဟု ဦးမောင်မောင်စိုးက ပြောသည်။

သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့တော်ခန်းမတွင်ပြုသည့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

တန်ဖိုးနည်းအိမ်ယာများဆောက်လုပ်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ လက် အောက်တွင် မြေဧက ၃ ဧကနှင့် ၃ဧကနှင့်အထက် မြေယာများရှိနေပြီး အဆိုပါမြေများပေါ်တွင် ဆောက်လုပ် မည်ဆိုပါက မြေဖိုးကုန်ကျငွေ မရှိကြောင်း သိရသည်။

" ရန်ကုန်မြို့မှာ ကျူးကျော်အဆောက်အအုံပေါင်း ၁သိန်းခွဲကျော် ရှိပါတယ်။ ကျူးကျော်များအတွက် နေရာ ချထားပေးဖို့က အခန်းပေါင်း တစ်သိန်းခွဲလောက်ရှိပါတယ်။ ကျူးကျော်တွေကို တန်ဖိုးအနည်းဆုံးနဲ့ ပြန်လည် နေရာချထားပေးရန် ဒဂုံမြို့သစ် လေးမြို့နယ်၊ လှိုင်သာယာ၊ရွှေပြည်သာ ၆ မြို့နယ်မှာ ပြည်သူလူထူ အခြေပြု အနေနဲ့ စီစဉ်ဆောင်ရွက်နေပါတယ်။ဝန်ထမ်းများ၊အလုပ်သမားများအတွက် သက်ဆိုင်ရာ စက်မှုဇုံတွေနဲ့ အနီးဆုံးမှာရှိနေတဲ့ မြေများပေါ်မှာ ရင်းနှီးမြှုပ်နှံပြီးဆောက်လုပ်ပေးမယ့် ကုမ္ပဏီတွေကို EOI ခေါ်ပြီး ဆောက် လုပ်ဖို့စီစဉ်နေပါတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး ဦးသန့် က မီဒီယာ များကို ပြောသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ယာတိုက်ခန်းများ ဆောက်လုပ်ရာတွင် အကျယ် ၁၅ ပေ၊ အလျား ၃၅ ပေရှိသော ပဏာမ ဒီဇိုင်းများ ဆွဲထားပြီးဖြစ်ကြောင်း နှင့် ရင်းနှီးမြှုပ်နှံဆောက်လုပ်ပေးမည့် ကုမ္ပဏီများကို Expression of Interest (EOI) ခေါ်ယူခြင်းများ ဆောင်ရွက်မည်ဟု သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly