တိုက်ပွဲဖြစ်သည့်ဒေသများသို့ မသွားလာကြရန် မြောက်ပိုင်းမဟာမိတ်ဘက်မှ မေတ္တာရပ်ခံ

တိုက်ပွဲဖြစ်သည့်ဒေသများသို့ မသွားလာကြရန် မြောက်ပိုင်းမဟာမိတ်ဘက်မှ မေတ္တာရပ်ခံ
ဂုတ်တွင်းတံတားအနီး မပေါက်ကွဲသောမိုင်းများအား သက်ဆိုင်ရာမှ ဖျက်ဆီးရှင်းလင်းနေစဉ် ဓာတ်ပုံ Myo Thant Aung

ရန်ကုန်၊ သြဂုတ် ၁၉  ။          ။ လတ်တလောတိုက်ပွဲများဖြစ်နေသည့်ဒေသများသို့ အရပ်သားပြည်သူများအနေဖြင့် မသွားလာကြသေးရန် မေတ္တာရပ်ခံကြောင်း မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ထဲမှ တအာင်း/ပလောင်လွတ်မြောက်ရေးတပ် (TNLA) မှဗိုလ်မှူးတာအိုက်ကျော်က ပြောဆိုလိုက်သည်။

“စစ်ရေးကတော့ လူထုကိုထိခိုက်မှုမရှိအောင် အတတ်နိုင်ဆုံးလူထုနဲ့ဝေးတဲ့နေရာတွေဖြစ်အောင်တော့ လူထုနဲ့နီးတဲ့နေရာတွေကို တော်တော်လေးရှောင်ရှားပါတယ်။ တတ်နိုင်သမျှပေါ့။ တိုက်ပွဲဖြစ်နေတဲ့ နေရာဒေသတွေကို သွားလာဖို့ကတော့ရှောင်ရှားကြဖို့ မေတ္တာရပ်ခံချင်တယ်” ဟု ၎င်းက ဆိုသည်။

သြဂုတ် ၁၅ ရက်နေ့က ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်၊ သြဂုတ် ၁၆ ရက်တွင် ကွတ်ခိုင်မြို့နယ်နှင့် လာရှိုး မြို့အကြား၊ သြဂုတ် ၁ရနှင့် ၁၈ ရက်တို့တွင် ကွတ်ခိုင်မြို့နှင့် ပြည်ထောင်စုလမ်းမတစ်လျှောက်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ထိပ်တိုက်တွေ့တာတော့ အတိအကျမသိဘူး။ တိုက်ပွဲကြီး၊ ငယ်ကတော့ ၃၀ ကျော်လောက်ရှိပြီ”ဟု TNLA မှ ဗိုလ်မှူးတာအိုက်ကျော် ကဆိုသည်။

သြဂုတ် ၁၉ ရက်နေ့(ယနေ့) အတွက် သတင်းကိုမူကြားသိရခြင်းမရှိသေးသော်လည်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ဖြစ်သည့် (AA၊ TNLA၊ MNDAA) တို့အကြား စစ်ရေးတင်းမာလျှက်ရှိကြောင်း သူက ဆက်ပြောသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ မဇ္စျိမမှ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သို့ သြဂုတ်၁၉ ရက်နေ့လယ်ပိုင်း အချိန်ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တပ်မတော်အရာရှိ စစ်သည် ၉ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၂ ဦး စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦးပျောက်ဆုံးနေကြောင်း တပ်မတော် ဘက်မှသတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် တိုက်ပွဲများကြောင့် လားရှိုးလူငယ်ပရဟိအသင်း၏ ဥက္ကဋ္ဌအပါအဝင် အရပ်သားသေဆုံးမှုများရှိခဲ့ပြီး စစ်ဘေးရှောင် အရေအတွက်မှာလည်း ကွတ်ခိုင် မြို့တစ်ခုတည်းတွင် လူ ၃၀၀ ခန့်အထိ ရှိနေသည်။

အဆိုပါတိုက်ပွဲများမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များရှိရာနယ်မြေများသို့ တပ်မတော်ဘက်မှ ထိုးစစ်များ ဆက်တိုက်ပြုလုပ်လာ၍ တန်ပြန်တိုက်ခိုက်ရခြင်းဟုလည်း TNLA၊ AA၊ MNDAA တို့ဘက်မှ ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly