ရှမ်းမြောက်ကွတ်ခိုင်နှင့်သိန္နီ ကြားတွင် ပစ်ခတ်မှုများဖြစ်နေ ၊ တံတားအချို့ထပ်မံဖျက်ဆီးခံထားရ

ရှမ်းမြောက်ကွတ်ခိုင်နှင့်သိန္နီ ကြားတွင် ပစ်ခတ်မှုများဖြစ်နေ ၊ တံတားအချို့ထပ်မံဖျက်ဆီးခံထားရ
 ဓာတ်ပုံ - Myo Thant Aung

ရန်ကုန် ၊ သြဂုတ် ၁၇ ။           ။ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် နှင့်  သိန္နီ အကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပစ်ခတ်မှုအချို့ ဖြစ်ပွားနေပြီး တံတားအချို့ ထပ်မံဖျက်ဆီးခံထားရသည်ဟု ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဝင်းက မဇ္စျိမသို့ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ကိုးနာရီခွဲခန့်တွင် အတည်ပြုပြောဆိုထားသည်။

“မနက်က သိန္နီ နဲ့ ကွတ်ခိုင်ကြားမှာ ပစ်ခတ်မှုတွေ နည်းနည်းရှိတယ်။ သိန္နီ နဲ့ ကွမ်လုံအထွက် တံတားတွေ ဖျက်ဆီးခံရတဲ့ ကိစ္စတွေရှိတယ်။ နောက်တစ်ခုက လမ်းမှာ အင်ဂျင်ဝိုင်တွေ လောင်းထားပြီးတော့မှ ပုံးတွေနဲ့ ပိတ်ထားတဲ့ကိစ္စတွေ ရှိနေတဲ့အတွက်ကြောင့် အခြေအနေက သိပ်မကောင်းသေးတဲ့ အနေအထားဖြစ်နေတဲ့ အတွက်ကြောင့် ကျောင်းက ကလေးတွေကို ပြန်လွှတ်ထားရတယ်” ဟု စိုင်းထွန်းဝင်းက ဆိုသည်။

 ဓာတ်ပုံ - Myo Thant Aung

သြဂုတ်လ ၁၆ ရက်နေ့ ညပိုင်းကလည်း ကျောက်မဲမြို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သော်လည်း လက်ရှိတွင် အခြေအနေ အေးဆေးသွားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ပစ်ခတ်မှုများကြောင့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်ကျောပိတ်ဆို့မှုများ ဖြစ်နေသည်။

သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင် နှင့် နောင်ချို မြို့ရှိ နေရာငါးခုကို မြောက်ပိုင်းမဟာမိတ် ပူးပေါင်းအဖွဲ့များမှ တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့ခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ - Enouk Lagang

ပြင်ဦးလွင်-နောင်ချို တိုက်ခိုက်မှုဖြစ်စဉ်၌  တပ်မတော်ဘက်မှ အရာရှိစစ်သည် ကိုးဦး ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သုံးဦး ၊ အရပ်သားသုံးဦး စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့သည်။ ထိခိုက်ပျက်ဆီးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၂၈၂၁ သိန်း ရှိခဲ့သည်ဟု အစိုးရဘက်က ထုတ်ပြန်ထားသည်။

ပြင်ဦးလွင်နောင်ချို တိုက်ခိုက်မှုဖြစ်စဉ်သည် မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်ခြင်း လုပ်ငန်းများအား နှိမ်နင်း ခဲ့ခြင်းကြောင့် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု တပ်မတော်ဘက်မှ ထုတ်ပြန်ထားပြီး မြောက်ပိုင်းမဟာမိတ် အဖွဲ့များဘက်ကမူ တပ်မတော်ဘက်မှ ထိုးစစ်ဆင်မှုများ ရှိနေခြင်းကြောင့် လှုပ်ရှားစစ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required