လားရှိုးမှ သိန္နီဘက်အထွက်တွင် တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာတစ်ရွာပိတ်မိနေဟုဆို

လားရှိုးမှ သိန္နီဘက်အထွက်တွင် တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာတစ်ရွာပိတ်မိနေဟုဆို
တိုက်ပွဲများ ပိတ်မိနေသည့် ရွာသားများ။ဓါတ်ပုံ- Haung Khaung

ရန်ကုန်၊ သြဂုတ် ၁၇ ။       ။ လားရှိုးမှ သိန္နီဘက်အထွက်နားရှိ မီးရှို့ခံခဲ့ရသောတိမ်ဖြူပန့်ဆီဆိုင်အနီးရှိ နမ့်တွန်းရွာသားများမှာ ရွာပြင် ထွက်မရဘဲ ပိတ်မိနေသည်ဟု သတင်းရရှိထားကြောင်း လားရှိုးလူငယ်များလူမှု့ကူညီရေးအဖွဲ့မှ ကိုအောင်ကျော်ဦး ကမဇ္စျိမသို့ ပြောသည်။

“နမ့်တွန်းရွာထဲမှာတော့ပိတ်မိနေတယ်။ ရွာသားတွေပိတ်မိနေကြတယ်။ ဟိုဘက် ဒီဘက် နှစ်ဘက်ချနေတော့ သူတို့ကပိတ်မိနေတယ်။ ဘာမှလုပ်လို့မရဘူး။ ထွက်လို့လည်းမရဘူး” ဟု၎င်းက ဆိုသည်။

လားရှိုးမှ သိန္နီဘက်အထွက် ၁၂မိုင် (နမ့်တွန်းရွာအနီး )တွင် ပစ်ခတ်မှုများကြောင့် ဒဏ်ရာရပြီး ပိတ်မိနေသူ များကို ကယ်ဆယ်ရန် သွားရောက်ခဲ့စဉ် သြဂုတ် ၁၇ ရက်နံနက်ပိုင်းကသိရှိခဲ့ခြင်းဖြစ်သည် ဟု ကိုအောင် ကျော်ဦး ကဆိုသည်။ သို့သော် အဆိုပါပိတ်မိနေသော ကျေးရွာတွင် လူဦးရေမည်မျှ ပိတ်မိနေသည်နှင့် အခြေအနေတို့ကိုမူ အတိအကျ မသိရှိရသေးဟု ၎င်းက ပြောသည်။

သြဂုတ်လ ၁ရရက် မနက်ပိုင်းတွင် တိုက်ပွဲအကြား ပိတ်မိနေသူများကိုကူညီရန်သွားရောက်ခဲ့သော လားရှိုး လူငယ်များလူမှု့ကူညီရေးအဖွဲ့၏ ယာဉ်ကို အမည်မသိအဖွဲ့မှပစ်ခတ်သော စနိုက်ပါ ကျည်နှင့် လက်နက်ကြီး ကျည်ထိမှန်ခဲ့ပြီး လားရှိုး လူငယ်များလူမှု့ကူညီရေးအဖွဲ့၏ ဥက္ကဋ္ဌဦးထွန်းမြင့်သေဆုံးကာ အဖွဲ့ဝင် (၄) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကိုအောင်ကျော်ဦးကပြောသည်။

လက်ရှိမှာ လားရှိုးဆေးရုံသို့ရောက်ရှိနေပြီး သြဂုတ် ၁၇ ရက် နေ့လယ်ပိုင်းအခြေအနေများကိုတော့ မသိရှိ တော့ကြောင်း ၎င်းကဆိုသည်။ ထို့ကြောင့် လားရှိုးမြို့သို့ရောက်ရှိနေသော နယ်စည်းမခြားပရဟိအဖွဲ့မှ ကိုမျိုးအား နေ့လယ် ၃ နာရီခန့်အချိန်တွင်ဖုန်းဆက်မေးမြန်းရာ တိုက်ပွဲများမငြိမ်သေး၍ အဆိုပါနေရာသို့ ဝင်မရသေးကြောင်းဆိုသည်။

“တိုက်ပွဲကတော့ တဒုန်းဒုန်းနဲ့ချနေတာပဲ။ အဲ့ဘက်အခြမ်းမှာတော့ အသံတွေကတော့ကြားနေရတယ်။ ဘယ်နားမှာဖြစ်နေတာလဲတော့ မသိသေးဘူး။ ကျွန်တော်တို့ဝင်ဖို့ကမလွယ်သေးဘူးလေ” ဟု၎င်းက ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် လားရှိုးမြို့ပေါ်က သာသနာ့ဗိမာန်နှင့် မာန်ဆူဘုန်းကြီးကျောင်းတို့တွင် စစ်ဘေး ရှောင်များရောက်ရှိနေပြီး စုစုပေါင်းလူဦးရေကိုမူအတည်အကျ မသိရှိရသေးကြောင်းလည်းသိရသည်။

ယနေ့ သြဂုတ် ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုး ၊ ကွတ်ခိုင် ၊ သိန္နီ မြို့ အနီး ပြည်ထောင်စုလမ်းမကြီးပေါ်၌ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး တံတားအချို့လည်း မိုင်းခွဲဖျက်ဆီးခံထားရသည်။

ယခုဖြစ်စဉ်သည် သြဂုတ် ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့( TNLA၊ AA၊ MNDAA ) တို့မှ မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်၊ နောင်ချိုမြို့သို့ အထွက် ပြင်ဦးလွင် တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့ အထွက် နောင်ချို တိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ် တစ်ခုတို့ တိုက်ခိုက် ခဲ့ပြီးနောက် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနေခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲများမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များရှိရာနယ်မြေများသို့ တပ်မတော်ဘက်မှ ထိုးစစ်များ ဆက်တိုက်ပြုလုပ်လာ၍ တန်ပြန်တိုက်ခိုက်ရခြင်းဟုလည်း TNLA၊ AA၊ MNDAA တို့ဘက်မှပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required