ရွေးကောက်ပွဲ ရွှေ့ဆိုင်းသည့် အကြောင်းပြချက် ပါတီအချို့ ဘဝင်မကျဖြစ်ကာ ဝေဖန်မှုများ ထွက်ပေါ်

ရွေးကောက်ပွဲ ရွှေ့ဆိုင်းသည့် အကြောင်းပြချက် ပါတီအချို့ ဘဝင်မကျဖြစ်ကာ ဝေဖန်မှုများ ထွက်ပေါ်

နိုဝင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားပြီးနောက် သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ဆိုင်းရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ပေးသည့် အကြောင်းပြချက်အပေါ် ပါတီအချို့က သံယဖြစ်ကာ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

"အခု အကြောင်းပြတဲ့အချက်ကလည်း မဖြစ်နိုင်ဘူး၊ အခုမှ ပြောတဲ့အခါကျတော့ ရက်တွေ အများကြီး ကုန်သွားပြီ။ အကြောင်းပြချက် ပေးတဲ့ သဘာဝဘေး အန္တရာယ်ကြောင့် ဆိုတဲ့ အကြောင်းပြချက်ပဲ။ အဲဒါ အဓိက မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ တစ်ခြားဟာ ရှိဦးမယ်။ ကျွန်တော်တော့ မယုံဘူး" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မဇ္ဈိမကိုပြောသည်။

သဘာ၀ ဘေးအန္တာရယ်များကြောင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က အောက်တိုဘာ ၁၃ရက်တွင်၊ ထိပ်တန်း နိုင်ငံရေးပါတီ ၁၀ခု ပါဝင်ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲ စေ့စပ် ညိနှိုင်းရေးဆိုင်ရာ ဗဟိုကော်မတီနှင့် တွေ့ဆုံကာ ဆွေးနွေးခဲ့သည်။

ရွေးကောက်ပွဲ စေ့စပ်ညိနှိုင်းရေး ဆိုင်ရာ ဗဟိုကော်မတီဝင် ၁၀ ပါတီမှ ၇ပါတီသာ UEC  နှင့် တွေ့ဆုံ့ပွဲကို တက်ရောက်ခဲ့ပြီး မြန်မာ တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲ ကျင်းပနိုင်သည့် မဲဆန္ဒနယ်များ၏ ၅၀ ရာခိုင်နှုန်းခန့်က သဘာဝဘေး အန္တာရယ်ကျရောက်နေသဖြင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန်ပါတီများသို့ အသိပေးခြင်း ဖြစ်သည်။

ညီညွတ်သော တိုင်းရင်းလူမျိုးများမဟာမိတ်၊ သဘာပတိအဖွဲ့ဝင် ဦးအေးသာအောင်က "မဲဆွယ်ကာလ တစ်ဝက်ကျိုးမှ ရွှေ့မယ်ဆိုတာက ရိုးသား ရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်မယ်။ အကြောင်းပြချက်ပေးတဲ့ ဘေးအန္တာရယ်ကြောင့် ဆိုတာက အရင်ကတည်းက တစ်နိုင်ငံလုံးနီးပါး ဖြစ်ကတည်းက သေချာစဉ်းစားပြီး အဲဒီအချိန်က ရွှေ့မယ်ဆိုလည်း တစ်မျိုးပေါ့။ အခုမှ ရွေ့မယ် ဆိုတာတော့ လုံးဝမဖြစ်သင့်ဘူး" ဟု ဆိုသည်။

ကော်မရှင်ကဆိုသည့် မဲဆန္ဒနယ်များ၏ ၅၀ ရာခိုင်နှုန်း သဘာ၀ ဘေးအန္တရာယ် ခံစားရဆိုသည့် အကြောင်းပြချက် အပေါ်ပါတီတို့က သံသယဖြစ်နေပြီး၊ ယင်းအချက်အလက် ရရှိမှုနှင့် ပက်သက်ပြီးလည်း တိကျသည့် အထောက်အထား ခိုင်လုံရရှိမှုကို ပါတီအချို့က မေးခွန်းထုတ်ကြသည်။

အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ အတွင်းရေးမှူး ဦးနေမင်းကျော်ကလည်း "၅၀ ရာခိုင်နှုန်း ဆိုတဲ့အပေါ်မှာ ဘယ်နေရာတွေက တစ်ကယ်ဖြစ်တာလဲ ဘယ်မှာ မဖြစ်ဘူးလဲ ဆိုတာကို မီဒီယာတွေ၊ အဖွဲ့အစည်းတွေကနေ သေချာစိစစ်ပြီးတော့ ဖော်ထုတ်ပြ သင့်တယ်။ တစ်ကယ်ဆိုရင်တော့ တစ်မျိုးပေါ့။ မဟုတ်ရင်တော့ အကြောင်းပြချက်က စဉ်းစားစရာရှိတယ်လို့ပဲ ပြောချင်ပါတယ်" ဟုဆိုသည်။

ဖက်ဒရယ် ဒီမိုကရေစီပါတီ အနေဖြင့်လည်း သဘာဝဘေးအန္တရာယ်ကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းခြင်းအပြင် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများစွာ ပါရှိလာခြင်းကြောင့် ရွေးကောက်ပွဲကို အပစ်ရပ် လက်မှတ်ရေးထိုးအပြီး၊ သဘာ၀ ဘေးအန္တရာယ်များ ကယ်ဆယ်မှုများ ပြီးမှသာလျှင် ပြုလုပ်သင့်ကြောင်း ပါတီဒုဥက္ကဌ-၂ ဦးစောသန်းမြင့်ကပြောသည်။

ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် အသိပေးသော်လည်း မည်မျှရွှေ့ဆိုင်းမည်ကိုမူ ကေ်ာမရှင် အဖွဲ့ဝင်များဖြင့် ညိနှိုင်းကာ ထုတ်ပြန်ချက်ထုတ်သည့်အခါတွင်သာ သိရှိနိုင်မည်ဟုလည်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပါတီများကိုအသိပေးခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် အလားတူ ၂၀၁၄ခုနှစ်နိုဝင်ဘာတွင် ပြုလုပ်မည်ဟု ဆိုထားသည့် ကြားဖြတ် ရွေးကောက်ပွဲကိုလည်း ပြည်ထောင်စု အဆင့်ရှိသည့် လွှတ်တော်များတွင် ကတိပြုခဲ့ပြီး ၂၀၁၄ခုနှစ် သြဂုတ်လအတွင်းက ကျင်းပမည့်နေရာများသည့် လွှတ်တော်အတွင်း ဆုံးဖြတ်ချက်ကို မလွှမ်းမိုး နိုင်ခြင်း၊ ဘဏ္ဍာရေး ငွေအပြားသုံးစွဲရမည့် အခြေအနေရှိသည်ဟု အကြောင်းပြချက်ဖြင့် ဖျက်သိမ်းခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required