လာမည့်နှစ် လူငယ်လိဂ်ပြိုင်ပွဲအတွက် ကစားသမားအသင့်ရှိဟု ချန်ပီယံရန်ကုန်အသင်း နည်းပြ ပြော

လာမည့်နှစ် လူငယ်လိဂ်ပြိုင်ပွဲအတွက် ကစားသမားအသင့်ရှိဟု ချန်ပီယံရန်ကုန်အသင်း နည်းပြ ပြော
ရန်ကုန်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ အကြိတ်အနယ်ကစားစဉ်။  (ဓာတ်ပုံ - ရန်ကုန်ယူနိုက်တက်)

အောက်တိုဘာ ၁၃၊ ရန်ကုန်။            ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ချန်ပီယံ ရန်ကုန်ယူနိုက်တက်လူငယ်အသင်းတွင် ၂၀၁၆ လူငယ်လိဂ်ပြိုင်ပွဲအတွက် ကစားသမား အဆင့်သင့်ထပ်မံရှိနေဟု ရန်ကုန်လူငယ်အသင်းနည်းပြချုပ်  ဦးအေးနိုင်က မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်ယူနိုက်တက်လူငယ်ဘောလုံးအသင်းသည် ပွဲစဉ် ၂၃ ချင်းယူနိုက်တက်အသင်းကို ၈-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲအပြီး ချန်ပီယံဆုဖလားကို ရရှိခဲ့သည်။

ရန်ကုန်လူငယ်အသင်းသည် နောက်ဆုံးပွဲစဉ် ၊ ပွဲစဉ် ၂၄ အဖြစ် ဇေယျာရွှေမြေလူငယ် အသင်းနှင့် ကစားရန်ရှိနေသော်လည်း ၂၃ ပွဲကစားပြီးချိန်တွင် ဒုတိယနေရာမှ ရတနာပုံအသင်းနှင့် ရမှတ် ခြောက်မှတ်ထိ အမှတ်ဖြတ်နိုင်ခဲ့သောကြောင့် ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက် လူငယ်အသင်းက ၂၃ ပွဲကစားပြီးတွင် ရမှတ် ၅၇ မှတ်ရထားပြီး ရတနာပုံအသင်းက ရမှတ် ၅၁ မှတ်ရရှိထားသည်။ ကျင်းပလျက်ရှိနေသော ၂၀၁၅ မြန်မာနေရှင် နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲမှာ အသက် ၂၁ နှစ်အောက် ကစားသမားများ ယှဉ်ပြိုင်ရသော ပြိုင်ပွဲ ဖြစ်ပြီး လာမည့် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်   လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲကိုမူ အသက် ၁၉ နှစ်အောက် လူငယ် ကစားသမားများသာ ဝင်ပြိုင်ရန် ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားသည်။ ' နံပါတ် ၁၂၊ ၂၀ ၊ ၁၇ ထူးခန့်လွင်၊ သူရိန်စိုးတို့အားလုံးက အသက် လွတ်တဲ့ ကစားသမားတွေပါ။

အသက် လွတ်တဲ့ ကစားသမားကိုးယောက်ထိ အလွတ်ရှိတယ်။ ရှာလို့ရှိရင် ၁၅ ယောက်လောက် ရှာရင် ကျွန်တော်တို့က အဆင်ပြေမှာပါ။ သူများအသင်းတွေ ဖရိုဖရဲဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့က မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ အရင်ထဲက အကယ်ဒမီ၊ လူငယ်အသင်းတွေ ၂၀၀၉ ကတည်းက ဖွဲ့စည်းထားတာပါ။

သူများတွေ ဖရိုဖရဲဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ ဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ နောက်နှစ်မှာ ဘယ်သူ့ကို တာဝန်ပေးမလဲ။ တာဝန်ပေးမယ့် အချိန်တွက်တဲ့အခါ အစီအစဉ်ချမှာပါ။ တာဝန်ပေးတဲ့လူရယ် အဖွဲ့အစည်းတွေ ညှိနှိုင်းပြီး လူရွေးပွဲ သို့မဟုတ် လူရှာမယ်။ အဲဒါလုပ်ပါမယ်'ဟု ရန်ကုန်လူငယ်အသင်း နည်းပြချုပ် ဦးအေးနိုင်က မဇ္ဈိမသို့ ပြောသည်။

 ရန်ကုန်လူငယ်အသင်းသည် ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သည့် အသက် ၁၉ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ် ပေးဘောလုံးပြိုင်ပွဲတွင်လည်း ချန်ပီယံဖြစ်ခဲ့သလို ၂၀၁၅ ခုနှစ် အသက် ၂၁ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ် အမှတ်ပေးဘောလုံးပြိုင်ပွဲတွင်လည်း ထပ်မံချန်ပီယံဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required