အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် စစ်ရေးဖြင့် ဖိအားပေးသည့်လုပ်ရပ်ကို ကန့်ကွက်ကြောင်း SSPP ပြော

အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် စစ်ရေးဖြင့် ဖိအားပေးသည့်လုပ်ရပ်ကို ကန့်ကွက်ကြောင်း SSPP ပြော

ချင်းမိုင်၊ အောက်တိုဘာ ၁၃ ။ ။ အစိုးရတပ်မတော် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အပေါ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း လက်မှတ် မရေးထိုးသဖြင့် စစ်ရေးနည်းဖြင့် ဖိအားပေးသည့် လုပ်ရပ်ကို လုံးဝ ကန့်ကွက်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)က ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးအပြီး သဘောထားထုတ်ပြန်လိုက်သည်။

အောက်တိုဘာလ ၁၀ ရက်မှ ၁၂ ရက်ထိ SSPP၏ ဗဟိုဌာနချုပ် ဝမ်ဟိုင်းတွင် သုံးရက်ကြာ ကျင်းပခဲ့သော SSPP/SSA အရေးပေါ် အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေများ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် အပါအဝင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်များကို ဆွေးနွေး သုံးသပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၆ ရက်မှ ယနေ့ထိ SSPP/SSA တပ်စခန်းများအား အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်ခြင်းသည် NCA လက်မှတ် ရေးထိုးခြင်း အဆင့်သင့်မဖြစ်သေးသည့်အပေါ် စစ်ရေးအရ ဖိအားပေးခြင်းသာ ဖြစ်သည်ဟု SSPPက သုံးသပ်လိုက်သည်။

တချို့အဖွဲ့ကို ချန်လှပ်ထားပါက စစ်မီးပွာစလေးမှ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားမည်ကို အထူးစိုးရိမ်ကြောင်း နှင့် NCA လက်မှတ်ရေးထိုးရန် အချိန်နီးနှင့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် အလွန်နီးကပ်နေ၍ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းသည့် အခြေအနေကို ဖန်တီးရန် အထူးအရေးကြီးကြောင်း တိုက်တွန်းထားသည်။

အစိုးရတပ် နှင့် SSAA/SSA တို့အကြား အောက်တိုဘာ ၁၁ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး ဝမ်ဟိုင်းဌာနချုပ် အနီး အစိုးရ၏ ပစ်ခတ်မှုကြောင့် လက်နက်ကြီး ၈ လုံးကျရောက်ခဲ့သည်ဟု SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းလက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ဝမ်ဟိုင်းဌာနချုပ်မှ ၂ မိုင်ကျော် အကွာအဝေးရှိ ကျူမောက်ခေါဝ် အခြေစိုက်ထားသည့် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများက ပစ်ခတ်မှုကြောင့် SSPP၏ ဝမ်ဟိုင်းဌာနချုပ်တွင် ၁၂၀ လက်နက်ကြီး ၄ လုံးနှင့် ကောင်းမှူးလွယ်သို့ ၄ လုံး စုစုပေါင်း ၈ လုံး လယ်ကွင်းများသို့ ကျရောက်ခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း ဦးစိုင်းလက ပြောသည်။

အောက်တိုဘာလ ၆ ရက်မှ ၁၁ ရက်ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း SSPP/SSA ဘက်မှ တပ်သား ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သူက ပြောသည်။ အစိုးရဘက်မှလည်း ထိခိုက် ကျဆုံးသူ များပြားသည်ဟု သိရကြောင်း သူက ပြောသည်။

ထို့ပြင် တိုက်ပွဲများကြောင့် မိုင်းရှူးမြို့နယ် ဟိုင်းပါကျေးရွာအုပ်စုရှိ တာဆမ်ပူးကျေးရွာ အပါအဝင် ရွာ ၆ ရွာမှ ရွာသားများ တောတောင်များသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး မိုးရှူးဘက် ထွက်ပြေးတိမ်းရှောင်သူများလည်း ရှိသူဟု ဒု-ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

“တာဆမ်ပူးဘက်မှာ ရှိတဲ့ ရွာသားတွေက အခုက ကောက်ပဲသီးနှံယူတဲ့အချိန်လေ။ တောင်ယာစပါး၊ ပြောင်းဖူး၊ ပဲတို့ ဒီအတိုင်း ပစ်ထားခဲ့ရတာပေါ့။ ၄၊၅၊၆ ရွာလောက် သူတို့သီးနှံ့တွေယူရမယ့် အချိန်ဆိုတော့ ဝေးဝေးတော့ မသွားချင်ဘူး။ တိုက်ပွဲ ဖြစ်တဲ့နေရာနဲ့ နည်းနည်းလွတ်တဲ့နေရာမှာ သွားပုန်းနေပြီးတော့ စောင့်ကြည့်နေတယ်ပေါ့၊ တချို့ မိုင်းရှူးဘက် ထွက်ပြေးသွားတာလည်း ရှိတယ်လို့ ကြားတယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်က SSPP/SSA တပ်မဟာ ၇၂ ထိန်းချုပ်နယ်မြေ မိုင်းရှူးမြို့နယ် ဟိုင်းပါးကျေးရွာအုပ်စု တာ့ဆမ်ပူး ကျေးရွာအနီး နောင်ခိတ်အရှေ့မြောက်ဘက်သို့ အစိုးရ၏ စစ်တပ် တပ်ရင်း ၁၁၇ နှင့် ၅၂၉ မှ အင်အား ၃၀၀ ကျော် ထိုးစစ်ဆင် ဝင်ရောက်လာသဖြင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

SSPP/SSA သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC) နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့သည်။ ယင်းနောက်ပိုင်း တိုက်ပွဲပေါင်း ၃၀၀ ကျော် ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

SSPP သည် အောက်တိုဘာ ၁၅ရက်တွင် အစိုးရ နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ကို လက်မှတ်ထိုးမည့် အဖွဲ့ ရှစ်ဖွဲ့ထဲတွင် မပါသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required