ရန်ကုန်- ကော့သောင်းလမ်းကားများ ပြန်လည် ဖြတ်သန်းနိုင်ပြီ

ရန်ကုန်- ကော့သောင်းလမ်းကားများ ပြန်လည် ဖြတ်သန်းနိုင်ပြီ
ရန်ကုန်-ရေး -မလွဲတောင်လမ်းပိုင်းအား ဖြတ်သန်းသွားလာနေကြစဉ်။ ဓာတ်ပုံ-ဆောက်လုပ်ရေး

ရန်ကုန်၊ သြဂုတ် ၁၇ ။           ။ ရေးမြို့နယ်နှင့် ရေဖြူမြို့နယ်အစပ် နှစ်နေရာတွင် လမ်းပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည့် AH112အမည်ရ အမြန်လမ်းမှာ ပြန်လည်အသုံးပြုနိုင်ပြီဟု မွန်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၈) မှ ဦးမျိုးဝင်းက မဇ္စျိမသို့ အတည်ပြုပြောသည်။

သာမန်ထက်လွန်ကဲသည့် မိုးရွာသွန်းမှုများကြောင့် သြဂုတ် ၁၀ ရက်နေ့မှစတင်ကာ လမ်းပိုင်းများတွင် မြေပြိုမှုများဖြစ်ပေါ်ပြီး ပြတ်တောက်ခဲ့ခြင်းလည်း ဖြစ်သည်။

“ ရေးမရောက်ခင် သံဖြုဇရပ်နားမှာ ချဉ်းကပ်ပျက်တယ်။ ပြန်ပြင်လိုက်တယ်။ အချောတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ကားသွားလို့ ရပြီ။ မလွဲတောင်မှာကျတော့ တောင်ပိုင်းလမ်းတွေက ပြတ်ကျသွားတယ်။ ပြတ်ကျတဲ့ဟာကို ကျွန်တော်တို့က ဘေလီထိုးထားတယ်” ဟု ဦးမျိုးဝင်းက ဆိုသည်။

လမ်းပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပြီး တစ်ပတ်အကြာ သြဂုတ် ၁၇ ရက်တွင် အဆိုပါလမ်း၌ ကုန်ကားများအား (ယာဉ်+ကုန်=၂၄ တန်)အထိ ဖြတ်သန်းခွင့်ပြုပေးသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှလည်း ကြေညာသည်။

သြဂုတ် ၁၆ ရက် ညနေ ၃ နာရီခန့်မှစတင်ကာ တနသာင်္ရီတိုင်းဒေသကြီး ၊ မလွဲတောင်လမ်းပိုင်း ယာယီဘေလီ တံတားထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါသဖြင့်မော်တော်ယာဉ်များ သွားလာနိုင်ပြီဟုလည်း ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ သံဘောင်ဘေလီတံတားပေါ်တွင် သြဂုတ် ၁၇ ရက် နံနက်ပိုင်းမှ စတင်ကာ အိမ်စီး ကားငယ်များနှင့် ၆ ဘီး ကုန်ကားများ ကို ဖြတ်သန်းခွင့် ပြုလိုက်ပြီ ဖြစ်သည်။

အဆိုပါလမ်းမှာ ရေးမြို့နယ်နှင့် ရေဖြူမြို့နယ် နှစ်ခုဆုံသည့်နေရာ မလွှဲတောင်၏ တောင်ကုန်းပေါ်တွင် တည်ရှိပြီး ရေးမြို့နယ်အဆင်း ၁၄ မိုင်နေရာနှင့် ၃၉၁ ကီလိုမီတာနေရာတို့တွင် သြဂုတ် ၁၀ ရက်နေ့က ပြတ်တောက်မှုဖြစ်ပေါ်ခြင်းဖြစ်သည်။

ထို့ကြောင့် မွန်၊ ရေး၊ ထားဝယ်၊ တနင်္သာရီတိုင်းသို့ပြေးဆွဲနေသည့် ကားလိုင်းအချို့မှာ ရပ်နားခဲ့ရပြီး ရန်ကုန်- မော်လမြိုင် ရထားခရီးစဉ်အချို့လည်း ရွှေ့ဆိုင်းခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required