မူးယစ် ဓာတ်ခွဲခန်းတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိမနေတဲ့ နေရာတွေမှာဘဲ ထူထောင်ထားတာပါ Richard Horsey (မြန်မာ့နိုင်ငံရေး သုတေသီ)

မူးယစ် ဓာတ်ခွဲခန်းတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိမနေတဲ့ နေရာတွေမှာဘဲ ထူထောင်ထားတာပါ Richard Horsey (မြန်မာ့နိုင်ငံရေး သုတေသီ)

မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး မြန်မာ့နိုင်ငံရေးကို နှစ်ပေါင်း ၂၅ ကြာလေ့လာနေသူ နိုင်ငံရေး သုတေသီ Richard Horsey က MizzimaTV ရဲ့ Exclusive Interview အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေး အခြေအနေကို ဆွေးနွေးထားပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ ပင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်မှာ AA/ TNLA/ MNDAA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး ဒီလိုတိုက်ပွဲတွေ ဖြစ်ခဲ့တာရဲ့ နောက်ခံအကြောင်းရင်းကတော့  မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်ခြင်း လုပ်ငန်းများအား နှိမ်နင်းခဲ့ခြင်းကြောင့်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။

ကမ္ဘာမှာ ဒုတိယအများဆုံး မူးယစ်ဆေး ထုတ်လုပ်တဲ့ နိုင်ငံ ဘာ့ကြောင့်ဖြစ်ရပါသလဲ၊ မူးယစ်ဆေး ထုတ်လုပ်မှုမှာ ဘယ်သူတွေ ပါဝင် ပတ်သက်နေသလဲ၊ မူးယစ်ဆေးကို ဘယ်လိုနှိမ်နှင်းနိုင်မလဲ စတာတွေကို ဆွေးနွေးထားပါတယ်။

မူးယစ်ဆေးနဲ့ ပတ်သက်ပြီး “မူးယစ် ဓာတ်ခွဲခန်းတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိမနေတဲ့ နေရာတွေမှာပဲ ထူထောင်ထားတာ ဖြစ်ပါတယ်။ တစ်ခြား အတန်အသင့် တည်ငြိမ်မှုရှိတဲ့ နေရာတွေမှာ ထူထောင်ထားမှာပဲလေ။ ဒီတော့ ပြဿနာက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်စပ်နေပါတယ်” လို့ဆိုပါတယ်။ ဒီအခြေအနေတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို သူက ပြောပြထားပါတယ်။
ဒါ့အပြင် “တစ်ကိုယ်ရည်သုံး ပမာဏအနည်းငယ်သော မူးယစ်ဆေးတွေ လက်ဝယ်တွေ့ရှိရုံနဲ့ အဲဒီလူတွေကို အကျဉ်းကျစေခြင်းက ယေဘုယျအားဖြင့်တော့ မူးယစ်ဆေး သုံးစွဲမှု ပြဿနာကို ရပ်တန့်တားဆီးစေနိုင်မယ့် နည်းလမ်းကောင်းတစ်ခုတော့ မဟုတ်ပါဘူး။ အဲဒါက တကယ်တော့ ပြဿနာကို သာဆိုးသွားစေနိုင်ပါတယ်” လို့ သူကဆိုပါတယ်။ တွေ့ဆုံမေးမြန်းမှု အပြည့်အစုံကို ဖေါ်ပြပေးလိုက်ပါတယ်။

မေး။        ။ ပထမဆုံး မေးခွန်းမေးချင်ပါတယ် မြန်မာနိုင်ငံမှာ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ မှောင်ခိုကုန်သွယ်မှုတွေက ဘယ်လောက်ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်နေတယ်လို့ သုံးသပ်လို့ရပါသလဲ။

ဖြေ။        ။ ဒါက မြန်မာနိုင်ငံအတွက်အတော့်ကို ကြီးလေးတဲဲ့ ပြဿနာ တစ်ခုပါ။ မြန်မာဟာ လက်ရှိမှာလည်း ကမ္ဘာမှာ ဘိန်းနဲ့ ဘိန်းဖြူ ထုတ်လုပ်မှု ဒုတိယအများဆုံး ဖြစ်တယ်။ မက်သမ်ဖက်တမင်း မူးယစ်ဆေးတွေ၊ Ice နဲ့ Yaba တို့လို မူးယစ်ဆေးတွေနဲ့ ပတ်သက်လို့လည်း ဒေသတွင်းနဲ့  ကမ္ဘာမှာ ပမာဏအားဖြင့် အများအပြား တွေ့နေရပါတယ်။

မေး။        ။ မူးယစ်ဆေးဝါး ပြဿနာရဲ့ သဘောသဘာဝက ဘိန်းကို အဓိက အခြေခံတဲ့ ရောင်းဝယ်မှုကနေပြီးတော့ မက်သမ်ဖက်တမင်းတွေ ထုတ်လုပ်မှုဘက်ကို ပြောင်းလဲလာခဲ့တယ်။ ဘိန်းစိုက် တောင်သူတွေကိုလည်း အခြားဘိန်းအစားထိုးသီးနှံတွေ စိုက်ပျိုးဖို့ အားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီ မက်သမ်ဖက်တမင်း ထုတ်လုပ်မှုအပေါ်မှာကျတော့ ဘယ်လိုကိုင်တွယ်နိုင်မလဲ။

ဖြေ။`    ။ ဘိန်း၊ ဘိန်းဖြူနဲ့ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းတာနဲ့ မက်သမ်ဖက်တမင်းနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းတာတို့က အတော်လေး မတူကွာခြားတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။  ဘိန်း၊ ဘိန်းဖြူ ပြဿနာရဲ့ တစ်စိတ်တစ်ဒေသက ဆင်းရဲမွဲတေမှု ပြဿနာဖြစ်ပါတယ်။ ခင်ဗျားတို့နိုင်ငံရဲ့ ဝေးလံပြီး ပဋိပက္ခစစ်ပွဲဒဏ် ခံခဲ့ရတဲ့ ဧရိယာတွေမှာ နေထိုင်ကြတဲ့ ဆင်းရဲတဲ့ တောင်သူတွေ အများကြီး ရှိပါတယ်။ သူတို့တွေအတွက်ကတော့ ဒီဘိန်းစိုက်ခြင်းက သူတို့ရဲ့ စားဝတ်နေရေးအတွက် ရွေးချယ်စရာ နည်းလမ်းအနည်းငယ်ထဲမှာ တစ်ခုဖြစ်နေပါတယ်။ ဒီတော့ ဆင်းရဲနွမ်းပါးမှုကို ပပျောက်အောင် လုပ်ဆောင်ခြင်းဟာ အဲဒီလို တောင်သူတွေအတွက် အခြားသော အသက်မွေးဝမ်းကျောင်းတွေနဲ့ ထောက်ပံ့ ပံ့ပိုးပေးခြင်းနဲ့ တစ်စိတ်တစ်ဒေသ သက်ဆိုင်နေပါတယ်။ တစ်ဘက်မှာ Meth ကျတော့ အတော့်ကို မတူကွာခြားသွားတဲ့ ကိစ္စတစ်ခု ဖြစ်သွားပါတယ်။ Meth က ဆင်းရဲနွမ်းပါးမှု ပြဿနာတစ်ခု မဟုတ်ပါဘူး။ Meth က စည်းစိမ်ခံမှု ပြဿနာတစ်ခုဖြစ်ပါတယ်။ Meth ကို အနည်းငယ်သော လူအစုတစ်စုက ဓာတ်ခွဲခန်းတွေမှာ ထုတ်လုပ်ကြတယ်။ ပြီးတော့ အတော့်ကို ချမ်းသာတဲ့ မူးယစ်ဂိုဏ်းတွေက ထိန်းချုပ်ထားကြတယ်။ ဒီတော့ Meth ထုတ်လုပ်မှုကို ကိုင်တွယ် ဖြေရှင်းတာက တကယ်တော့ မြေပြင်မှာ ရာဇဝတ်သားတွေကို ဖမ်းဆီးအရေးယူရမယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တကယ်ဆိုရင်လည်း ဒါတွေကို သုံးနေတဲ့ စျေးကွက်တွေမှာ ဒီ မူးယစ်ဆေးတွေရဲ႕ ဝယ်လိုအားကို ထိန်းချုပ်ကိုင်တွယ်ဖို့ ကြိုးစားမှုတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

 

မေး။        ။ ဒါဆိုရင် တရားမဝင် မူးယစ် ကုန်သွယ်မှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အပိုင်းမှာကော မြန်မာအစိုးရရဲ့  မဟာဗျူဟာအပေါ်မှာ ဘယ်လိုမြင်မိပါသလဲ။

ဖြေ။        ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်၊ အခြား အာဏာပိုင်တွေကတော့ မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွေ ပုံမှန်လုပ်နေတာကို တွေ့ရပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း သူတို့ ဒီမူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားတွေနဲ့ သူတို့ထုတ်ဖော်ပြသပါတယ်။ ဘိန်းဖြူစုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်းလောက်ကို ရဲတွေ ဖမ်းဆီးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် မက်သမ်ဖက်တမင်းကျတော့ အဲဒီထက် နည်းကောင်းနည်းနေနိုင်ပြီး ငါး ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းကြားလောက်ပဲ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီတော့ကာ ဒီလို ဖမ်းဆီးမှု တစ်ခုတည်းနဲ့ပဲ ဒီပြဿနာကို ဖြေရှင်းဖို့ ဘယ်တော့မှ လုံံလောက်မှာ မဟုတ်ပါဘူး။ မူးယစ်ရာဇာကြီးတွေ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း အဖွဲ့အစည်းတွေနဲ့  ဒီရောင်းဝယ်မှုတွေမှာ အဓိက ပါဝင်တဲ့ မြန်မာနိုင်ငံတွင်းက အဓိက ကျသူတွေနောက် လိုက််လံဖမ်းဆီးဖို့ အားထုတ်ကြိုးပမ်းမှုမျိုး မရှိဘူးဆိုရင်တော့ ဒီ မူးယစ်ဆေး ရောင်းဝယ်မှုတွေရဲ့ အနည်းငယ်သော ပမာဏလောက်ကိုပဲ ဖမ်းဆီးနိုင်ပါလိမ့်မယ်။ ခုနပြောတဲ့ သူတွေကို ဖော်ထုတ်ရှာဖွေ ဖမ်းဆီးနိုင်မှု မရှိရင်တော့ မြန်မာမှာ ဖြစ်ပေါ်နေတဲ့ ဒီထုတ်လုပ်မှုတွေကို ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။

မေး။        ။ အစိုးရအနေနဲ့ရော သူတို့ရဲ့ မဟာဗျူဟာကို ပြောင်းလဲချင်စိတ် တယ်လို့ ထင်ပါသလား။

ဖြေ။။        ။ မြန်မာအတွက် အကြီးဆုံးသော ပြဿနာဖြစ်နေတဲ့ Meth အတွက် သိရမယ့် ပထမဆုံးအချက်ကတော့ မြန်မာဟာ ဒီ Meth ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အစပျိုး ဓာတုပစ္စည်းတွေကို ဘာတစ်ခုမှ ထုတ်လုပ်နေခြင်းမရှိပါဘူး။ ဒါတွေထဲက  အများစုဟာ တရုတ်ကနေ လာနေတာပါ။ အနည်းအကျဉ်းကတော့ မြန်မာရဲ့ အခြားအိမ်နီးချင်း နိုင်ငံတွေဆီကနေ လာတာပါ။ ဒီတော့ ဒီ Meth ထုတ်ဖို့လိုအပ်တဲ့ အစပျိုး ဓာတုပစ္စည်းတွေ နယ်စပ်တွေကနေ မြန်မာနိုင်ငံထဲ ဝင်ရောက်လာမှုကို ကောင်းကောင်း ထိန်းချုပ်နိုင်ဖို့အတွက်ဆိုရင် မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း တာဝန်ရှိပါတယ်။ ဒါက မြန်မာရဲ့ နယ်စပ် ထိန်းချုပ်ရေး ပြဿနာတစ်ခု သက်သက်ပဲ မဟုတ်ပါဘူး။ ဒါက တရုတ်ရဲ့နယ်စပ် ထိန်းချုပ်ရေး ပြဿနာလည်း ဖြစ်ပါတယ်။ ဥပမာအနေနဲ့ တရုတ်ဆိုရင် ဒီလို ဓာတုပစ္စည်းတွေ စီးဝင်မှုကိုရပ်တန့်စေဖို့ ထိထိရောက်ရောက် လုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။ နယ်စပ်တစ်လျှောက် လာနေတဲ့ ဒီ တရားမဝင် ဓာတုပစ္စည်းတွေကို ပုံမှန် ဖမ်းဆီးတာမျိုးလည်း သူတို့မလုပ်ပါဘူး။ တကယ်ဆိုရင် အဲဒီလို ဓာတုပစ္စည်းတွေ နယ်စပ်ကို ဖြတ်ကျော် စီးဆင်းနေချိန်မှာ တရုတ်နယ်စပ် အာဏာပိုင်တွေဘက်က ဒီလို ဓာတုပစ္စည်းတွေနဲ့ ပတ်သက်လို့ အဓိကကျတဲ့ ဖမ်းဆီးမှုမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ သူတို့က တရုတ် နိုင်ငံတွင်းမှာပဲ ဒီ ဓာတုပစ္စည်းတွေကို ဖမ်းဆီးတယ်။ မြန်မာကလည်း မြန်မာနိုင်ငံထဲမှာ ဒီ ဓာတုပစ္စည်းတွေကို ဖမ်းဆီးတယ်။ ဒါပေမယ့် နယ်စပ်ကို ဖြတ်ကျော်တဲ့ နေရာမှာတော့ ဒီ ဖမ်းဆီးမှုမျိုး ရှိမနေခဲ့ပါဘူး။

ဒီတော့ ဒီပြဿနာနဲ့ပတ်သက်လို့ တရားဥပဒေစိုးမိုးမှုအပိုင်းမှာ ဟာကွက်ကြီးတစ်ခု ရှိနေပါတယ်။ ဒီတော့  ဒါက ပထမအဆင့်ဖြစ်တဲ့ အစပျိုးဓာတုပစ္စည်းတွေနဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်တစ်ချက်က ဒါတွေဖြစ်နေတဲ့ ပတ်ဝန်းကျင်က ရှမ်းပြည်နယ်ဖြစ်တယ်၊ ဒီပြည်နယ်က ထိန်းချုပ်ဖို့ အတော့်ကိုခက်ခဲတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ ဒီ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ရာမှာ ပါဝင်ပတ်သက်တဲ့ ရာဇဝတ်ဂိုဏ်း အဖွဲ့အစည်းတွေက မူးယစ်ဆေး ထုတ်လုပ်မှုအတွက် ရောက်ပေါက်ဖို့ ခက်ခဲတဲ့ နေရာတွေကို ရွေးချယ်နိုင်ကြတယ်။ နောက်ပြီး ပြည်သူ့စစ်တပ်ဖွဲ့တွေ၊ နောက် အစိုးရထိန်းချုပ်မှု အောက်မှာရှိမနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေတဲ့ နေရာတွေ၊ ဒါမှမဟုတ် အနှောင့်အယှက်မရှိ လုပ်နိုင်အောင် လူတွေကို ငွေပေးပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရတဲ့ အခြေအနေတစ်ခုမှာ ရှိနေတဲ့ နေရာတွေကို သူတို့ရွေးချယ်ကြပါတယ်။
ဒီတော့ ဒါကလည်း မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခ ပြဿနာတစ်ခုဖြစ်ပါတယ်။ နောက်ပြီး ဒါက အကျင့်ပျက်ခြစားမှု ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါတွေဟာ သက်ဆိုင်ရာ  နိုင်ငံတွေအနေနဲ့ ကိုင်တွယ်ဖို့ အင်မတန်ခက်ခဲတဲ့ ကိစ္စတွေဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ ပြဿနာရဲ့ အတိမ်အနက်အရ ဒါတကယ်မှန်ကန်ပါတယ်။ ဒါက ဒေါ်လာ ဘီလီယံများစွာ တန်ကြေးရှိတဲ့ လုပ်ငန်းတစ်ခုပါ။ အဲဒါက ရှမ်းပြည်နယ်က ဥပဒေနဲ့ညီတဲ့ စီးပွားရေးတစ်ခုလုံးရဲ့ တန်ဖိုးထက် ပိုတောင်ကြီးကောင်း ကြီးနေနိုင်ပါတယ်။ ဒီတော့ ဒါက ပြဿနာ အသေးစား မဟုတ်ပါဘူး။ အင်မတန် ကြီးတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

မေး။        ။ ဒီလို ထုတ်လုပ်မှုတွေ ပပျောက်သွားဖို့ ဘယ်လိုအစားထိုး လုပ်ဆောင်ချက်တွေ လုပ်သွားနိုင်ပါသလဲ။

ဖြေ။    ။ ပထမတစ်ခု ပြောရမယ်ဆိုရင် ဒါက ထုတ်လုပ်မှု ဆိုင်ရာ စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အခြား စီးပွားရေးလုပ်ငန်း အားလုံးလိုမျိုးပဲ သူတို့အတွက်လည်း တည်ငြိမ်အေးချမ်းမှု ရဖို့လိုပါတယ်။ ဒီ ရာဇဝတ်ဂိုဏ်းတွေဆီက ဒေါ်လာ သန်းပေါင်းများစွာသော ရင်းနှီးမြှုပ်ပ်နှံမှုတွေ တရားမဝင်ဓာတ်ခွဲခန်းတွေဆီ ရောက်လာဖို့လိုပါတယ်။ အဆင့်မြင့် ဓာတ်ခွဲခန်းသုံး တပ်ဆင်ပစ္စည်းတွေ၊ ဓာတုဗေဒပညာရှင်တွေ စသဖြင့်ပေါ့။ စက်ရုံတစ်ရုံမှာဆိုရင် အရမ်းကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပေါ့။ အကယ်၍ ခင်ဗျားဟာ စက်ရုံတစ်ရုံမှာ ရင်းနှီးမြှုပ်နှံမယ့် သူတစ်ယောက်ဖြစ်တယ်ဆိုရင် ခင်ဗျားအနေနဲ့လည်း တည်ငြိမ်အေးချမ်းမှုကို လိုချင်မှာပဲလေ။ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ နေရာဧရိယာတွေမှာ ခင်ဗျား ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါဘူး။

ခင်ဗျားအနေနဲ့ လုံခြုံရေး စိတ်ချရဖို့ လိုသလို ဒါမှလည်း ခင်ဗျားရဲ့ ထုတ်ကုန်တွေကို ကောင်းကောင်း ထုတ်လုပ်နိုင်မှာလေ။ ဒီတော့ ဒီလို မူးယစ် ဓာတ်ခွဲခန်းတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိမနေတဲ့ နေရာတွေမှာပဲ ထူထောင်ထားတာ ဖြစ်ပါတယ်။ တစ်ခြား အတန်အသင့် တည်ငြိမ်မှုရှိတဲ့ နေရာတွေမှာ ထူထောင်ထားမှာပဲလေ။ ဒီတော့ ပြဿနာက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီတော့ ပဋိပက္ခတွေ မရှိတော့ဘူးဆိုရင်၊ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား အရေးကိစ္စတွေ ပြေလည်အောင် ရှင်းပေးနိုင်ပြီဆိုရင်၊ တိုင်းရင်းသားတွေရဲ့  မကျေနပ်ချက်တွေအတွက် နိုင်ငံရေးဖြေရှင်းချက်တစ်ခု ရှိပြီဆိုရင် ခင်ဗျားအနေနဲ့ ရှမ်းပြည်နယ်မှာ အတော့်ကိုမတူညီတဲ့ အခြေအနေတစ်ခု ရှိလာပါလိမ့်မယ်။ အဲဒီမှာ ပုံမှန် ရဲတွေ၊ ပြည်နယ် အဖွဲ့အစည်းတွေလည်း ရှိလာမယ်။ ပြီးတော့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရမှု ပမာဏလည်း အရင်ကလောက် ရှိတော့မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဒါကို ဖြစ်ပေါ်နေစေတာက လက်နက်ကိုင် ပဋိပက္ခတစ်ခုတည်းပဲ မဟုတ်ပြန်ပါဘူး။ ဒါက  အဲဒီ  ဧရိယာတွေမှာ ယေဘုယျအားဖြင့်  ဥပဒေစိုးမိုးမှု မရှိခြင်းဖြစ်ပါတယ်။ အကြီးဆုံးသော ပါဝင်ပတ်သက် နေသူတွေကတော့ အစိုးရနဲ့ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ မဟုတ်ကြပါဘူး။ သူတို့က တအောင်း မဟုတ်သလို လက်ရှိမှာ တိုက်နေတဲ့ အခြားအုပ်စုတွေလည်း မဟုတ်ပါဘူး။ အဲဒါက ၀ လို နေရာမျိုး၊ နောက်ပြီး လက်ရှိမှာ အမှန်တကယ် တည်ငြိမ်အေးချမ်းမှု ရနေတဲ့ ပြည်သူ့စစ် ဧရိယာတစ်ချို့မှာဖြစ်ပါတယ်။

မေး။        ။ ဒီတော့ မူးယစ် ရောင်းဝယ်မှုတွေအတွက် အဓိက တာဝန်ရှိတာ ဘယ်သူတွေလဲ၊ တိုင်းရင်းသား လက်နက်ကိုင်တွေလား ဒါမှမဟုတ် စစ်တပ်ထိန်းချုပ်ထားတဲ့ ပြည်သူ့စစ်နေရာတွေလား။

ဖြေ။    ။ ပထမတစ်ချက်က ဒီ ရောင်းဝယ်မှုတွေမှာ ငွေကြေးအများစုကို မြန်မာနိုင်ငံ ပြင်ပမှာ ရောင်းဝယ် ဖြစ်ထွန်းတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီရောင်းဝယ်မှုတွေရဲ့ စုစုပေါင်း တန်ဖိုးကို လေ့လာကြည့့်တဲ့အခါမှာတော့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုရုံးရဲ့ တွက်ချက်မှုအရဆိုရင် ဒီ ဒေသမှာ မက်သမ်ဖက်တမင်း ရောင်းဝယ်မှုတန်ဖိုးက ဒေါ်လာ ၆၀ ဘီလီယံတန်ဖိုး ရှိပါတယ်။ ဒါ အတော့်ကိုများလှတဲ့ ငွေပမာဏဖြစ်ပါတယ်။ နောက်ပြီး ဒါက နောက်ဆုံး ရောက်သွားတဲ့ စျေးကွက်တွေမှာ ပေါက်တဲ့ နှုန်းထားလည်းဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ခရစ္စတယ် မက်သမ်ဖက်တမင်း တစ်ကီလိုဂရမ်ရဲ့ စျေးနှုန်းကို ကြည့်တဲ့အခါမှာ (ဒါက မြန်မာနိုင်ငံမှာ သုံးစွဲဖို့ မဟုတ်ဘဲ ပြည်ပတင်ပို့ဖို့အတွက်  ရှမ်းပြည်နယ်မှာ  ထုတ်လုပ်တဲ့ Ice) ဆိုရင် တန်ဖိုးအားဖြင့် စက်ရုံက ထွက်လာချိန် တစ်ကီလိုကို ဒေါ်လာ နှစ်ထောင်ကနေ သုံးထောင်ခန့်အထိ ရှိပါတယ်။ နောက် ဒါ ရန်ကုန်ကို ရောက်လာချိန် တန်ဖိုးက ဒေါ်လာ တစ်သောင်းခွဲလောက် ဖြစ်သွားပါတယ်။ ဒါပေမယ့် ဒါ သြစတြေးလျလမ်းတွေပေါ် ရောက်သွားပြီဆိုရင်တော့ ဒါက တစ်ကီလိုကို ဒေါ်လာ ရှစ်သိန်းလောက်အထိ ဖြစ်သွားကောင်း ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ဒါတွေဟာ နောက်ဆုံး စျေးကွက်နား နီးလာလေ စျေးက မြန်မြန်ဆန်ဆန် တက်သွားတာကို ခင်ဗျား တွေ့နိုင်ပါတယ်။ ဒီတော့ ဒီက ငွေအများစုက မြန်မာပြင်ပမှာ ရောင်းချ ဖြစ်ထွန်းပါတယ်။ ဒါပေမယ့် မြန်မာပြည်တွင်းမှာ ဖြစ်ထွန်းရရှိတဲ့ ငွေတွေကိုတော့ ကယ်စီနိုတွေကနေတဆင့်  ငွေကြေးခဝါချနေပါတယ်။ နောက် စီးပွားရေးလုပ်ငန်းတွေ၊ အိမ်ခြံမြေစျေးကွက်၊ တစ်ခြားနေရာတွေကနေ ခဝါချနေကြပါတယ်။ ဒီထဲက ငွေတစ်ချို့တစ်ဝက်ကိုတော့ နောက်ထပ် ထုတ်လုပ်မှုအတွက် နေရာရှာတဲ့နေရာမှာ သုံးကြပါတယ်။ ပြီးတော့ ဒါက ပြည်သူ့စစ်တွေအတွက်၊ လက်နက်တွေ ပိုဝယ်ဖို့အတွက် ဆိုလိုပါတယ်။

မေး။    ။ ဒီငွေတွေက တခြားဘယ်နေရာကို ရောက်သွားသေးလဲ၊ တခြားအကန့်အသတ်တွေကော ဘာတွေဖြစ်မလဲ။

ဖြေ။    ။ ပထမတစ်ချက် ရှင်းလင်းပြောရမယ်ဆိုရင် ဒါက ပြစ်မှုမကင်းတဲ့  လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ နောက်ပြီး ဒီ မူးယစ်ရောင်းဝယ်မှုတွေအတွက် အဓိက တာဝန်ရှိသူတွေကလည်း ပြည်တွင်းက ရာဇဝတ်ဂိုဏ်းအဖွဲ့တွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း အဖွဲ့တွေဖြစ်ပါတယ်။ အစိုးရနဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍကတော့ ဒါကို ကိုင်တွယ်ဖို့ မူဝါဒတွေ ချမှတ်ဖို့ပါ။ ခုချိန်မှာ မူဝါဒတွေက  ပြီးပြည့်စုံံမှု ရှိနေပြီလား။ မရှိသေးဘူးလို့ပဲ ပြောရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒီမူးယစ်ဆေး ထုတ်လုပ်မှုတွေအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုတွေ မရှိသေးတဲ့အတွက်ပါ။ နိုင်ငံတွင်းက ဒီ ဧရိယာတွေဟာ မူးယစ်ဆေး ထုတ်လုပ်ဖို့အတွက် လုံခြုံဘေးကင်းရာ နေရာတစ်ခု မဟုတ်ဘူးဆိုတာကို သေချာအောင်လို့ အစိုးရနဲ့ စစ်တပ်က အများကြီး လုပ်လို့ရနိုင်ပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ စိန်ခေါ်မှုတွေကလည်း ရှိနေပြန်ပါတယ်။ ဥပမာအားဖြင့် ရှမ်းပြည်နယ်ရဲ့ အစိတ်အပိုင်းဒေသတစ်ချို့ဟာ အစိုးရ ဒါမှမဟုတ် စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေဘူး။ အဲနေရာတွေကို အစိုးရနဲ့ စစ်တပ်နဲ့ သွားလို့မရဘူး။ ဒီတော့ အဲဒီနေရာတွေမှာ ဖြစ်နေတာတွေကို ထိန်းချုပ်နိုင်စွမ်းကတော့ သူတို့ဆီမှာ အကန့်အသတ်နဲ့သာ ရှိနေပါတယ်။ နောက်ပြီး မူးယစ်ဆေး ထုတ်လုပ်နေပေမယ့် သူတို့ ဝင်ထွက်သွားလို့ရတဲ့ တစ်ခြားနေရာတွေလည်း ရှမ်းပြည်နယ်တွင်းမှာ ရှိပါတယ်။ ဒါပေမယ့် ဒီနေရာမှာကျတော့လည်း အကျင့်ပျက်ခြစားမှုနဲ့ တရားဥပဒေစိုးမိုးမှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုတော့ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။ ဒါကို ကိုင်တွယ်ဖို့က ဥပဒေစိုးမိုးမှုက နည်းလမ်းတစ်ခုဖြစ်ပါတယ်။

မေး။        ။ ဒီ မူးယစ်ကုန်သွယ်မှုမှာ တခြားဘယ်သူတွေ ပါဝင်ပတ်သတ်နေတာကိုကော ဘယ်လိုပြောလို့ရမလဲ။

ဖြေ။    ။ မူးယစ်ဆေး ထုတ်လုပ်မှုဟာ ပဋိပက္ခတိုက်ပွဲတွေ ရှိနေတဲ့ နေရာတွေမှာ ရှိနေတာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီ မူးယစ်ဆေး ထုတ်လုပ်တဲ့ နေရာတွေကို အစိုးရထိန်းချုပ်မှုအောက်မှာ မရှိတဲ့ အဖွဲ့အစည်းတွေက ကာကွယ် စောင့်ရှောက်ပေးထားတဲ့ နေရာတွေမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒီတော့ ဆိုလိုတာက အပစ်ရပ်ခြင်းက မူးယစ် ရောင်းဝယ်မှုအပေါ် သက်ရောက်မှာမဟုတ်ပါဘူး။ ဒီအပစ်ရပ်ခြင်းက ဘယ်သူတွေအကြား ဆိုတာနဲ့ ဘယ်မှာလည်း ဆိုတာအပေါ်မှာပဲ အခွင့်ကောင်းယူပြီး သူတို့ ဒီ မူးယစ်ရောင်းဝယ်မှုတွေကို တိုးမြင့်ကောင်း တိုးမြင့်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီပဋိပက္ခတွေနဲ့ပတ်သက်လို့ နိုင်ငံရေးဆိုင်ရာ ဖြေရှင်းချက်တစ်ခုက ရှမ်းပြည်နယ်တွင်းက အုပ်ချုပ်မှု မြင်ကွင်းကို ပြောင်းလဲသွားစေနိုင်ပါတယ်။ အဲဒါက ပြည်နယ်ရဲ့ အစိတ်အပိုင်းအားလုံးကို ပြည်နယ်ရဲ့ ထိန်းချုပ်မှုအောက်  ရောက်သွားစေနိုင်ပါတယ်။ ဒါကမူးယစ်ကုန်သွယ်မှုကို ကိုင်တွယ်ဖို့အတွက် လိုအပ်နေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နှစ်ပေါင်း ၇၀ ကြာနေတဲ့ ပဋိပက္ခကို နိုင်ငံရေးအဖြေတစ်ခု ရှာဖို့ဆိုတာကလည်း ခရီးရှည်တစ်ခုကို သွားရပါဦးမယ်။ ဒီတော့ ခုချိန်မှာတော့ ဒီပြဿနာကို ကိုင်တွယ်ဖို့အတွက် မူဝါဒအများအပြား လိုအပ်နေပါတယ်။

မေး။    ။ ဒီ မူးယစ် ပြဿနာကို အလေးအနက်ထား ဝင်ရောက်ကိုင်တွယ်ဖြေရှင်းရာမှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်က ဘယ်လောက်များ အဓိကကျ အရေးပါနေသလဲ။
 

ဖြေ။        ။ ဒီနေရာမှာ ပြောရရင် မြန်မာမှာက မူးယစ်ဆေးဝါး ပြဿနာက နှစ်မျိုးရှိနေတယ်။ မူးယစ်ဆေး ထုတ်လုပ်မှု ပြဿနာတစ်ခုရှိသလို မူးယစ်ဆေး သုံးစွဲမှု ပြဿနာလည်း ရှိနေတယ်။ ဒါတွေက အတော်လေး မတူကွဲလွဲတဲ့ ပြဿနာတွေဖြစ်ပါတယ်။ မူးယစ်ဆေး ထုတ်လုပ်မှု ပြဿနာဆိုရင် ဥပဒေစိုးမိုးမှုဆိုင်ရာ လုပ်ဆောင်ချက်တွေကနေတဆင့် တစ်စိတ်တစ်ဒေသ ကိုင်တွယ် ဖြေရှင်းနိုင်ပါတယ်။ ဒါက ပြည်ပတင်ပို့ဖို့အတွက် ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ သုံးစွဲဖို့အတွက်လည်း Yaba ဆေးပြားတွေကိုလည်း ထုတ်လုပ်နေပြန်ပါသေးတယ်။ ဒီတော့ ပြည်တွင်း မူးယစ်ဆေး သုံးစွဲမှုကို ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါမှာ အဲဒါက တစ်ခြား နိုင်ငံအများအပြားမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုနဲ့သွားပြီး တူညီနေပါတယ်။ မြန်မာလိုပဲ အခြား နိုင်ငံအများအပြားမှာလည်း ဒီ မူးယစ်ဆေး သုံးမှု ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာနဲ့ပတ်သက်လို့ အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း လေ့လာသင်ယူနိုင်ခဲ့တာတွေကတော့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို လျော့နည်းအောင်လုပ်ဖို့အတွက် ဥပဒေကျူးလွန်သူတွေကို ရှာဖွေဖော်ထုတ် အပြစ်ပေးတဲ့ နည်းလမ်းတွေ ကျင့်သုံးခြင်း ဖြစ်ပါတယ်။ တစ်ကိုယ်ရည်သုံး ပမာဏအနည်းငယ်သော မူးယစ်ဆေးတွေ လက်ဝယ်တွေ့ရှိရုံနဲ့ အဲဒီလူတွေကို အကျဉ်းကျစေခြင်းက ယေဘုယျအားဖြင့်တော့ မူးယစ်ဆေး သုံးစွဲမှု ပြဿနာကို ရပ်တန့်တားဆီးစေနိုင်မယ့် နည်းလမ်းကောင်းတစ်ခုတော့ မဟုတ်ပါဘူး။ အဲဒါက တကယ်တော့ ပြဿနာကို သာဆိုးသွားစေနိုင်ပါတယ်။

ခင်ဗျားတို့အနေနဲ့ ဆေးကုသမှုဆိုင်ရာ  ချဉ်းကပ်နည်းတစ်ခု လိုပါတယ်။ ဒါကို ဥပဒေ ပြဿနာတစ်ခု သက်သက်မဟုတ်ဘဲ ဆေးဝါးကုသမှုနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ ပြဿနာတစ်ခုလို ကိုင်တွယ်ဖို့ လိုပါတယ်။ ပြီးတော့ ကျွန်တော်တို့ အားလုံးသိကြတဲ့အတိုင်း အခြား နိုင်ငံအများအပြားမှာလိုပဲ မြန်မာမှာလည်း ဒီ မူးယစ်ဆေး အသုံးပြုမှုက အတော့်ကို ပြန့်နှံ့နေပါတယ်။ ခင်ဗျားတို့အနေနဲ့ လူငယ်ထုရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို ထောင်ထဲထည့်ထားလို့ မရနိုင်သလို အဲဒီနည်းနဲ့လည်း ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်လို့မရနိုင်ပါဘူး။ ဒီလို လုပ်နေခြင်းကြောင့် ဖြစ်လာမယ့် အဆုံးသတ်က ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးပစ်သလို၊ သူတို့တွေရဲ့ ပညာရေးကို ဖျက်ဆီးသလို၊ သူတို့ရဲ့ အနာဂတ်အတွက် သူတို့  မျှော်မှန်းချက်တွေကို ဖျက်ဆီးပစ်သလို ဖြစ်သွားပါလိမ့်မယ်။ ဒါက ပြဿနာကို ဖြေရှင်းသွားရမယ့် နည်းလမ်းမဟုတ်ပါဘူး အကြီးစား ထုတ်လုပ်မှုအတွက် နောက်ပြီး ဒီ အကြီးစား ထုတ်လုပ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ရာဇဝတ်ဂိုဏ်းအဖွဲဲ့တွေအတွက်ဆိုရင် ခင်ဗျားတို့အနေနဲ့ အဲဒီအတွက် မူလအဓိကကျတဲ့ ဥပဒေစိုးမိုးရေး နည်းလမ်းတစ်ခု လိုပါတယ်။

မေး။    ။ ဒါက မြန်မာအတွက် ပြဿနာ သက်သက်မဟုတ်ပါဘူး။ အနားမှာ ဝန်းရံနေတဲ့ နိုင်ငံတွေကရော ဒီ မူးယစ်ဆေး ပြဿနာကို လုံလုံလောက်လောက် ကိုင်တွယ်နေရဲ့လား။

ဖြေ။    ။ ဒီ ဓာတုပစ္စည်းတွေကတော့ Meth ထုတ်လုပ်ရာမှာ အသုံးပြုပါတယ်။ နောက်ပြီး ဆေးဝါးတွေနဲ့ အခြားပစ္စည်းတွေ ထုတ်လုပ်ရာမှာ တရားဝင် အသုံးပြုတဲ့ ဆေးဝါး ဖော်စပ်ထုတ်လုပ်မှုဆိုင်ရာ၊ ဓာတုဆိုင်ရာ ထုတ်ကုန်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒါတွေထဲက အများစုကတော့ ထိန်းချုပ်ထားတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ဆိုလိုတာက ခင်ဗျားအနေနဲ့ ဒါတွေကို ဝယ် ရောင်းလုပ်ဖို့ အထူး လိုင်စင်တွေ လိုပါတယ်။ ဒီတော့ ဒါတွေကို တရားဝင် လိုင်စင်တွေ၊ ဘာတွေ မရှိဘဲ လွတ်လွတ်လပ်လပ် သယ်ပို့လို့ မရနိုင်ပါဘူး။
ဒီတော့ကာ တရုတ်တို့ လုပ်ဖို့လိုတာက သူတို့ နိုင်ငံတွင်းက စက်ရုံတွေကနေ ဒီ ဓာတုပစ္စည်းတွေကို နယ်စပ်ဖြတ်ကျော်ပြီး မြန်မာဆီတရားမဝင် ရောင်းချနေမှုတွေအပေါ်  ပိုမိုထိထိရောက်ရောက် နှိမ်နင်းသွားဖို့ ဖြစ်ပါတယ်။ ဒါက လုပ်ထုံးလုပ်နည်း ကိစ္စတစ်ခုဖြစ်ပါတယ်။ နောက်ပြီး ဒါက နယ်စပ်ဒေသ ထိန်းချုပ်ရေး ကိစ္စလည်း ဖြစ်ပါတယ်။ အဲဒီမှာ အများကြီး လုပ်နိုင်သေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီလို ပိုလုပ်ပေးဖို့ မြန်မာဘက်ကလည်း တောင်းဆိုနေတယ်လို့ ကျွန်တော် သိထားပါတယ်။

မေး။    ။ မူးယစ်ဆေး ထုတ်ရာမှာ သုံးတဲ့ အစပျိုးဓာတုပစ္စည်းတွေထဲက အများစုဟာ တရုတ်ကနေ လာတယ်၊ ဒီလိုဆိုရင် ဒါကို ကာကွယ်ဖို့ တရုတ်က ဘာကြောင့် မလုပ်တာလဲ၊ တရုတ်-မြန်မာ နယ်စပ်မှာ ဖမ်းဆီးမှုတွေ ကျွန်တော်တို့ ဘာကြောင့် မမြင်တွေ့ခဲ့ရတာလဲ။

ဖြေ။`    ။ ဒီ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေမှာ ကမ္ဘာလုံံးအတိုင်းအတာ အရရော၊ ဒေသတွင်း အတိုင်းအတာအရမှာပါ ပါဝင်ပတ်သက်နေကြတဲ့ အဖွဲ့အစည်းတွေကတော့ ထိပ်တန်းအဆင့် အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ သူတို့ဟာ ဓာတုပစ္စည်း ဝယ်ယူဖြည့်သွင်းမှုတွေ၊ မူးယစ်ဆေး ထုတ်လုပ်မှု၊ ရောင်းချမှု၊ သတ်မှတ်စျေးကွက်တွေဆီ ပို့ဆောင်မှုတို့ကို သေချာ စီစဉ်လုပ်ဆောင်ကြတယ်။ ဒီအဖွဲ့အစည်းတွေဟာ အရွယ်အစား အင်မတန်ကြီးပြီး အကျိုးအမြတ် အများကြီး ရှာနေတဲ့ ရာဇဝတ်ဂိုဏ်းအဖွဲ့တွေ ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံနယ်စပ် နယ်နမိတ်တွေမှာ အလုပ်လုပ်ကြတယ်။ သူတို့ဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း အဖွဲ့တွေဖြစ်တယ်။ ဥပမာအားဖြင့် ရှမ်းပြည်နယ်ထဲက ဓာတ်ခွဲခန်းတွေမှာ အလုပ်လုပ်နေတဲ့ ဓာတုဗေဒပညာရှင်တစ်ချို့ဟာ ထိုင်ဝမ်က လာတဲ့သူတွေဖြစ်တယ်၊ နောက် ကျွန်တော်တို့ သိတဲ့အတိုင်း ဓာတုပစ္စည်း အများစုကလည်း တရုတ်ပြည်မကြီးကနေ ရောက်လာတယ်။ ရလာတဲ့ အကျိုးအမြတ် ငွေကြေးပိုက်ဆံတွေကို ဒေသတွင်း ဘဏ္ဍာရေးအချက်အချာမြို့တွေဖြစ်တဲ့ စင်ကာပူ၊ ဟောင်ကောင်နဲ့ အခြားနေရာတွေလို ကောင်းကောင်း ဖွံ့ဖြိုးနေတဲ့ ဘဏ်လုပ်ငန်းရှိနေတဲ့ နေရာတွေကနေတဆင့် ငွေကြေးခဝါချမှုတွေ လုပ်ကြတယ်။ ဒီတော့ ဒါက တကယ့် ဒေသတွင်း ပြဿနာတစ်ခုဖြစ်နေတယ်။ ဒါက နိုင်ငံတစ်နိုင်ငံတည်းရဲ့ ပြဿနာသက်သက် မဟုတ်ပါဘူး။ ဒါကို ဒေသဆိုင်ရာ ပြဿနာတစ်ခုအနေနဲ့ ကိုင်တွယ် ဖြေရှင်းသွားရမှာဖြစ်ပါတယ်။

ဒေသတွင်း ဥပဒေစိုးမိုးရေးဆိုင်ရာ  တာဝန်ရှိသူတွေ၊ ဘဏ္ဍာငွေကြေးဆိုင်ရာ အမှုအခင်းပိုင်း ကျွမ်းကျင်သူတွေ၊ အစိုးရ မူဝါဒချမှတ်သူတွေ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့ တွေ့မြင်နေရတဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ လိုအပ်သလောက် ထိရောက်မှုမရှိသေးပါဘူး။ ဥပမာအားဖြင့် အဲဒီမှာ အခြေခံအဆောက်အအုံပိုင်း၊ ဆောက်လုပ်ရေးပိုင်းနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးရှိပါတယ်။ ဒေသတွင်း ပါဝင်ပတ်သက်သူ အများအပြားအနေနဲ့ အခြေခံအဆောက်အအုံတွေ ဖော်ဆောင်ဖို့ အတူတကွ စီစဉ်နေကြပါတယ်။ ဒါပေမယ့် အဲဒီလို အခြေခံအဆောက်အအုံ ပရောဂျက်တစ်ချို့ကြောင့် ဖြစ်လာနိုင်မယ့် အနှုတ်လက္ခဏာဆောင် အကျိုးဆက်တွေကို ကိုင်တွယ်ဖြေရှင်းမှု အပိုင်းမှာတော့ အလေးထား ပူးပေါင်းဆောင်ရွက်မှု သိပ်မရှိပါဘူး။ တရားမဝင် ကုန်စည်တွေ လွတ်လပ်စွာ စီးဆင်းမှုတွေကို ထိန်းချုပ်ဖို့အပိုင်းလိုမျိုးတွေ ဖြစ်ပါတယ်။ ခု ကျွန်တော်တို့ ပြောနေတာက မူးယစ်ဆေးဝါးအကြောင်း သက်သက်မဟုတ်ပါဘူး။ တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုတွေ၊ တရားမဝင် လူကုန်ကူးမှုတွေအကြောင်းကို ပြောနေတာဖြစ်ပါတယ်။ သစ်တွေ၊ ရွှေတွေ၊ ကျောက်စိမ်းတွေ ဒါတွေအကြောင်း ပြောနေတာပါ။ ဒီ ပစ္စည်းတွေဟာ တစ်ခါတစ်ရံမှာ ဒီလို လမ်းအသစ်၊ ရထားလမ်းအသစ်၊ အခြေခံအဆောက်အအုံ လမ်းကြောင်းအသစ်တွေကနေတဆင့် တရားမဝင် လမ်းကြောင်းတွေကနေ စီးဆင်းနေတာပါ။ ဒီတော့ ဒါတွေရဲ့ အနှုတ်ဆောင် အကျိုးဆက်တွေကို ကိုင်တွယ်ဖို့အတွက် ပိုပြီး အာရုံစိုက် အလေးထားလုပ်ဆောင်ဖို့ လိုနေပါသေးတယ်။

မေး။    ။ နောက်ပြီး မူးယစ် မှောင်ခို ရောင်းဝယ်တဲ့ အဖွဲ့တွေနဲဲ့ တရုတ်နဲ့အကြား ဆက်ဆံရေးက ဘယ်လိုရှိလဲ၊ ဒီ မူးယစ်ဆေးဝါး ကုန်သွယ်မှု ဆက်ရှိနေနိုင်အောင် ခွင့်ပြုပေးတဲ့အတွက် တရုတ်ကရော တစ်နည်းနည်းနဲ့ အကျိုးအမြတ်တွေ ရနေသလား။

ဒါက အရေးကြီးတဲ့ အချက်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ထုတ်လုပ်မှုတွေရဲ့ အဓိကရင်းမြစ် ဖြစ်တယ်ဆိုပြီး မြန်မာကို လက်ညှိုးထိုးနေတယ်ဆိုတာလည်း ခင်ဗျားလည်း သိမှာပါ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ဒီမှာ ရုပ်ပုံကားချပ်တစ်ခုလုံးကို ကြည့်ဖို့လိုပါတယ်။ ဒီမှာ မြန်မာမှာ ထုတ်လုပ်တာ မဟုတ်တဲ့ အစပျိုး ဓာတုပစ္စည်းတွေ ရှိနေတယ်။ နောက်ပြီး ဒေသတွင်း အကျင့်ပျက်ခြစားမှု ပြဿနာလည်း ရှိနေတယ်။ နောက်ပြီး ဒီ ဓာတုပစ္စည်းတွေ စီးဝင်မှုအပိုင်းနဲ့ ပတ်သက်လို့ နယ်စပ်ဒေသ ထိန်းချုပ်မှုအပိုင်းမှာလည်း ပြဿနာရှိနေတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ နောက်ဆုံးအပြီးသတ်  ရောက်ရှိတဲ့ စျေးကွက်တွေကိုလည်း ကြည့်ရပါဦးမယ်။ ဒီ မူးယစ်ဆေးတွေကို ရှမ်းပြည်နယ်မှာ ထုတ်လုပ်နေရခြင်းရဲ့ အကြောင်းရင်းကတော့ အဲဒါတွေအတွက် ဝယ်လိုအားတစ်ရပ် ရှိနေလို့ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ ထုတ်လုပ်ခြင်းဟာ တစ်ခြားစျေးကွက်တွေ အတွက် ဝယ်လိုအားတစ်ခုဖြစ်အောင် တစ်နည်းနည်းအရ  ဖန်တီးနေခြင်းလည်း မဟုတ်ပါဘူး။ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အခြားနေရာတွေမှာဆိုရင်လည်း Crystal Meth အတွက် ဝယ်လိုအားတစ်ခု ရှိပါတယ်။ မြန်မာ၊ ထိုင်း၊ မဲခေါင် နိုင်ငံတွေ၊ ဘင်္ဂလားဒေ့ရှ်တို့မှာလည်း Yaba အတွက် ဝယ်လိုအားတစ်ရပ် ရှိပါတယ်။

အဲဒီလို ဝယ်လိုအားတွေကို ဒီ ရာဇဝတ်ဂိုဏ်း အဖွဲ့တွေက ခုလောလောဆယ်မှာ ဖြည့်ဆည်းနေတာဖြစ်ပါတယ်။ ခုချိန်မှာ သူတို့ဟာ ရှမ်းပြည်နယ်ကို တကယ့် ထုတ်လုပ်မှု အခြေစိုက်အဖြစ် ရွေးချယ်ထားကြပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ်ကို ပိတ်လိုက်မယ်ဆိုရင် သူတို့ဟာ သူတို့ရဲ့ ထုတ်လုပ်မှု အခြေချနေရာကို တစ်ခြားတစ်နေရာရာကို ပြောင်းရွှေ့ကြဦးမှာ ဖြစ်ပါတယ်။ ဒီတော့ ဒါက မြန်မာနိုင်ငံတစ်နိုင်ငံတည်းရဲ့ ပြဿနာသက်သက် မဟုတ်တော့ပါဘူး။ ဒီတော့ ခင်ဗျားအနေနဲ့ မြန်မာတစ်နိုင်ငံတည်းကိုပဲ လက်ညှိုးထိုးနေလို့ မရတော့ပါဘူး။ မြန်မာအနေနဲ့လည်း လုပ်ဆောင်ဖို့လိုတာတွေ အများကြီး ရှိနေပါတယ်။ ဒီလိုပဲ အခြား နိုင်ငံတွေအနေနဲ့လည်း လုပ်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်။ ဘာတွေအတွက်လည်း ဆိုတော့ တရားမဝင် ငွေကြေး စီးဆင်းမှုတွေ၊ ငွေကြေးခဝါချမှုတွေ၊ မူးယစ်ဆေးထုတ်ရာမှာသုံးတဲ့ အစပျိုးဓာတုပစ္စည်းတွေ ဝယ်ယူ ဖြည့်သွင်းမှု၊ အကျင့်ပျက်ခြစားမှု၊ နယ်စပ်ထိန်းချုပ်မှု အပိုင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့အပိုင်းတွေမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နယ်စပ်တွေမှာ အိမ်နီးချင်း နိုင်ငံတွေရဲ့အကျင့်ပျက် အရာရှိတွေ မရှိတော့ရင်တော့ ဒီလို ဓာတုပစ္စည်းတွေ ဝင်ရောက်မှုတွေ မရှိနိုင်တော့သလို ထုတ်လုပ်ပြီးသား မူးယစ်ဆေးတွေလည်း ပြည်ပကိုရောက်ရှိမှုကို အဆုံးသတ်နိုင်မှာဖြစ်ပါတယ်။

မေး။    ။ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထောက်ခံတယ်လို့ တရုတ်က ပြောတယ်၊ သို့ပေမယ့် မူးယစ်ကုန်သွယ်မှုကနေ ရတဲ့ ပိုက်ဆံတွေက တပ်မတော်နဲ့ တိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ပံ့ပိုးပေးတယ်။  ဒီနေရာမှာ မူးယစ်ကုန်သွယ်မှုကို အလေးအနက်ထား နှိမ်နင်းလိုစိတ် တရုတ်ဘက်မှာ မရှိဘဲဖြစ်နေတဲ့အခါမှာ တရုတ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တကယ် ရိုးရိုးသားသား ပါဝင်ဆွေးနွေးသူရော ဖြစ်ရဲ့လား။

ကောင်းပါပြီ၊ ဘယ်နိုင်ငံနဲ့ပဲဖြစ်ဖြစ် နှစ်နိုင်ငံ ဆက်ဆံရေးက အမြဲတမ်း ရှုပ်ထွေးလေ့ ရှိပါတယ်။ တရုတ်အနေနဲ့ မြန်မာမှာ ငြိမ်းချမ်းရေးရအောင် မျက်လှည့်ဆန်ဆန် ဖန်တီးပေးနိုင်တယ်၊ ဒါမှမဟုတ် တရုတ်ဟာ မြန်မာရဲ့ မူးယစ်ဆေးဝါး ပြဿနာကို မျက်လှည့်ဆန်ဆန် ဖြေရှင်းပေးနိုင်တယ်လို့ ပြောရင် ဘယ်သူမှ ယုံကြည်မှာ မဟုတ်ဘူးလို့ပဲ ကျွန်တော်ထင်ပါတယ်။  ဒါပေမယ့် သေချာတာကတော့ မြန်မာရဲ့ အိမ်နီးချင်းနဲ့ မိတ်ဆွေ တစ်ဦးအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ တရုတ်ဘက်က ကူညီနိုင်တာတွေ အများကြီးရှိပါတယ်။ ဒါ့အပြင် မူးယစ် ပြဿနာနဲ့ပတ်သက်လို့လည်း တရုတ်ဘက်က ကူညီလုပ်ပေးနိုင်တာတွေ အများကြီးရှိပါတယ်။ ခင်ဗျား ပြောသလိုပဲ၊ ဒီ ကိစ္စနှစ်ခုအကြားမှာ ဆက်နွယ်ချိတ်ဆက်မှု တစ်ချို့ရှိပါတယ်။ ဒီတော့ မြန်မာကိုကူညီဖို့ ဘာတွေလုပ်နိုင်သလဲ ဆိုတာကို ကြည့်ရှုလေ့လာဖို့ အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။

မေး။    ။ မြန်မာရဲ့ အခြား အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဆိုရင် အိန္ဒိယ ရှိပါတယ်၊ ဆိုတော့ကာ သူတို့ ပိုင်နက်နယ်မြေထဲမှာ တရားမဝင် မူးယစ်ဆေးတွေ သယ်ယူပို့ဆောင်မှုကို ပိတ်ဆို့တားဆီးဖို့ ဒေလီရဲ့ ကြိုးပမ်းအားထုတ်မှု အပေါ်မှာရော ဘယ်လို မြင်မိပါသလဲ။

ဖြေ။    ။ တရုတ်အပြင် အိန္ဒိယဟာလည်း ကမ္ဘာမှာ ဆေးဝါးဆိုင်ရာ ထုတ်ကုန်တွေ ထုတ်လုပ်တဲ့ အဓိကနိုင်ငံကြီး တစ်နိုင်ငံဖြစ်ပါတယ်။ အဲဒီမှာကြီးမားတဲ့ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကြီးလည်း ရှိနေတယ်။ နောက်ပြီး အိန္ဒိယက မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံလည်း ဖြစ်တယ်။ ဒီတော့ကာ အိန္ဒိယ-မြန်မာ နယ်စပ်ကနေတဆင့် တရားမဝင် အစပျိုးဓာတုပစ္စည်းတွေ ဖြတ်ကျော်ဝင်ရောက်နေတဲ့ ပြဿနာတစ်ခုလည်း ရှိနေပြန်ပါတယ်။ ရှမ်းပြည်နယ်မှာ ထုတ်လုပ်ဖို့အတွက်။ မြန်မာနိုင်ငံမှာ ထုတ်လုပ်နေတဲ့ Meth အများစုကတော့ ရှမ်းပြည်နယ်မှာ ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီ မူးယစ်ဆေးထုတ်ဖို့အတွက်လိုတဲ့ အစပျိုးဓာတုပစ္စည်း တွေအနက်က အများစုကတော့ တရုတ်ကနေ ဝင်လာနေတာဖြစ်ပြီး ပမာဏ အနည်းငယ်လောက်ကတော့ အိန္ဒိယကနေ ဝင်လာတာဖြစ်ပါတယ်။ အကြောင်းရင်းကတော့ အိန္ဒိယ-မြန်မာ နယ်စပ်ဟာ ဝေးလံတဲ့ နယ်စပ်တစ်ခုဖြစ်ပါတယ်။ နောက်ပြီး အခြေခံအဆောက်အအုံကလည်း တအားကြီးမကောင်းသေးဘူး။ ခင်ဗျားအနေနဲ့ မြန်မာနိုင်ငံကိုဖြတ်ပြီး ရှမ်းပြည်နယ်အထိ သွားရမယ့် ခရီးအကွာအဝေးက ပိုဝေးပါတယ်။ အန္တရာယ်ပိုများသလို  အကုန်အကျလည်း ပိုများပါတယ်။ ပိုလည်း ခက်ခဲပါတယ်။ ဒါပေမယ့် ခင်ဗျားတို့မှာ အိန္ဒိယနယ်စပ်မှာ Yaba ဆေးပြားတွေ ထုတ်လုပ်မှု အနည်းငယ်ရှိနေတယ်။ နောက်ပြီး အိန္ဒိယကနေ ဝင်လာနေတဲ့ အစပျိုး ဓာတုပစ္စည်းတွေလည်း ရှိနေတယ်။

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ တစ်ခြား အဓိက ပြဿနာတစ်ခုက ဘင်္ဂလားဒေ့ရှ်ဆီ Yaba ကုန်သွယ်ရောင်းချနေခြင်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာမှာ Yaba တွေနဲ့ပတ်သက်လို့ အကြီးဆုံး တိုးတက်ဖွံ့ဖြိုးနေတဲ့ စျေးကွက်ဖြစ်တယ်။ စျေးနှုန်းတွေကလည်း တော်တော်လေးမြင့်ပါတယ်။  ဒီတော့ကာ ရှမ်းပြည်နယ်မှာ ထုတ်လုပ်တဲ့ Yaba တွေကို ဘင်္ဂလားဒေ့ရှ်ဆီ မှောင်ခိုကုန်သွယ်ရာကနေ ပိုက်ဆံတွေ အများကြီး ရပါတယ်။ Yaba နဲ့ပတ်သက်လို့ မြန်မာရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုတွေကို ခင်ဗျား ကြည့်မယ်ဆိုရင် ရှမ်းပြည်နယ်ဟာ အမြင့်ဆုံးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကလည်း ဒီ Yaba တွေ အများစု ထုတ်လုပ်နေတဲ့ နေရာမို့လို့ ဒီလိုဖြစ်တာလို့ ခင်ဗျား ထင်မြင်နိုင်ပါတယ်။ နောက် ဖမ်းဆီးမှု ဒုတိယအမြင့်ဆုံးနှုန်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပါတယ်။ ဒါဘာလို့လဲဆိုတော့ ရခိုင်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့အကြား လက်ရှိမှာ ဒီ Yaba တွေ အကြီးအကျယ် ကုန်သွယ်နေမှုကြောင့် ဖြစ်ပါတယ်။

မေး။    ။ ဘင်္ဂလားဒေ့ရှ်မှာလည်း မက်သမ်ဖက်တမင်း ပြဿနာ အကြီးအကျယ်ဖြစ်နေတယ်လို့ ကျွန်တော်တို့ ကြားရတယ်။ ဒီ ဆေးဝါးတွေ အများစုက မြန်မာကနေ ရောက်လာနေတာလား၊

အရမ်းကြီးတဲ့ စျေးကွက်ရှိပါတယ်။ Yaba ထုတ်လုပ်မှုရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဟာ ဘင်္ဂလားဒေ့ရှ်ကို သွားနေပါတယ်။ အဲဒါဟာ အရမ်းကြီးတဲ့ နိုင်ငံပါ။ နောက်ပြီး စျေးကွက်ကလည်း ဖွံ့ဖြိုးနေပါတယ်။ ဒီတော့ အဲဒါက မြန်မာက Yaba တွေအတွက် စျေးကွက်ကြီးတစ်ခုဖြစ်တယ်ဆိုတာ မှန်ပါတယ်။

မေး။    ။ မြန်မာရဲ့ မူးယစ်ဆေးဝါး ပြဿနာကို ကျွန်တော်တို့ကြည့်တဲ့အခါ အာဖဂန် မူးယစ်ဆေးပြဿနာနဲ့ရော ဘယ်လို နှိုင်းယှဉ်လို့ ရနိုင်မလဲ။

ဟုတ်ကဲ့၊ မြန်မာက ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှု ဒုတိယအကြီးဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ခုချိန်မှာ အကြီးဆုံး ထုတ်လုပ်သူ ဖြစ်တဲ့ အာဖဂန်နစ္စတန်နဲ့ယှဉ်ရင် တော်တော်လေး နည်းပါတယ်။ ဒီအတွက်လည်း အကြောင်းပြချက် နှစ်ခုရှိပါတယ်။ တစ်ခုက အာဖဂန်ရဲ့ သဘာဝ ပတ်ဝန်းကျင် အဝန်းအဝိုင်းပေါ့။ အဲဲဒီမှာ ဖြစ်နေတဲ့ ပဋိပက္ခစစ်ပွဲတွေဟာ ဘိန်းပင်စိုက်ဖို့၊ ထုတ်လုပ်ဖို့အတွက် လွယ်ကူစေအောင် ဖြစ်စေလျက် ရှိပါတယ်။ ဒုတိယအချက်က ဒေသတွင်း မူးယစ်ဆေးဝါး စျေးကွက် အပြောင်းအလဲ ဖြစ်ပါတယ်။ ခုချိန်မှာ ဘိန်းဖြူထက်စာရင် အမ်ဖက်တမင်း Amphetamine အတွက် ဝယ်လိုအားက ပိုပြီးမြင့်နေပါတယ်။  အရှေ့တောင်အာရှ၊ အရှေ့အာရှနဲ့ ပစိဖိတ် ဒေသတို့မှာ မူးယစ်ဆေး ရွေးချယ်မှုကတော့ အမ်ဖက်တမင်း ဒါမှမဟုတ် Yaba ဆေးပြားတွေ ဒါမှမဟုတ် ခရစ္စတယ် မက်သ်တွေ ဖြစ်ပါတယ်။ ဒေသမှာ ဘိန်းဖြူက ဒါတွေနဲ့ယှဉ်ရင် အသုံးပြုမှုလျော့သွားပါတယ်။ ဒီတော့ ဒါအတွက် ဝယ်လိုအား နည်းသွားပါတယ်။ ဒါကတော့ အကြောင်းရင်းတွေအနက်က တစ်ခုဖြစ်ပါတယ်။ ဒီတော့ ရှမ်းပြည်နယ်မှာ ထုတ်လုပ်နေတဲ့ ဘိန်းနဲ့ဘိန်းဖြူ  အတိုင်းအတာ ပမာဏဟာ တန်ဖိုးအားဖြင့်် တစ်နှစ်ကို ဒေါ်လာ ငါးဘီလီယံ ဒါမှမဟုတ် ၁၀ ဘီလီယံလောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကို အမ်ဖက်တမင်းအတွက် တန်ဖိုး ဒေါ်လာ ၆၀ ဘီလီယံနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။ ဒီတော့ ဒါက ပြဿနာတစ်ခုပါ။
ခင်ဗျားအနေနဲ့ အာဖဂန်နစ္စတန်ကို ကြည့်မယ်ဆိုရင်၊ နောက်မြန်မာကို ကြည့်မယ်ဆိုရင် ဘိန်းဖြူစိုက်ဖို့အတွက် တူညီတဲ့ နောက်ခံအကြောင်းအရာတွေက ပံ့ပိုးခွင့်ပြုပေးနေတာကို မြင်ရမှာဖြစ်ပါတယ်။ ပထမတစ်ခုက မြေမျက်နှာသွင်ပြင်ပိုင်းမှာ အတော်လေးကို တူညီမှု ရှိပါတယ်။ ဘိန်းဖြူစိုက်ပျိုးနိုင်မယ့် မြေမျက်နှာ သွင်ပြင်မျိုးပေါ့။ ဒါ့အပြင်  ကာလကြာရှည်နေတဲ့ ပဋိပက္ခတွေ ရှိနေတာချင်းလည်း  တူညီပါတယ်။ လုံခြုံမှု မရှိတာမျိုး၊ နောက်ပြီး ဗဟိုအစိုးရရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်မှာ ရှိမနေတဲ့ ဝေးလံခေါင်းပါးတဲ့ ဧရိယာတွေ ဖြစ်နေလို့ ဒီပြဿနာ ပေါ်လာအောင် ခွင့်ပြုပေးထားသလို ဖြစ်နေပါတယ်။ မြန်မာဟာ ပြီးခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်အတွင်း ဘိန်းထုတ်လုပ်မှု တိုက်ဖျက်ရာမှာ အတော်လေး ထိထိရောက်ရောက် လုပ်နိုင်ခဲ့ပါတယ်။ အာဖဂန်နဲ့ ယှဉ်ရင် အတော်လေး နည်းသွားတာပေ့ါ။ ဘိန်းဖြူနဲ့ပတ်သက်လို့ တစ်ခု ပြောရရင် ဂြိုဟ်တုတွေ၊ လေယာဉ်တွေသုံးပြီး စောင့်ကြည့်ဖို့ လွယ်ကူပါတယ်။ ခင်ဗျားလည်းသိပါတယ်။ ဘယ်နေရာတွေမှာ ဘိန်းစိုက်ခင်းတွေ ရှိနေတယ် ဆိုတာကို ဒီလိုနဲ့ စောင့်ကြည့်နိုင်ပါတယ်။ သူတို့မှာ အထူး တိကျတဲ့ ကာလာအရောင် အမှတ်အသားတွေ ရှိပါတယ်။ ဒီတော့ အဝေးကနေ ခင်ဗျား ထောက်လှမ်းခြင်းအားဖြင့် ဘယ်နေရာတွေမှာ ဘိန်းစိုက်ခင်းတွေ ရှိနေတယ်၊ ဘယ်လောက် ပမာဏများများ စိုက်ထားသလဲ ဆိုတာ ခင်ဗျား သိနိုင်ပါတယ်။ Meth labs တွေရဲ့ တည်နေရာကို သိရဖို့ကတော့ တော်တော် ခက်ခဲပါတယ်။ ဒါတွေကိုတော့ ခင်ဗျားအနေနဲ့  ဝေဟင်ပေါ်ကနေ မြင်နိုင်မှာ မဟုတ်ပါဘူး။

မေး။    ။ ကမ္ဘာ့ ရုပ်ပုံကားချပ်ကို ကျွန်တော်တို့ ကြည့်လိုက်မယ်ဆိုရင်ရော မြန်မာမှာ ထုတ်လုပ်တဲ့ တရားမဝင် မူးယစ်ဆေးတွေက ဘယ်လောက် ခရီးဝေးဝေးကို ရောက်သွားနေသလဲ။ မြန်မာမှာ ထုတ်လုပ်တဲ့ ဘိန်းဖြူက နယူးယော့ခ် လမ်းတွေပေါ် ရောက်ချင်ရောက်နိုင်ပါတယ်၊ ဥပမာအနေနဲ့ပေါ့လေ၊ ဒီတော့ Meth ဆေးပြားတွေနဲ့ပတ်သက်လို့ ရော ဘယ်လို ရှိမလဲ။

အဲဒါက မြန်မာအတွက်တော့ သေချာပေါက် စိုးရိမ်စရာကိစ္စတစ်ခုပါ။ မြန်မာရဲ့ ပုံရိပ်အတွက်လည်း မကောင်းနိုင်ပါဘူး။ ဒါက ကမ္ဘာမှာ အမ်ဖက်တမင်း အများဆုံး ထုတ်လုပ်သူ ဖြစ်တယ်ဆိုတာကတော့ မြန်မာအတွက် ဂုဏ်သိက္ခာဆိုင်ရာ ပြဿနာတစ်ခုဆိုတာ ရှင်းလင်းပါတယ်။ ခုကတော့ မြန်မာမှာ ထုတ်လုပ်တဲ့ အမ်ဖက်တမင်းတွေဟာ အာရှပစိဖိတ်ကို ရောက်သွားနေပါတယ်။ ဒါ ဘာလို့လဲဆိုတော့ ဥရောပမှာလည်း အခြားထုတ်လုပ်သူတွေ ရှိပါတယ်။ အဲဒီဒေသတွေအတွက် ထုတ်လုပ်ပေးနေတဲ့ အမေရိကန်တွေလည်း ရှိပါတယ်။ ဒါ့အပြင် ဒါက ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး ရွေးချယ်မှု နဲ့ပတ်သက်လို့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ အမေရိကန်မှာ ခုလောလောဆယ် ဖြစ်နေတဲ့ မူးယစ်ဆေးဝါးရွေးချယ်မှုဟာ အမ်ဖက်တမင်းက အဲလောက် မဟုတ်ပါဘူး။ အာရှ-ပစိဖိတ်ဒေသမှာကျတော့ မူးယစ်ဆေးဝါးရွေးချယ်မှုက အမ်ဖက်တမင်းဖြစ်ပါတယ်။

ဒီတော့ ဒီဒေသဆီကို ရှမ်းပြည်နယ်က ထုတ်လုပ်တာတွေ ရောက်သွားနေခြင်းဖြစ်ပါတယ်။ ဒီတော့ ရှမ်းပြည်နယ်မှာ ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေက ဥရောပနဲ့ အမေရိကဆီ ရောက်သွားနေတယ်ဆိုတာကို ကျွန်တော်တို့ သိပ်များများစားစား မတွေ့ရပါဘူး။ အဲဒါက ဘိန်းဘုရင် ခွန်ဆာ လက်ထက် ၊ ဘိန်းထုတ်လုပ်မှု အမြင့်ဆုံး ရှိနေချိန် ကာလတုန်းက ပေါ်လွင်ထင်ရှားတဲ့ ပြဿနာတစ်ခုဖြစ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်ကနေ လာတဲ့့ WO Globe တံဆိပ်ကပ် ရွှေတြိဂံ ဘိန်းအိတ်တွေ အမေရိကန်နဲ့ ဥရောပ လမ်းတွေဆီ ရောက်ခဲ့ပါတယ်။ ဒီတော့ အဲဒါက အဲဲဒီ နိုင်ငံတွေအတွက် သိသာထင်ရှားတဲ့ ပထဝီနိုင်ငံရေး ကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။ ခုကျတော့ အဲဒါက ပြဿနာမဟုတ်တော့ပါဘူး။ ဒီမူးယစ်ဆေးတွေက သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန် ၊ တောင်ကိုရီးယားနဲ့ အာဆီယံဒေသဆီပဲ သွားနေပါတယ်။ ဒီထက် ကျော်လွန်ပြီး များများစားစား ရောက်မသွားတော့ပါဘူး။

မေး။    ။ ဒီလိုမူးယစ်ဆေးတွေ စိုက်ပျိုးနေတဲ့ တောင်သူတွေကိုကော ဘာများ ပြောလိုပါသလဲ။

ဖြေ။    ။ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာအတွက် အကြောင်းရင်း အများအပြား  ရှိပါတယ်။ တကယ်လို့ ခင်ဗျားဟာ ဝေးလံခေါင်းပါးတဲ့  ပဋိပက္ခဒဏ်သင့်ဒေသမှာ နေထိုင်တဲ့ တောင်သူတစ်ယောက် ဖြစ်နေတယ်ဆိုရင်လည်း ဘိန်းစိုက်ပျိုးမှုက ခင်ဗျားအတွက် ဆွဲဆောင်စရာ တစ်ခုဖြစ်နေမှာပဲလေ။ ဒါက တရားမဝင်ဘူး ဆိုတာလည်း ခင်ဗျား သိတယ်၊ နောက် ဒါ အန္တရာယ်များတယ် ဆိုတာလည်း ခင်ဗျားသိတယ်။ ဒါပေမယ့် ဒါ ဘာကြောင့် ဆွဲဆောင်မှုတစ်ခုဖြစ်နေတာလဲ ဆိုတာအတွက် အကြောင်းပြချက်ကလည်း အများကြီးရှိပါတယ်။ ပထမတစ်ခုက ဝယ်မယ့်သူက ခင်ဗျားဆီကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာမယ်။ ခင်ဗျားအနေနဲ့ စျေးကွက်ဆီ ကိုယ်တိုင် သွားနေစရာ မလိုဘူး။ ခင်ဗျားရဲ့ စိုက်ပျိုးကုန်တွေ၊ ဂေါ်ဖီထုပ်တွေ၊ မြေပဲတွေကို ရောင်းဖို့ ခရီးအဝေးကြီး သွားစရာ မလိုဘူး။ သူတို့ကိုယ်တိုင် ခင်ဗျားဆီကို ရောက်လာမှာ ဖြစ်ပြီး လာဝယ်သွားကြမှာဖြစ်တယ်။ ဒီတော့  ခင်ဗျားအနေနဲ့ ပဋိပက္ခတိုက်ပွဲဖြစ်နေတဲ့ ဒေသမှာ ရှိနေချိန်မှာ ပို ဘေးကင်းစိတ်ချရမှာဖြစ်ပါတယ်။ ခရီးသွားလာဖို့က စရိတ်စက ကြီးတယ်။ နောက်ပြီး အန္တရာယ်လည်း များတယ်။ နောက်တစ်ချက်က ခင်ဗျားရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုကို ခင်ဗျားနဲ့အတူ ကိုယ်နဲ့မကွာ သိမ်းထားနိုင်တဲ့အချက်ဖြစ်တယ်။ ခင်ဗျားရဲ့ တစ်နှစ်တာ ဘိန်းစိုက်ပျိုးမှုက ဘိန်းစေးတွေဟာ အလုံံးတစ်လုံး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
တကယ်လို့ တိုက်ပွဲတွေ ခင်ဗျားတို့ ရွာရောက်လာရင် ခင်ဗျားအနေနဲ့ ဒီ အလုံးနဲ့အတူ ပြေးလို့ ရနိုင်ပါတယ်။ ဒီတော့  ပိုင်ဆိုင်မှုက သယ်ယူသွားလို့ ရတဲ့သဘော ဖြစ်ပါတယ်။ တကယ်လို့ ခင်ဗျားဟာ ဂေါ်ဖီထုပ်၊ မြေပဲတွေ စိုက်ထားတယ်ဆိုရင် တစ်ခုခုဖြစ်တာနဲ့ ဒီ အပင်တွေ အကုန်ယူပြီး ထွက်ပြေးလို့ မရနိုင်ပါဘူး။ ဒါက ခင်ဗျားသာ အဲဒီ ဧရိယာတွေက တောင်သူတစ်ဦးဖြစ်တယ်ဆိုရင် ဒီလို အကြောင်းတွေ ရှိပါလိမ့်မယ်။ ဒါကဒီ သီးနှံစိုက်ပျိုးဖို့ အားပေးထောက်ကူနေတဲ့ အချက်တွေဖြစ်ပါတယ်။ ဒီတော့ ဒါနဲ့ပတ်သက်လို့ လိုအပ်နေတာက တောင်သူတွေကို ကော်ဖီ ဒါမှမဟုတ် အခြားသီးနှံတွေ ပို  ပြောင်းလဲစိုက်ချင်အောင် သိမ်းသွင်းနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ ပြောင်းလဲမှုဖြစ်ပါတယ်။ ဒါက အကျိုးအမြတ် ဖြစ်ထွန်းမှုဆိုင်ရာ မေးခွန်းတစ်ခု ဖြစ်ပါတယ်။

နောက်ပြီး ပဋိပက္ခစစ်ပွဲတွေနဲ့ ပတ်သက်ရမှု ဆိုင်ရာ  မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဘာလို့ဆိုတော့ ဘိန်းစိုက် တောင်သူတွေဟာ မချမ်းသာကြပါဘူး။ ဒီဘိန်းတွေကို ရောင်းချရတာကနေ ရတဲ့ငွေကလည်း များများစားစား မဟုတ်ပါဘူး။ ဂေါ်ဖီထုပ်၊ မြေပဲ စိုက်တာထက် သိပ်လည်း မများပါဘူး။  အဲဒါ သူတို့့အတွက် ပို ဘေးကင်းစိတ်ချရပါတယ်။  ဒါ အမှန်တရားပါ။  ဒီတော့ သူတို့ဟာ ဆင်းရဲတဲ့ ပြည်သူတွေပါ။ သူတို့ဟာ ငွေတွေ အများကြီး ရှာနေနိုင်သူတွေ မဟုတ်ကြပါဘူး။ ဒီတော့ ခင်ဗျားအနေနဲ့ သူတို့ကို အလွန်အကျွံ ချမ်းသာကြွယ်ဝလာစေမယ့် သီးနှံံတစ်မျိုးမျိုး ပေးရမှာ မဟုတ်ပါဘူး။ ခင်ဗျား လုပ်ရမှာက လုံခြုံရေးအဝန်းအဝိုင်းတစ်ခုအဖြစ် ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ မက်လုံးတွေ၊ အခြား အစားထိုးအပြောင်းအလဲတွေ ပေးရမှာဖြစ်ပါတယ်။ ပြီးတော့ အဲဒါကလည်း တစ်ချို့ ဧရိယာတွေမှာ အတော်လေး အလုပ်ဖြစ်နေပါပြီ။ ဒါပေမယ့် ပဋိပက္ခတိုက်ပွဲတွေက ရှမ်းပြည်နယ်ရဲ့ တစ်ခြား အပိုင်းဧရိယာတွေ၊ ကယားနဲ့ ကချင်ပြည်နယ်ဘက် ရွှေ့သွားနေတဲ့အတွက် အဲဒါက တောင်သူတွေအတွက် ပြဿနာတွေဖန်တီးပေးသလို ဖြစ်နေပါတယ်။  ဆိုတော့ သူတို့လည်း မတတ်သာတဲ့အဆုံး ဘိန်းစိုက်ပျိုးမှုဘက် လုပ်ကြရပါတော့တယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly