ဦးလှဆွေ(ဘူးလက်)ကို တရားစွဲဆိုခြင်းနှင့် ပတ်သတ်၍ သမ္မတရုံးမှ ညွှန်ကြားထားခြင်း မရှိဟုဆို

ဦးလှဆွေ(ဘူးလက်)ကို တရားစွဲဆိုခြင်းနှင့် ပတ်သတ်၍ သမ္မတရုံးမှ ညွှန်ကြားထားခြင်း မရှိဟုဆို
ဓာတ်ပုံ - သူရမဇ္စျိမ

သြဂုတ်လ ၁၆ရက် ။          ။ လက်ရှိအစိုးရအပေါ် ဝေဖန်မှုများပြုလုပ်ခဲ့သော ဦးလှဆွေ(ဘူးလက်)ကို တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ သမ္မတရုံးမှ ညွှန်ကြားထားမှု မရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

သြဂုတ်လ ၁၆ရက်နေ့က နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြား လိုက်ခြင်း ဖြစ်သည်။

"အစိုးရကို ဝေဖန်တဲ့သူတွေကို ဖမ်းဖို့ စီစဉ်ညွှန်ကြားချက်ဆိုတာ မရှိပါဘူး။ အစိုးရက ညွန်ကြားထားတာ မရှိဘူး။ အစိုးရမူဝါဒလည်း မဟုတ်ဘူး။ အစိုးရပိုင်းကတော့ ပြည်သူလူထု မီဒီယာ၊ လူမှုအဖွဲ့အစည်းတွေက စသည်ဖြင့် ဝေဖန်မှုတွေ ရှိပါတယ်။ ဒီဝေဖန်မှုတွေကို ကြိုဆိုပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ နိုင်ငံတော် သမ္မတခရီးစဉ်၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ခရီးစဉ်တွေမှာ ပြောပြီးဖြစ်ပါတယ်။ ဒီဟာတွေက ပြည်သူလူထုရဲ့ သဘောထား ပြည်သူ့အသံတွေ ဒါတွေကို အလေးထားဖို့ရှိတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် သြဂုတ်၃ရက်က ပြုလုပ်သည့် တပ်မတော်ထိပ်တန်းအရာရှိများကို အမေရိကန် နိုင်ငံမှ အရေးယူပိတ်ဆို့ခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ပွဲတွင် နိုင်ငံတော်အကြီးအကဲများအပေါ် သွယ်ဝိုက် ကာပြစ်တင်ပြောဆိုခဲ့သည်ဟုဆို၍ ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က တရားလိုပြုလုပ် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“ဦးလှဆွေလို ကိစ္စကတော့ တစ်မျိုးပေါ့။ သူ့ရဲ့ ဟောပြောချက်တွေက ဘယ်လိုညှိစွန်းတယ်ဆိုတာက သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရကနေပြီးတော့ သမ္မတရုံးကို တင်ပြလာခြင်း ဖြစ်တယ်။ တင်ပြလာတဲ့ အပေါ်မှာ နိုင်ငံတော် သမ္မတရုံး ကနေပြီးတော့ ဥပဒေနဲ့အညီ ဥပဒေအရ ခွင့်ပြုချက်ပေးရတာ ဖြစ်တယ်။

အခုဖမ်းဆီးရမိဖို့ အနေအထား ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့လည်း မေးပါတယ်။ မေးကြည့်တော့ သူ့မှာ အိမ်သုံးနေရာရှိတယ်။ ရန်ကုန်၊ နေပြည်တော်၊ ဂန့်ဂေါ အဲ့နေရာတွေမှာ သက်ဆိုင်တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရှာဖွေနေတယ်လို့ သိရတယ်။ နောက်ပြီး တရုတ်နိုင်ငံ စသည်ဖြင့် တခြားနိုင်ငံတွေ သွားမယ်ဆိုပြီး သတင်း ထွက်နေတာကိုလည်း ရဲတပ်ဖွဲ့က စီစစ်နေတယ်။ ပိတ်ဆို့နေတယ်။ အဲ့အပေါ်မှာတော့ ရဲတပ်ဖွဲ့က အမြန်ဆုံး ဖမ်းမိအောင် ဆောင်ရွက်နေတယ် ဆိုတာလည်း ကျွန်တော်တို့ သတင်းပို့ထားတာရှိပါတယ်။" ဟု ဦးဇော်ဌေးက ဆက်ပြောသည်။

နိုင်ငံတော်အကြီးအကဲများအပေါ် ပြစ်တင်ဝေဖန်ပြောဆိုခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ၁၂၄(က) ( နိုင်ငံတော်အကြည်ညိုပျက်စေမှု) ဖြင့် တရားစွဲဆိုခဲ့သည့််ဦးလှဆွေ(ဘူးလက်)ကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဖမ်းဝရမ်းအတည်ပြုရန် ဝရမ်းမရောက်သေး၍ စောင့်ဆိုင်းနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required