‘အကြာကြီးနေပြီး ဆုဖလားတွေ အများကြီး ရယူဖို့ ကျနော် မျှော်လင့်ထားတယ်။’ - ဘာကာမှ ကော်တင်ဟိုကို အငှားနဲ့ ဘိုင်ယန် ခေါ်ယူ

‘အကြာကြီးနေပြီး ဆုဖလားတွေ အများကြီး ရယူဖို့ ကျနော် မျှော်လင့်ထားတယ်။’ - ဘာကာမှ ကော်တင်ဟိုကို အငှားနဲ့ ဘိုင်ယန် ခေါ်ယူ
Photos: EPA

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာအသင်းမှ ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုကို အပြီးသတ်ဝယ်ယူခွင့်အပါအဝင် တစ်ရာသီ အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။

ဂျာမန်ကလပ် ဘိုင်ယန်ဟာ အသက် ၂၇ နှစ်အရွယ် ဘရာဇီးလ်ကစားသမားကို ယူရို (၈.၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အပြီးသတ်ဝယ်ယူမယ်ဆိုရင်တော့ ယူရိုသန်း (၁၂၀) ပေးချေရမှာဖြစ်ပါတယ်။

ဘိုင်ယန်ဟာ အငှားခေါ်ယူနေစဉ်အတွင်း ကော်တင်ဟိုရဲ့ လစာတွေကိုလည်း ပေးချေသွားရမှာဖြစ်ပါတယ်။

"ကျနော်တို့ စိတ်ကူးထားခဲ့သလို ဘာစီလိုနာမှာ အရာတွေ အများကြီး မပြသနိုင်ခဲ့ပါဘူး။"လို့ ကော်တင်ဟိုက မြူနစ်မှာ သူ့ရဲ့တရားဝင်မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။

"ဒါပေမယ့် အခုဆိုရင် ဒါဟာ သမိုင်းပဲဖြစ်ပါတယ်။ ဒီနေရာ (ဘိုင်ယန်မြူးနစ်)မှာ အချိန်အကြာကြီး နေပြီး ဆုဖလားတွေ အများကြီး ရယူဖို့ ကျနော် မျှော်လင့်ထားပါတယ်။"

သူက ဆက်ပြီး "ဘိုင်ယန်ရဲ့ ဂျာစီနဲ့ နံပါတ် (၁၀) ဟာ ကြီးမားတဲ့ တာဝန်ယူမှုတစ်ခုပါ။

"ဒါဟာ ရော်ဘင် ဝတ်ဆင်ခဲ့တဲ့ နံပါတ်ဖြစ်ပြီး သူဟာ ဘောလုံးလောကမှာ ကြီးကျယ်တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ ကွင်းထဲမှာ ကောင်းမွန်တဲ့ ရလဒ်နဲ့အတူ မျှော်လင့်ချက်တွေ ရှင်သန်နိုင်စေဖို့ ကျနော် မျှော်လင့်ထားပါတယ်။"လို့ ဆိုပါတယ်။

ဘိုင်ယန် အမှုဆောင်ချုပ်ဖြစ်သူ ကားလ်ဟိန့်ဇ် ရူမင်နစ်ဂီက "ကျနော်တို့ ဖိလစ်ကော်တင်ဟိုနဲ့အတူ အချိန်အတိုင်းအတာတစ်ခုထိ လုပ်ဆောင်ခဲ့ပါတယ်။ အခု ဒီအပြောင်းအရွှေ့ဖြစ်မြောက်လာတဲ့အတွက် ကျနော်တို့ အရမ်းပျော်ရွှင်မိပါတယ်။"လို့ ပြောပါတယ်။

"ဒီအပြောင်းအရွှေ့ကို သဘောတူညီပေးတဲ့အတွက် ကျနော်တို့ ဘာစီလိုနာအသင်းကို ကျေးဇူးတင်ပါတယ်။ ဘိုင်ယန်ကို ကစားသမားတစ်ဦးအနေနဲ့ ရောက်ရှိလာတဲ့ ဖိလစ်ဟာ သူ့ရဲ့ ဖန်တီးမှုတွေနဲ့ အလွန်ကောင်းမွန်တဲ့ နည်းစနစ်ကျွမ်းကျင်မှုနဲ့အတူ ကျနော်တို့ရဲ့ တိုက်စစ်ကို ထက်မြက်သန်မာစေပါလိမ့်မယ်။"

သောကြာနေ့က ဘာစီလိုနာက ဘီလ်ဘာအိုကို ရှုံးနိမ့်ခဲ့တဲ့ လာလီဂါအဖွင့်ပွဲစဉ်မှာ ပွဲကြည့်စင် ပရိသတ်ထဲရှိခဲ့တဲ့ ကော်တင်ဟိုဟာ ၂၀၁၈ ဇန်နဝါရီက လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကြေး ပေါင် (၁၄၂)သန်းနဲ့ ပူးပေါင်းခဲ့သူဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအတွက် (၇၆)ပွဲ ကစား၊ (၂၁)ဂိုး သွင်းယူခဲ့ပေမယ့်လည်း သူဟာ အသင်းမှာ ပုံမှန်နေရာမရဘဲ ရုန်းကန်ခဲ့ရပြီး ယခုနွေရာသီမှာ ကလပ်အသင်း အများအပြားနဲ့ ချိန်ဆက်ခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly